ရေနံချောင်းမြို့၌ တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံအတွက် ဆင်းရဲနွမ်းပါးသူတစ်ဦး၏ မွန်မြတ်သည့် အလှူဒါန

မကွေး  ဇူလိုင်  ၁၉


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ  တတိယလှိုင်းကြောင့်  ရောဂါပိုး ကူးစက်မှုနှုန်းမြင့်မားလာသလို  အောက်ဆီဂျင်လိုအပ်ချက်များလည်း များပြားလာသည်နှင့်အမျှ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများသို့ တပ်မတော်နှင့် စေတနာရှင်ပြည်သူများက အောက်ဆီဂျင်လိုအပ်မှုများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေး နိုင်ရန်   ကြိုးစားဆောင်ရွက်လျက်ရှိရာ  ရေနံချောင်းမြို့နယ်တွင်လည်း   ငွေကျပ်သိန်း ၈၀၀ ခန့် ကုန်ကျမည့်  အောက်ဆီဂျင်စက်ရုံတည်ဆောက် နိုင်ရေးအတွက် ကော်မတီဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ယနေ့အချိန်အထိ စေတနာရှင်၊ အလှူရှင်များက  ဆက်သွယ် လှူဒါန်းငွေကျပ် သိန်း ၄၀၀ ကျော်ခန့်ရရှိပြီးဖြစ်ကြောင်း၊  စက်ရုံတည် ဆောက်ပြီးစီးပါက တစ်နေ့လျှင် လီတာ ၄၀ ဆံ့ အိုးကြီး အလုံး ၄၀ ခန့် ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း   အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။ 


ရေနံချောင်းမြို့မှ တွန်းလှည်းတစ်စီးဖြင့် လမ်းဘေးတွင် နေထိုင် သည့်   မသန်စွမ်းအမျိုးသားတစ်ဦးက  အောက်ဆီဂျင်စက်ရုံတည် ဆောက်နိုင်ရေးအတွက် အလှူငွေကျပ်သုံးသောင်းကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါအမျိုးသားသည် ရေနံချောင်းမြို့ လမ်းမများတွင်  နေထိုင်၍  အများပြည်သူ၏  စွန့်ကြဲပေးကမ်းမှုဖြင့် ဘဝရပ်တည်နေထိုင်သူဖြစ်ပြီး   ၎င်းထံလှူဒါန်းပေးကမ်းကြသည့် ငွေများကိုစုစည်းကာ ပြန်လည်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း  လူမှု ကွန်ရက်သတင်းများအရ  သိရသည်။ 


ဆင်းရဲနွမ်းပါးပြီး မသန်စွမ်းသူတစ်ဦးဖြစ်သော်လည်း ယခုအချိန် တွင် လိုအပ်နေသည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ကာလဒါနအနေဖြင့်  လှူဒါန်းမှုသည်  မွန်မြတ်လှသည့်အလှူဖြစ်၍ စေတနာရှင် အလှူရှင်ပြည်သူများအနေဖြင့်လည်း  ယခုအချိန်အခါတွင် နေရာဒေသမရွေး လိုအပ်နေသော အောက်ဆီဂျင်စက်ရုံတည်ဆောက် ရေးနှင့် ဝယ်ယူရေးအတွက် မိမိတို့၏ ရပ်ရွာပြည်သူ့အကျိုးအတွက် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။


သတင်းစဉ်