ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော်   ဇူလိုင်   ၁၆ 


ကိုဗစ်ကြောင့်   ဖြစ်ပေါ်လာနိုင်သည့်  စီးပွားရေး သက်ရောက်မှုများအပေါ်    ကုစားရေးလုပ်ငန်း ကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌  ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။


တက်ရောက်


အစည်းအဝေးသို့    လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ    ဒုတိယဥက္ကဋ္ဌနှင့် အမြဲတမ်းအတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ် များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။


အစည်းအဝေးတွင်  ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးနှင့် ပတ်သက်သည့် ပစ္စည်းများ တင်သွင်းမှုချောမွေ့စေရေး၊ ရုံးပိတ်ရက်ကာလများ အတွင်း    အဆိုပါပစ္စည်းများ   တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု      မဖြစ်ပေါ်စေရေးအတွက် ဌာနအလိုက် လုပ်ထုံးလုပ်နည်းဆိုင်ရာများ  ကြိုတင် ညှိနှိုင်းရေး၊ စားကုန်ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးကြသည်။


ယင်းနောက်    လုပ်ငန်းကော်မတီဥက္ကဋ္ဌက COVID-19 Fund မှ ထုတ်ချေးပေးသည့် ချေးငွေများ အပေါ်   တိုင်းဒေသကြီး/ပြည်နယ်    ချေးငွေစိစစ် ကြပ်မတ်ရေးအဖွဲ့များက    စိစစ်တွေ့ရှိမှုများနှင့် ပတ်သက်၍လည်းကောင်း၊   ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအသီးသီးက တင်ပြလာမှုများ အပေါ် လုပ်ငန်းကော်မတီက ဆက်လက်ဆောင်ရွက် ပေးခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်း ကောင်း၊  မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့လာ စေရေးစီမံချက် (Myanmar Economic Recovery Plan-MERP)(မူကြမ်း)ကို သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲ လျက်ရှိသည့်  အခြေအနေနှင့်  ပတ်သက်၍လည်း ကောင်း၊ လတ်တလောကာလတွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မမှန်ကန်သည့် သတင်းများ လူမှုကွန်ရက်များတွင်ဖြန့်ဝေပြီး လူထုစိတ်မသက် မသာဖြစ်စေရေးနှင့် ချောက်ချားစေရန် ဆောင်ရွက် နေမှုများအပေါ်   ဝန်ကြီးဌာနအလိုက် သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရေးနှင့် ပတ်သက် ၍လည်းကောင်း ဆွေးနွေးပြောကြားသည်။


ဆွေးနွေး


ဆက်လက်၍    အစည်းအဝေးတက်ရောက် လာကြသူများက   ကိုဗစ်-၁၉  ကြောင့်  စီးပွားရေး သက်ရောက်မှုများ  ကုစားရေးအတွက် ဝန်ကြီးဌာန အလိုက်     ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်       လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများက ပြန်လည်တင်ပြလာသည့် အချက်များနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။                        

 

    သတင်းစဉ်