တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများရောက်ရှိ

နေပြည်တော်   ဇူလိုင်  ၂၂ 


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့်  Sinopharm ကုမ္ပဏီထုတ် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး Dose (၇၃၆,၀၀၀) နှင့် ဆက်စပ်ပစ္စည်းများ ယနေ့ညပိုင်းတွင်    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  Air China လေကြောင်းလိုင်းဖြင့် ရောက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်ခိုင်ဝင်းမှ video conferencing စနစ်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးထံမှ လွှဲပြောင်းလက်ခံရယူသည်။


ယင်းနောက်  မြန်မာနိုင်ငံဆိုင်ရာ   တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက  ယခုကဲ့သို့ ကိုဗစ်- ၁၉  ရောဂါကာကွယ်ဆေးများ လှူဒါန်းခြင်းသည် တရုတ်- မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမ ကူညီ သည့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ပေါ်လွင်စေပြီး ထိရောက်မှုရှိသော ကပ်ရောဂါကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊   တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ “ပြည်သူသည်သာအဓိက၊    အသက်သည်သာ   အဓိက”    ဟူသည့် ကပ်ရောဂါတိုက်ဖျက်ရေး သဘောအရ မြန်မာပြည်သူများ လက်ရှိခံစား နေရသော ပြင်းထန်သော ကပ်ရောဂါအခြေအနေ တိုက်ဖျက်ရန်အတွက် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ထုတ်လုပ်သည့် စက် (Oxygen Concentrator) စသည့်  အရေးပေါ်ပစ္စည်းများ လျင်မြန်စွာထောက်ပံ့ ပေးနိုင်ရန် ယူနန်ပြည်နယ်မှတစ်ဆင့် အထူးလမ်းကြောင်း သီးသန့် ဖွင့်လှစ်ပေးထားပါကြောင်း။



လတ်တလောတွင် ကပ်ရောဂါနှင့်ပတ်သက်သော  ကုသရေးပစ္စည်း များဖြစ်သည့် အသက်ရှူစက် (Ventilator)၊ အောက်ဆီဂျင်ထုတ်လုပ် သည့်စက်(Oxygen   Concentrator)၊   အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုး၊ နှာခေါင်းစည်း စသည့် မြန်မာနိုင်ငံမှ အရေးပေါ်လိုအပ် လျက်ရှိသောပစ္စည်းများကို   တရုတ်နိုင်ငံမှ  ပို့ဆောင်လျက်ရှိကြောင်း၊ လတ်တလောတွင် တရုတ်- မြန်မာနယ်စပ်၌ အတည်ပြုလူနာသစ်များ တိုးပွားလျက်ရှိရာ တရုတ်- မြန်မာနှစ်နိုင်ငံ ပူးတွဲထိန်းချုပ်ရေးလုပ်ငန်း များ အင်တိုက်အားတိုက်ဖော်ဆောင်လျက်ရှိပါကြောင်း၊ ယခုအခွင့်အခါ ကြုံခိုက်   ပြည်ထောင်စုဝန်ကြီးနှင့်တကွ   ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်း၌   တိုက်ပွဲဝင်လျက်ရှိသော   ကျန်းမာရေးဝန်ထမ်းများအား လေးစားကြောင်းကို ဖော်ပြလိုပါကြောင်း၊ ကပ်ရောဂါတိုက်ဖျက်ရေးဆောင်ရွက်မှုအား   စဉ်ဆက်မပြတ်  ပူးပေါင်းဆောင်ရွက်၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအား     ထောက်ခံအားပေးကူညီမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်


ဆက်လက်၍     ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ  ဦးဆောင်မှုဖြင့်   နိုင်ငံသူ၊ နိုင်ငံသားများအား ကိုဗစ်- ၁၉ ရောဂါကူးစက်မှု   ဟန့်တားနိုင်ရန်  ကာကွယ်ဆေးများအား အချိန်နှင့် တစ်ပြေးညီ  ထိုးပေးနိုင်ရေးအတွက်  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  လှူဒါန်းပေးအပ်သည့် ကာကွယ်ဆေးများအား လက်ခံရရှိသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်    နိုင်ငံသားများအား    ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ လှူဒါန်းမှု ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ပမာဏ (၅)သိန်းအား (၂၀၂၁)ခုနှစ်၊ ဧပြီလတွင်  လက်ခံရရှိခဲ့ပြီး ယခု ထပ်မံရောက်ရှိလာသော   ကာကွယ်ဆေးများဖြင့်    မြန်မာနိုင်ငံ၏ ကိုဗစ်- ၁၉ ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များအား အားဖြည့် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံရှိ ပြည်သူလူထုအားလုံး ဆင်းရဲချမ်းသာလူမျိုးဘာသာမခွဲခြားဘဲ ကာကွယ် ဆေးကို တတ်နိုင်သမျှ အလျင်အမြန်ရရှိရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် လူဦးရေ၊ ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ပြည်သူ့ဆေးရုံများနှင့်   ကာကွယ်ဆေးထိုးစုရပ်များတွင်    National Deployment Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း။


 တရုတ်-  မြန်မာနှစ်နိုင်ငံ   နယ်စပ်ဒေသ   ကုန်သွယ်စီးဆင်းမှု အောင်မြင်ရေးအတွက် နယ်စပ်ဒေသရှိ ပြည်သူများအား ဦးစားပေးထိုးနှံ ပေးသွားမည်ဖြစ်ပါကြောင်း၊ လာမည့်ကာလများတွင် တရုတ်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရှိစွာဖြင့် ဆက်လက်၍ လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကျေးဇူးတင်စကား ပြောကြားသည်။


နှစ်နိုင်ငံအပြန်အလှန် လက်မှတ်ရေးထိုး


ထို့နောက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး လွှဲပြောင်းလက်ခံသည့် မှတ်တမ်းအား နှစ်နိုင်ငံအပြန်အလှန် လက်မှတ်ရေးထိုးကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ    ဒုတိယအသုတ်   လှူဒါန်းသည့် ကာကွယ်ဆေး Dose (၂)သန်းနှင့် ဆက်စပ်ပစ္စည်းများသည် ဇူလိုင် (၂၂)၊ (၂၃) နှင့် (၂၄)ရက်နေ့များတွင် (၃)ကြိမ်ခွဲ၍ ရောက်ရှိမည်ဖြစ်ပြီး ဝယ်ယူထားသည့်   ကာကွယ်ဆေး Dose (၄) သန်းမှာ     ဇူလိုင်လ နှင့် ဩဂုတ်လများအတွင်း         ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း    သိရ သည်။ 


သတင်းစဉ်