
ဘားအံ ဇူလိုင် ၂၅
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ (၁၀/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေးခန်းမ(၁)၌ ကျင်းပသည်။
ကာကွယ်ဆေး ထိုးနှံရန်
အစည်းအဝေးတွင် ကရင် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးက အောက်ခြေတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းများကို ပြောရေးဆိုခွင့် ရှိသူများမှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ သတင်းအမှန်များကို ထုတ်ပြန်ပေးသွားရန် လိုကြောင်း၊ အချို့မှာ အွန်လိုင်းပေါ်မှ ရရှိသည့် အကြောင်းအရာများ ဖြစ်ပြီး သတင်းရင်းမြစ် ခိုင်မာမှု၊ တိကျ မှန်ကန်မှုမရှိသည့်အပြင် ပြည်သူ များအတွက် တိကျမှန်ကန်သည့် အခြေအနေမှန် သတင်းများကို ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်အိုးများ သိုလှောင် ၍ စီးပွားရေးအရ၊ နိုင်ငံရေးအရ အမြတ်ထုတ်နေ သူများရှိ၍ ကြပ်မတ်စစ်ဆေးကာ အရေးကြီး ကုန်စည်များ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအခါ ကာကွယ်ဆေးအသစ်များ ရောက်ရှိနေကာ ဦးစားပေးအလိုက် ထိုးနှံပေးသွားနိုင်ရေး ကြိုတင် စီမံဆောင်ရွက် ထားကြရန်လို ကြောင်း၊ အမျိုးသားရေးဖြစ်သည့် အတွက် နိုင်ငံရေးပါတီများ၊ အစိုးရ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ စသည်ဖြင့် အဖြူအမည်း မခွဲခြား ဘဲ မည်သူမဆို ပါဝင်ကူညီ ဆောင်ရွက်နိုင်ကြောင်း ပြော သည်။
အောက်ဆီဂျင် ရရှိရေး
ထို့နောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီတွဲဖက် အတွင်းရေးမှူး ဦးကျော်စိုး၊ အဖွဲ့ဝင် ဦးစိုးလွင်တို့က အမှန် တကယ် လိုအပ်သူများထံ အောက်ဆီဂျင် အမြန်ဆုံးရောက်ရှိ ရေးနှင့် မလိုအပ်သူများထံ ရှိမနေ စေရေး၊ သက်ဆိုင်ရာ ရပ်/ကျေး ကိုဗစ်စင်တာများကို စစ်ဆေးခြင်း နှင့် ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေးတို့ကို ဆွေးနွေးတင်ပြခဲ့ ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူး များက ဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်ပြင်ဆင်ထားမှု၊ ကိုဗစ် စင်တာများ တိုးချဲ့ဆောင်ရွက်နေမှု၊ သင်တန်းဖွင့်လှစ်နိုင်မှုနှင့် လက်စွဲ စာအုပ်များ ဖြန့်ဝေပေးနိုင်မှုတို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ကိုဗစ်ကာကွယ် ထိန်းချုပ်ကုသရေးတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်နေသော လူမှု ကူညီရေးအသင်းအဖွဲ့များ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေ များ၊ အခက်အခဲများ၊ လိုအပ်ချက် များ၊ ကူညီဖြည့်ဆည်းပေးစေ လိုသည်များ၊ ဝါတွင်းကာလ ဘုန်းကြီးကျောင်းများတွင် ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး ကြိုတင်စီမံဆောင်ရွက်ချက်များ၊ ရေဘေး ကြိုတင်ကာကွယ်ရေး စီမံချက်များအား ဆွေးနွေးတင်ပြ ကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)