
နေပြည်တော် ဇူလိုင် ၂၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စနစ်တကျဆောင်ရွက်နိုင်ရန် အီလက်ထရွန်နစ် မှတ်ပုံ တင်ခြင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၆ ရက်နှင့် ၂၀ ရက်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
ဦးစားပေးအုပ်စုများ သတ်မှတ်
အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်မှု ပြတ်တောက်စေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသည့် လူဦးရေ ၁ ဒသမ ၇၅ သန်းကို အီလက်ထရွန်နစ်စနစ်သုံး Vaccine Management Information System သို့ ထည့်သွင်းထားရှိရမည်ဖြစ်ပြီး၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများ နောက်တစ်ကြိမ် ထပ်မံ မထိုးနှံရေး ဂရုစိုက်သွားရမည်ဖြစ်ပါကြောင်း၊ ရရှိ လာမည့် ကာကွယ်ဆေးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း၊ ကူးစက်မှုဖြတ်တောက်ခြင်းနှင့် ရောဂါကြောင့် သေဆုံးမှုလျှော့ချခြင်းတို့အတွက် အကျိုးရှိစွာအသုံးပြုရမည် ဖြစ်ပါကြောင်း၊ ကာကွယ် ဆေးထိုးနှံပေးရန်အတွက် ဦးစားပေးအုပ်စုများ သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း။
အဆိုပါ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် အီလက်ထရွန်နစ်နည်းပညာ ကို အသုံးပြု၍ အချက်အလက်ကောက်ယူခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း ကတ်ပြားထုတ်ပေးခြင်း၊ ဆေးထိုးစုရပ်တွင် mobile tablet များအသုံးပြု၍ မှတ်တမ်းကတ်ပြားကို Scan ပြုလုပ်ခြင်း၊ ကာကွယ် ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံခြင်း များကို နည်းပညာအသုံးပြု၍ စနစ်တကျ စာရင်း သွင်းခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်မှ နည်းပညာ ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး မည်ဖြစ်သောကြောင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရမည့် ဦးစားပေးအုပ်စု အလိုက် စနစ်တကျ စာရင်းကောက်ခံနိုင်ရန်နှင့် ကောက်ခံထားသည့် စာရင်းအပေါ်မူတည်၍ မြို့နယ် အသီးသီးရှိ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း စနစ်တကျဆောင်ရွက်နိုင်ရန် အီလက်ထရွန်နစ်မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင် ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရမည့်သူ များ ဆေးထိုးရမည့် ရက်ချိန်းမတိုင်မီ ကြိုတင်၍ QR code ပါဝင်သော ဆေးထိုးမှတ်တမ်းကတ်ပြားများ ဆေးထိုးစုရပ်အလိုက် ကြိုတင်ဝေငှပေးသွားနိုင်ရေး နှင့် အသုံးပြုသူလွယ်ကူစေရေး၊ အချိန်ကုန်သက်သာ စေရေးတို့ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွား ရန် ပြောကြားသည်။
ပြန်လည်ဆွေးနွေး
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ အီလက်ထရွန်နစ်နည်းပညာသုံး ကာကွယ် ဆေးထိုးမှတ်တမ်းကတ်ပြားအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြပြီး နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်း များကို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် မန်နေဂျာတို့က ဆွေးနွေးတင်ပြကြသည်။ တပ်မတော်မှနည်းပညာဆိုင်ရာ တာဝန်ရှိသူများက ကူညီပံ့ပိုးပေးနိုင်မည့်လုပ်ငန်းများ၊ ကိစ္စရပ်များ နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်