
နေပြည်တော် ဇူလိုင် ၁၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်သည် တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထဲရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေး မှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား Video Conferencing စနစ်ဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဆွေးနွေး မှာကြားသည်။
အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီးက ဇူလိုင် ၁၈ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးမှ လမ်းညွှန်ချက် များကို အသေးစိတ်မှာကြား ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေး သို့ တက်ရောက်ကြသူများက မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Stay at Home သတ်မှတ်ထားရှိသော မြို့နယ်များ အခြေအနေ၊ အောက်ဆီဂျင် ရရှိဖြန့်ဖြူးမှု အခြေအနေနှင့် ထပ်မံလိုအပ်မှု အခြေအနေ၊ ကုသပေးနေသည့် ဆေးရုံများရှိ လူနာဝင်ဆံ့မှုများ နှင့် ကုသရေးစင်တာ၊ စောင့်ကြည့် ရေးစင်တာများ ကြိုတင်ပြင်ဆင် လျာထား ဆောင်ရွက်နေမှု၊ နယ်စပ်ဒေသ ဝင်/ထွက် ပေါက် များမှ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ ကြန့်ကြာမှု မရှိဘဲ အချိန်နှင့်တစ်ပြေးညီ သယ်ဆောင်နိုင်ရေး၊ မသမာသူ များ၏ ဈေးတင်ရောင်းချမှုများ ကြောင့် ဆေးဝါးနှင့် အစားအစာ များ ဈေးတက်လာမှုအခြေအနေ များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်၍ ထိန်းချုပ်နိုင်ရေး၊ ဆိုရှယ်မီဒီယာများတွင် မဟုတ် မမှန်သော သတင်းများ၊ လူထု အထိတ်တလန့် ဖြစ်စေနိုင်သည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီ သတင်းမှန် ပြန်ကြား ပေးရေး၊ နိုင်ငံတော်မှ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် တစ် ဆက်တည်း ရုံးပိတ်ရက်ကိုးရက် သတ်မှတ်ပေးထားရာ Stay at Home သတ်မှတ်ချက်များနှင့် အညီ လိုက်နာရေး၊ Volunteer လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်နိုင်ရေး၊ လူထုအတွက် အသိပညာပေး ကာလ ကျော်လွန်သွားပြီးဖြစ် သဖြင့် ရောဂါကူးစက်မှုကို တိုးပွားလာစေမည့် အခြေအနေ များကို သတ်မှတ်ထားရှိသည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ဒေသန္တရ ညွှန် ကြားချက်များနှင့်အညီ တိတိ ကျကျ အရေးယူနိုင်ရေးကိစ္စများ နှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်း စပ်ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက် ပေးခဲ့သည်။ သတင်းစဉ်