
နေပြည်တော် ဇူလိုင် ၂၅
ကိုဗစ် - ၁၉ ကာကွယ်ဆေး၏ အာနိသင်သည် အကျိုးရှိထိရောက်သည့် အတွက် ကမ္ဘာ့နိုင်ငံကြီးများတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်လျက်ရှိသလို မြန်မာနိုင်ငံတွင်လည်း ဦးတည် လူအုပ်စုများသတ်မှတ်၍ မကြာမီ အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ သိရသည်။
“ယခင်ကာကွယ်ဆေးထိုးဖို့ ရေးဆွဲထားတဲ့ စီမံချက်အပေါ် ခေတ်ကာလနဲ့အညီ အနည်းငယ်ပြုပြင်ပြီး ထိုးနှံပေးသွားမှာဖြစ်ပါ တယ်။ နံပါတ်တစ် ဦးတည်အုပ်စုက ကျန်းမာရေးဝန်ထမ်းတွေ၊ နိုင်ငံ ဝန်ထမ်းတွေ၊ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမှာ တာဝန်ထမ်းဆောင် နေသူတွေ၊ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် မဖြစ်မနေ ဆောင်ရွက်နေရတဲ့ (လမ်းပန်းဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား) အုပ်စုတွေက ဦးစားပေး အုပ်စုထဲမှာပါပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ထို့ပြင် ရောဂါဖြစ်ပွားမှုများပြားနိုင်သည့် ဒေသအလိုက် ရောဂါ ဖြစ်ပွားလာပါက အသက်အန္တရာယ်ရှိနိုင်သည့် အသက် ၆၀ နှစ် နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ရောဂါအခံရှိသူများကို ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး ဦးတည်အုပ်စုအလိုက်၊ ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
“ဦးတည်အုပ်စုအားလုံးကို ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး အသုတ်လိုက်၊ အဆင့်အလိုက်၊ အပိုင်းအလိုက် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ဦးတည်အုပ်စုတွေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးဖို့ လမ်းညွှန်ချက်တွေနဲ့အညီ ဖြစ်မြောက် အောင် ဆောင်ရွက်နေပါတယ်။ ဒါက ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းကောင်းတွေပါ။ မိဘပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံ ပေးမယ့် အစီအစဉ်မှာ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထက်လျှံ