
ရန်ကုန် ဇူလိုင် ၂၃
မြန်မာနိုင်ငံမှ၀ယ်ယူသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ယနေ့ည ၇ နာရီတွင် လေကြောင်းခရီးဖြင့် ထပ်မံရောက်ရှိကြောင်း သိရသည်။
ယနေ့ရောက်ရှိသည့်ဆေးများတွင် မြန်မာနိုင်ငံမှ ဝယ်ယူသည့် Sinovac ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး တစ်သန်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinopharm ၅၂၈၀၀၀ နှင့် ဆေးထိုးအပ် ၆၀၈၀၀၀ တို့ပါဝင်ကာ Air China လေကြောင်းလိုင်းဖြင့် ပေကျင်း လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သယ်ဆောင်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့သို့ ယနေ့ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လူဦးရေ၊ ရောဂါ ဖြစ်ပွားမှုအပေါ်မူတည်၍ ပြည်သူ့ဆေးရုံများနှင့် ကာကွယ်ဆေးထိုးစုရပ်များတွင် National Deployment Plan အရ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သန်း အနက် Sinopham ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Dose ၇၃၆၀၀၀ နှင့် ဆက်စပ် ပစ္စည်းများမှာ ပထမအကြိမ်အဖြစ် ဇူလိုင် ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း နှင့် ဇူလိုင် ၂၄ ရက်တွင်လည်း ဆက်လက်ရောက်ရှိ မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်