
နိုင်ငံတစ်ဝန်း ကိုဗစ်−၁၉ ရောဂါတတိယလှိုင်း ပြန်လည်ဖြစ်ပွား လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ် ၇၄ မြို့နယ်ကို Stay at Home အဖြစ် သတ်မှတ်ထားသည်။ ကိုဗစ်−၁၉ ရောဂါ ပြန်လည် ဖြစ်ပွားမှု၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနှင့် ဆက်သွယ်မေးမြန်းထားသည် များကို ပြည်သူများသိရှိနိုင်ရန် ဖော်ပြလိုက်ရပါသည်။
မေး ။ ။ အခုတတိယလှိုင်းမှာ ဖြစ်ပွားမှုနှုန်း များလာတဲ့အပေါ် ဝန်ကြီးဌာနအနေနဲ့ ကာကွယ်ထိန်းချုပ်နိုင်အောင် ဘယ်လို ဆောင်ရွက်သွားမယ်ဆိုတဲ့ အစီအစဉ်တွေကို ပထမဆုံး သိရှိပါရစေ။
ဖြေ ။ ။ ကိုဗစ်−၁၉ ရောဂါဖြစ်ပွားမှုက နေ့စဉ်မြင့်တက်နေပါတယ်။
စစ်ဆေးနိုင်မှုတွေများလာတာနဲ့ တစ်ပြိုင်တည်းမှာ ပိုးတွေ့လူနာလည်း တက်လာပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် ပိုးတွေ့မှုအများဆုံးကို ကြည့်မယ်ဆိုရင် ဇူလိုင်လ ပထမ နှစ်ပတ်အတွင်း ပဲခူးတိုင်းဒေသကြီးကတော့ ပိုးတွေ့မှု အများဆုံး၊ ဒုတိယက ရန်ကုန်တိုင်းဒေသကြီး၊ တတိယက ဧရာဝတီတိုင်းဒေသကြီးနဲ့ စတုတ္ထက စစ်ကိုင်းတိုင်းဒေသကြီးပါ။
အခုလက်ရှိအနေအထားအရ လောက်ကိုင်ကတော့ ပိုးတွေ့လူနာ အများဆုံး၊ ဒုတိယကတော့ ပုသိမ်၊ တတိယကတော့ မင်္ဂလာဒုံမြို့နယ် ဖြစ်ပါတယ်။ ဒီလို ပိုးတွေ့မှုမြင့်တက်လာတာနဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးကိုလည်း ပိုပြီးတင်းတင်းကျပ်ကျပ် ဆောင်ရွက်လာရ ပါတယ်။
ဒီနေရာမှာ ပိုးတွေ့တဲ့သူ သံသယလက္ခဏာရှိပြီဆိုတာနဲ့ ကိုယ်နေထိုင်ရာ ဒေသန္တရ မြို့နယ်ကျန်းမာရေးဌာနကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ အဲဒီကို ဆက်သွယ်လိုက်ရင် ဘယ်မှာသွားပြီးတော့ စစ်ဆေးရမလဲဆိုတာကို ပြောမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မှာ စစ်ဆေးနိုင်တဲ့ နေရာ ၉ နေရာ၊ အနောက်ပိုင်းခရိုင်မှာ ၆ နေရာ၊ တောင်ပိုင်းခရိုင်မှာ ၉ နေရာ၊ ရန်ကုန်မြောက်ပိုင်းခရိုင်မှာ ၈ နေရာမှာ စစ်ဆေးနိုင်အောင် လုပ်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စုစုပေါင်း စစ်ဆေးနိုင်တဲ့နေရာ ၃၂ နေရာရှိပါတယ်။ ပြီးတော့ လမ်းမတော်၊ လသာ၊ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့ထဲမှာ ဆိုရင် မြို့နယ်ကျန်းမာရေးဌာနရုံးက နေရာအခက်အခဲရှိတဲ့အတွက် ကြောင့် သူနာပြုတက္ကသိုလ်ရန်ကုန်မှာ သက်ဆိုင်ရာ မြို့နယ်ကျန်းမာ ရေးမှူး ထောက်ခံချက်နဲ့ ကိုဗစ် သံသယလက္ခဏာ ရှိတဲ့သူတွေ၊ စစ်ဆေးချင်တဲ့သူတွေကို စစ်ဆေးပေးတာတွေရှိပါတယ်။ ပိုးမတွေ့ဘူး ဆိုရင်တော့ အိမ်မှာပဲ Home Quarantine နေဖို့အတွက် ဆက်လက် ညွှန်ကြားပါတယ်။
Positive ဆိုရင်တော့ လူနာရဲ့ ကျန်းမာရေးအခြေအနေအပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ ကိုဗစ်စင်တာတွေကို ညွှန်းပို့မှာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာပြင်းထန်ရင်တော့ ဆေးရုံကြီးတွေကို ချက်ချင်းလွှဲပြောင်းပြီးတော့ ကုသပေးမယ်။ ဒီလိုနည်းအားဖြင့် ဆောင်ရွက်ပါတယ်။
ရန်ကုန်တိုင်းမှာဆိုရင် Treatment Center တွေ တိုးချဲ့ဆောင်ရွက် နေတာတွေရှိပါတယ်။ ရိုးမရိပ်သာဆိုရင် လူနာ ၁၉၂၀ ရရှိနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်။ ဇူလိုင် ၁ ရက်နေ့က ဖွင့်လှစ်တာဖြစ်တယ်၊ လူ ၁၀၀၀ စာကတော့ အဆင်သင့်ဖြစ်နေပါတယ်။ အခုပြောတဲ့ဟာတွေ ကတော့ ကုသရေးစင်တာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာ မဆိုးတဲ့သူတွေကိုကုဖို့ လှိုင်စင်တာမှာ လူ ၅၀၀၊ အသင့်အတင့် ရောဂါလက္ခဏာရှိတဲ့သူတွေကုဖို့ အင်းယားစင်တာမှာ လူ ၅၀၀ အောက်ဆီဂျင်ကိုလည်း ခုတင် ၁၀၀ စာအတွက် ပြင်ဆင်ထားပါတယ်။ MCC မှာလည်း ရောဂါလက္ခဏာ မဆိုးတဲ့လူတွေ အသင့်အတင့်ရှိတဲ့ လူတွေထားတာ ဖြစ်ပါတယ်။ ကိုဗစ်လူနာ Positive သုံးထောင်ကျော် ထားဖို့ ပြင်ထားပါတယ်။ အခုနောက်ပိုင်းမှာ ထပ်တိုးချဲ့တာနဲ့ဆိုရင် ကိုဗစ်လူနာတွေ လေးထောင်ကျော်အတွက် ပြင်ဆင်ထားပါတယ်။
သက်ဆိုင်ရာ မြို့နယ် ကိုဗစ်ကော်မတီကြီးကြပ်မှုနဲ့ Quarantine Centre တွေ လုပ်ထားတာတွေရှိပါတယ်။ ဒီနေရာမှာ ပြည်သူတွေ သိရမှာက Quarantine Centre ဆိုဟာ ရောဂါပိုးတွေ့ရှိတဲ့သူတွေနဲ့ ထိတွေ့မှုရှိနိုင်တဲ့အတွက်ကြောင့် ထားတာဖြစ်ပါတယ်။ သူတို့ဟာ ရောဂါပိုးရှိနေနိုင်တယ်လို့ ယူဆပြီးတော့ သူတို့ကို စစ်ဆေးမယ်၊ စစ်ဆေးလို့ ပိုးမတွေ့လည်း လိုအပ်ချက်အရ Quarantine Centre မှာ သတ်မှတ်ရက်အတိုင်း ထားရှိရတာ ဖြစ်ပါတယ်။ ဒါကို ပိုးတွေ့လူနာနဲ့ မရောထွေးစေချင်ပါဘူး။
မေး ။ ။ ကိုဗစ် ကူးစက်မှုဟာ လျင်မြန်တဲ့အတွက် Double Mask တပ်ဖို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း အသိပညာမျှဝေ ပေးစေလိုပါတယ်။
ဖြေ ။ ။ Double Mask တပ်ဖို့ တချို့နေရာတွေမှာ နှိုးဆော်တာတွေ လည်း ရှိပါတယ်။ အဓိကကတော့ ကိုဗစ်−၁၉ ကာကွယ် ထိန်းချုပ်ဖို့ဆိုတာ နည်းလမ်းပေါင်းစုံရှိပါတယ်။ အဲဒီထဲမှာမှ Mask တပ်တယ်ဆိုတာကတော့ ကိုဗစ်−၁၉ ကာကွယ်ဖို့ အချက်တွေထဲက တစ်ချက်ဖြစ်တယ်။ Mask တပ်ရုံနဲ့ မလုံလောက်ဘူး။ လက်ကို သန့်ရှင်းအောင်ထားမယ်၊ လက်ကို မကြာခဏဆေးမယ်၊ လူစုလူဝေး ရှောင်မယ်၊ တစ်ယောက်နဲ့တစ်ယောက် ဝေးဝေးနေမယ်၊ ချောင်းဆိုး၊ နှာချေ အုပ်ဆိုးမယ် ဒါတွေကို လိုက်နာရမှာဖြစ်ပါတယ်။ ဒါဟာ ပြည်သူ့ကျန်းမာရေး ရောဂါကူးစက်မှုကနေ ကာကွယ်လျှော့ချဖို့ အတွက် နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ Mask တွေက အဝတ် Mask ၊ Surgical Mask ၊ KN 95 ဆိုပြီး အမျိုးမျိုးရှိတယ်။
Double Mask တပ်တာ ကောင်းကျိုးနှစ်ချက်ရှိပါတယ်။ ပထမ အချက်အနေနဲ့ Double Mask တပ်လိုက်တဲ့အတွက် မျက်နှာနဲ့ Mask ဟာ အံဝင်ခွင်ကျဖြစ်တယ်။ ဒုတိယအချက်အနေနဲ့ နှစ်ထပ်တပ်လိုက်တဲ့ အတွက် ရောဂါပိုးမွှားတွေကို စစ်ထုတ်နိုင်စွမ်းပိုများပါတယ်။ နှစ်ထပ်တပ်ဖို့ CDC က ဘယ်လိုပြောထားသလဲဆိုတော့ Surgical Mask ကိုတပ်ပြီးတော့မှ အပေါ်မှ အဝတ် Mask ကို တပ်ပါလို့ ပြောထား ပါတယ်။ WHO အနေနဲ့ကတော့ နှစ်ထပ်တပ်ဖို့ကိစ္စကိုတော့ သေသေ ချာချာ ညွှန်းထားတာတော့ မရှိပါဘူး။ အမျိုးအစားတူတဲ့ Mask ကို နှစ်ထပ်တပ်လို့ မရပါဘူး။ KN 95 ၊ N 95 Mask တွေကို အခြား Mask တွေနဲ့ ရောတပ်လို့ မရပါဘူး။ သူတို့ကျတော့ တစ်ထပ်တည်းပဲ တပ်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တပ်မယ်ဆိုရင် အပြင်မထွက်ခင် ကိုယ့်အိမ်မှာ အရင် စမ်းပြီးတော့ တပ်ကြည့်ပါ။ ကိုယ်အသက်ရှူရတာ ကောင်းရဲ့လား၊ ကိုယ်အားစိုက်ပြီးတော့ အသက်ရှူနေရသလား စသဖြင့် စမ်းသပ်ဖို့ လိုပါတယ်။ Mask တစ်ထပ်တည်းတပ်ရုံနဲ့ ကာကွယ်မှု ကောင်းကောင်း ကြီး ရပါတယ်လို့ ပြောပါတယ်။
Double Mask ကို ဘယ်ချိန်မှာ တပ်လို့ရမလဲဆိုရင် ဈေးဝယ် ထွက်တဲ့အခါတွေမှာ တပ်သင့်ပါတယ်။ လူတွေနဲ့ အများကြီး ထိတွေ့မှု တွေ ဖြစ်နိုင်ပြီးတော့ အဲဒီလူတွေထဲမှာ ရောဂါပိုးရှိပြီးတော့ ရောဂါ လက္ခဏာမပြတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာ ရှိပြီးတော့ လျှောက်သွားတဲ့သူတွေလည်း ရှိတဲ့အတွက်ကြောင့်မို့ တပ်သင့်ပါတယ်။
နောက်တစ်ခါ ကိုယ်နေမကောင်းလို့ ဆရာဝန်သွားပြတဲ့ အခါမျိုး တွေ၊ လေယာဉ်၊ ရထား၊ ကားတို့နဲ့ သွားလာတဲ့အခါမှာ ဆိုရင်၊ အပြင် ထွက်မယ်ဆိုရင် တပ်သင့်ပါတယ်။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် နီးကပ်မှုရှိနေတဲ့ လုပ်ငန်းမျိုး၊ အလုပ်မျိုး၊ ဒီလို လုပ်ငန်းခွင် တွေဆို တပ်သင့်ပါတယ်။ အဓိကကတော့ လူတိုင်း Double Mask တပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး မဟုတ်ပါဘူး။ Mask တစ်ထပ်တည်း တပ်ရင် ရာခိုင်နှုန်း ၅၀ ကျော်နဲ့ ၆၀ အကြား ကာကွယ်တယ်။ Mask နှစ်ထပ်တပ်ရင် ၈၀ ရာခိုင်နှုန်းကျော် ကာကွယ်တယ် စသဖြင့် ဒါတွေက စမ်းသပ်မှုကနေ လုပ်ထားတာဖြစ်ပါတယ်။ Mask တစ်ထပ်ကိုပဲ သေသေချာချာ စနစ်တကျ သေချာတပ်မယ်ဆိုရင် ကာကွယ်မှု ရပါတယ်။
ကိုယ်က Mask နှစ်ထပ်တပ်ထားတယ်၊ လုံခြုံတာပဲဆိုပြီး ရောဂါပိုး ကူးစက်နိုင်တဲ့အခွင့်အလမ်းတွေကို လုပ်မိသလိုမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ Mask နှစ်ထပ်တပ်သင့်သလား ကိစ္စကတော့ နှစ်ထပ် တပ်ရင်တော့ ကောင်းပါတယ်၊ သို့သော် ပုံမှန်အားဖြင့် တစ်ထပ်တည်းနဲ့ လုံလောက်ပါတယ်။
မေး ။ ။ ကာကွယ်ဆေးအနေနဲ့ ရုရှားနဲ့ တရုတ်ကနေ ၇ သန်း ရောက်မယ်လို့ သိရှိရတဲ့အတွက် ပြည်သူတွေကို ဘယ်လို ထိုးနှံပေးသွားမယ်ဆိုတဲ့ အခြေအနေကိုလည်း သိပါရစေ။
ဖြေ ။ ။ စတုတ္ထအပတ်ထဲမှာ ကာကွယ်ဆေး ၁ သန်းရောက်ဖို့ ရှိပါတယ်။ နောက်လ ပထမပတ်မှာ ကာကွယ် ဆေး ၃ သန်း ရောက်ဖို့ ရှိပါတယ်။ စုစုပေါင်းအနေနဲ့ ကာကွယ်ဆေးက ရှေ့အပတ်နဲ့ လကုန်ပြီးတာနဲ့ ၄ သန်းလောက် ရဖို့ရှိပါတယ်။ သြဂုတ်လမကုန်ခင်မှာ နောက်ထပ် ၂ သန်း ထပ်ရောက်ဖို့လည်း ရှိပါတယ်။ ကျွန်မတို့ ဝယ်ထား တာ ၄ သန်းဖြစ်ပါတယ်။ နောက်ထပ် ၂ သန်းကတော့ လှူဒါန်းတာ ဖြစ်ပါတယ်။ သြဂုတ်လ ပထမပတ်နဲ့ မကုန်ခင်လောက်မှာတင် ၆ သန်း ရရှိနိုင်ဖွယ်ဖြစ်ပါတယ်။ ဒါဆိုရင်တော့ လူဦးရေ ၃ သန်းကို ကာကွယ်နိုင်မယ့် အာနိသင်ရမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေရလာပြီဆိုတာနဲ့ အမြန်ဆုံးထိုးနှံဖို့အတွက် လည်း အခုကတည်းက ကာကွယ်ဆေးတွေကို ဘယ်လိုလူတွေကို ထိုးနှံပေးမယ်။ ထိုးနှံပေးမယ့်သူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် မြို့နယ်အလိုက် ဘယ်လိုတွေ စာရင်းကောက်ယူမယ် စသည်ဖြင့် ဒါမျိုးတွေကအစ စီစဉ်ဆောင်ရွက်နေပါပြီ။
ဒီလိုဆောင်ရွက်တဲ့နေရာမှာ အိုင်တီနည်းပညာသုံးပြီး ဆောင်ရွက်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ကူးစက်ခံရမှုများနိုင်တဲ့သူတွေ၊ ကူးစက်ခံရရင် သေဆုံးနိုင်တဲ့အထိ ရောဂါပြင်းထန်တဲ့သူတွေ၊ အများနဲ့ ဆက်ဆံရတဲ့သူတွေကို ဦးစားပေးထိုးနှံမှာ ဖြစ်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ ဘဏ်တွေ၊ စက်ရုံအလုပ်ရုံတွေမှာလုပ်တဲ့ ဝန်ထမ်းတွေ သူတို့က အများနဲ့ ဆက်ဆံနေရတယ်။ အများနဲ့ဆက်ဆံ နေရတဲ့အတွက်ကြောင့် ဦးစားပေးထိုးနှံမယ်။
ဒါ့အပြင် ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍမှာ ဆောင်ရွက်နေတဲ့ ကျွန်မတို့ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သူတို့ကိုလည်း ဦးစားပေးထိုးမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကိုဗစ်ကာကွယ်ကုသရေးမှာ ပါဝင်ဆောင်ရွက်နေ ကြတဲ့ Volunteer တွေ၊ ဒါ့အပြင် ရောဂါဖြစ်ပွားလို့ရှိရင် အစုလိုက်အပြုံလိုက် ဖြစ်ပွားမှု ဖြစ်စေနိုင်တဲ့ အကျဉ်းထောင်တွေ၊ ဘိုးဘွားရိပ်သာတွေကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ယေဘုယျအားဖြင့် ပြောပြ တာပါ။ စနစ်တကျ ထိုးနှံပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
မေး ။ ။ မြန်မာနိုင်ငံသားတွေအတွက် ကာကွယ်ဆေးကို ဘယ်လို ရွေးချယ်တယ်ဆိုတာလဲ သိချင်ပါတယ်။
ဖြေ ။ ။ အချက် ၃ ချက်နဲ့ ကြည့်ပါတယ်။ ပထမအချက်ကတော့ WHO က အရေးပေါ် အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေး တွေလား၊ နံပါတ်နှစ်အချက်ကတော့ ထုတ်လုပ်တဲ့နိုင်ငံကနေ Food and Drug Administration ခွင့်ပြုထားတဲ့ ကာကွယ်ဆေးလား၊ နံပါတ်သုံးအနေနဲ့ကတော့ ထုတ်လုပ်တဲ့နိုင်ငံကနေ အရေးပေါ်အသုံးပြု ခွင့်ပေးထားတဲ့ ကာကွယ်ဆေးလား ဆိုတာပါ။ ဒီအချက် သုံးချက်မှာ တစ်ခုခုနဲ့ကိုက်ညီမှသာ မြန်မာနိုင်ငံက ပြည်သူတွေအတွက် အသုံးပြု တဲ့ ကာကွယ်ဆေးအဖြစ် ရွေးချယ်တာ ဖြစ်ပါတယ်။ လက်ရှိမှာ WHO က အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးကတော့ ၈ မျိုး ရှိပါတယ်။
ကာကွယ်ဆေးက လူ ၁၀၀ ထိုးရင် ၁၀၀ လုံးမှာ ကာကွယ်နိုင်မှု မရဘူးလား၊ ကာကွယ်နိုင်မှုမရပါဘူး၊ ဘယ်ကာကွယ်ဆေးမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်ဆိုတာ မရှိပါဘူး။ ဥပမာ နှစ်စဉ်ထိုးနေကျ ရာသီတုပ်ကွေး ကာကွယ်ဆေးဆိုရင် ၅၀ ရာခိုင်နှုန်းဝန်းကျင်ပဲ ကာကွယ်နိုင်ပါတယ်။ ဒါလေးကို သိဖို့လိုပါတယ်။
ကာကွယ်ဆေးထိုးထားတဲ့သူအနေနဲ့ ရောဂါပိုး ကူးစက်မခံရဘူးလား ဆိုရင် ကူးစက်ခံရနိုင်ပါတယ်။ သို့သော် ကူးစက်ခံရပေမယ့် ရောဂါ ပြင်းထန်စွာ မခံစားရခြင်း၊ ဆေးရုံတက်ရောက်ရခြင်းတွေကနေ ရှောင်လွှဲနိုင်တယ်။ သေဆုံးမှုအထိ မဖြစ်နိုင်ပါဘူး။
ဒါနဲ့ပတ်သက်လို့ WHO ကနေ အချက် ၄ ချက်နဲ့ ပြောထားပါတယ်။ အခုလက်ရှိမှာ ကိုဗစ်−၁၉ ကမ္ဘာပေါ်မှာ ကူးစက်ပျံ့ပွားမှုများနေတယ်။ အဓိကအကြောင်း ၄ ချက်မှာ နံပါတ် ၁ အချက်က ဗီဇမျိုးကွဲတွေ ထွက်ပေါ်လာလို့လည်း ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ တစ်နှစ်ကျော် တစ်နှစ်ခွဲလောက် ဖြစ်လာတဲ့အခါမှာ လူတွေက ငြီးငွေ့လာကြတယ်၊ စည်းကမ်းတွေလိုက်နာမှု အားနည်းလာတယ်။ Social Mixing တစ်ယောက်နဲ့တစ်ယောက် ပူးကပ်တာ၊ တစ်ယောက်နဲ့တစ်ယောက် အုပ်စုဖွဲ့စားသောက်တာ ပြောဆိုတာ၊ ခရီးတွေ သွားတာလာတာတွေ ကလည်း များလာတဲ့အတွက် ပိုးကူးစက်သူ တစ်ယောက်ရှိတယ်ဆိုရင် ဒီတစ်ယောက်ကနေ တခြားလူကို ကူးစက်နိုင်တဲ့ပမာဏ လူဦးရေ ကလည်း များလာတယ်။
နံပါတ် ၃ အချက်အနေနဲ့ ပြည်သူတွေက ကိုဗစ်−၁၉ ရောဂါနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာမှုအားနည်းတာပါ။ ဥပမာ ဆိုရင် အခု Stay at Home မြို့နယ်တွေ သတ်မှတ်ထားပါတယ်။ Stay at Home မြို့နယ်တွေဆိုရင် အိမ်မှာပဲနေပါ။ နေပါဆိုပေမယ့် အုပ်စုဖွဲ့ ထွက်တာမျိုးတောင်ရှိနေတယ်။ ဒါတွေဟာ ရောဂါပြန့်ပွားမှု၊ ဖြစ်ပွားမှု ကိုများစေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။
နံပါတ် ၄ အချက်ကတော့ ကာကွယ်ဆေးရရှိမှု မညီမျှတာပါ။ ချမ်းသာတဲ့နိုင်ငံက သူ့တို့နိုင်ငံရဲ့ လူဦးရေ နှစ်ဆလောက်ကာကွယ် ဆေးတွေဝယ်ထားပြီးတော့ ပိုလျှံလို့တောင် အခြားနိုင်ငံတွေကို ပေးပို့ နေရတယ်။ သူတို့နိုင်ငံတွေမှာလည်း ကာကွယ်ဆေးထိုးနှံမှုက ၅၀ ရာခိုင်နှုန်းကျော်တွေ ရှိလာပြီ။ ဒီလိုအခြေအနေမှာ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမှု အားနည်းတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးရရှိမှု ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။ အဲဒီလို ကာကွယ်ဆေးရရှိမှုမညီမျှတာကြောင့် ရောဂါဖြစ်ပွား မှု၊ အစုလိုက် အပြုံလိုက်ဖြစ်ပွားမှု ရှိနေဆဲဖြစ်တာလို့ WHO က ပြောထား ပါတယ်။
ဒါကြောင့်မို့ ကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေးရတဲ့သူတွေအနေနဲ့ ထိုးနှံဖို့ရပြီဆိုတာနဲ့ မပျက်မကွက်ထိုးနှံပါလို့ ပြောချင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကာကွယ်ဆေးထိုးနှံပြီးတဲ့သူရော၊ မထိုးနှံရသေး တဲ့သူရော ကိုဗစ်စည်းကမ်းတွေကို အထူးဂရုစိုက်ပြီးတော့ လိုက်နာ ပါ။ ဒီစည်းကမ်းတွေကို ဘယ်သူ့အတွက်ဆိုရင် မိမိအတွက်၊ ပြည်သူတွေ အတွက်ပါပဲ။ စည်းကမ်းနဲ့အညီ လိုက်နာမှသာ မကူးစက်တော့မှာပါ။
မေး။ ။ တချို့က Positive လူနာတွေကို ပြန်လွှတ်တယ်ဆိုပြီး ပြောဆိုနေကြတာလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူတွေစိုးရိမ်မှုမဖြစ်ပေါ်စေဖို့ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာ လည်း သိရှိလိုပါတယ်။
ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း Stay at Home မြို့နယ် ၇၄ မြို့နယ်ကို လိုအပ်ချက်ပေါ်မူတည်ပြီးတော့ ထုတ်ပြန် ပါတယ်။ Stay at Home မြို့နယ်တွေဟာ သတ်မှတ်ထားတဲ့ စည်းကမ်း ချက်တွေ လိုက်နာရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Stay at Home မြို့နယ် တွေဟာ Lock Down မဟုတ်ပါဘူး။ ဒါလေးကိုလည်း သိဖို့လိုပါတယ်။ လူတွေအတွက် လိုအပ်တဲ့အခြေခံအချက်တွေကတော့ ဆောင်ရွက်ဖို့ အတွက် ခွင့်ပြုထားပါတယ်။
တည်ငြိမ်မှုကိုမလိုလားတဲ့ ဝိသမလောဘသမားတွေ ရှိပါတယ်။ ဆေးဆိုင်တွေပိတ်တယ်စသဖြင့် သတင်းမှားတွေဖြန့်ပြီး အခွင့်အရေး ယူချင်တဲ့သူတွေရှိပါတယ်။ ကျွန်မတို့ ဆေးဆိုင်တွေ၊ ဆေးခန်းတွေ မပိတ်ခိုင်းပါဘူး။ Stay at Home မြို့နယ်တွေကလည်း Stay at Home စည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ ၇၄ မြို့နယ် Stay at Home ထုတ်တာ ဖြစ်တဲ့အတွက်ကြောင့် ကျန်တဲ့ ၂၅၆ မြို့နယ်ကလည်း ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို အတိအကျလိုက်နာဖို့လိုပါတယ်။
ပိုးတွေ့လူနာတွေ သံသယလက္ခဏာ မိမိမှာရောဂါလက္ခဏာ တွေ ခံစားနေရတယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနကို ဆက်သွယ်ပါ။ လူနာကိုယ်တိုင် ဆက်သွယ်စရာမလိုပါဘူး။ လူနာ မိသားစုဝင်တွေက ဖုန်းနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် တခြားတစ်ယောက် ယောက်ကို ဆက်သွယ်ခိုင်းပြီးတော့ရပါတယ်။ လိုအပ်တဲ့ လမ်းညွှန်ချက် တွေပေးပြီးတော့ စစ်ဆေးပြီးလို့ ပိုးတွေ့ရင်လည်း တွေ့တဲ့အလျောက် ဆေးကုသရေးစင်တာတွေ၊ လိုအပ်ရင် ဆေးရုံတွေကို ပို့သကုသပေးမှာ ဖြစ်ပါတယ်။
ဒီရောဂါသည် ကမ္ဘာ့ကပ်ရောဂါဖြစ်တယ်။ ရောဂါဖြစ်တဲ့သူကို ကုသ ရုံနဲ့ မပြီးဘူး၊ ရောဂါဖြစ်တဲ့သူတွေနဲ့ ထိတွေ့မှုရှိတဲ့သူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ၊ Quarantine တွေ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ကြောင့် သက်ဆိုင်ရာနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ရမှာ ဖြစ်တယ် လို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆေးရုံကို တိုက်ရိုက် သွားဖို့ထက်စာရင် အဆင့်အတိုင်းသွားဖို့လိုပါတယ်။ ဒီနေရာမှာလည်း တချို့တွေက အိမ်မှာပဲ ကျိတ်ကုပြီးတော့ ဆိုးလာမှ ဆေးရုံသွားတာ မျိုးတွေ မဖြစ်သင့်ပါဘူး။
ဒီနေရာမှာ ဆေးရုံတက်ပေမယ့် ဆေးရုံကလက်မခံဘူးစသဖြင့် ဒါမျိုး တွေလည်း ကြားရပါတယ်။ တချို့တွေဆိုရင် မလိုအပ်ဘဲ အောက်ဆီ ဂျင်ဘူးတွေ ဝယ်ယူထားတယ်။ ဒီနေရာမှာ ရောဂါရဲ့ သဘောသဘာဝကို သိမယ်ဆိုရင် ဒီလောက်ထိ စိုးရိမ်စရာမလိုဘူးဆိုတာကို သိစေချင်ပါတယ်။
ကိုယ့်ဘာသာ ကိုယ်အိမ်မှာ အောက်ဆီဂျင်ပေးလို့မရပါဘူး။ အောက်ဆီဂျင်ပေးတယ်ဆိုတာ ကျန်းမာရေးဝန်ထမ်းက လူနာရဲ့အသက် အရွယ်၊ ခံနိုင်ရည်၊ သူ့ရဲ့ နောက်ခံရောဂါ၊ လက်ရှိ ခံစားနေရတဲ့အနေ အထား၊ လက်ရှိသူ့ထဲမှာရှိနေတဲ့ အောက်ဆီဂျင် Level ၊ သူ့သွေးထဲမှာ တခြားသော ဓာတ်တွေရဲ့ သဘောသဘာဝ ဒါတွေအကုန်လုံးကို ချိန်ညှိ ပြီးတော့မှ လိုအပ်သလောက် ပေးရတာဖြစ်ပါတယ်။
ဒီနေရာမှာ ရောဂါပိုးကပ်တွယ်ခံရတဲ့သူတွေ ကူးစက်ခံရတဲ့သူတွေ ၈၀ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြပါဘူး။ တချို့တွေဆို သာမန် လောက်သာ ခံစားရပါတယ်။ ဒီဟာတွေက သူတို့တွေ သေသေချာချာ အိပ်ရေးဝအောင်အိပ်မယ်၊ အစားအသောက်ကို အာဟာရပြည့်ဝအောင် စားမယ်၊ စိတ်သောကတွေလျှော့မယ်၊ နောက် ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် လိုအပ်တဲ့ရေသောက်မယ်၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ် ဆိုရင် ဓာတ်ဆားသောက်မယ်။ နဂိုကရောဂါအခံရှိတဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိရင် ဒါနဲ့ပတ်သက်လို့ သေချာကုသမှုခံယူမယ်။
ဒီလိုနည်းလမ်းအတိုင်းမသွားဘဲနဲ့ မိမိအိမ်မှာပဲနေမယ်။ ကိုယ့်ဘာသာကိုယ် အောက်ဆီဂျင်တွေဝယ်မယ်၊ အောက်ဆီဂျင်တွေ ရှူခိုင်းမယ်၊ ဒီနေရာမှာ ကိုယ့်ဘာသာ အောက်ဆီဂျင်တွေပေးပြီး အောက်ဆီဂျင်တွေ ရှူခိုင်းလို့ရတယ် ဒီလောက်တောင်လွယ်နေတယ် ဆိုရင် ကမ္ဘာပေါ်မှာ လူ သိန်း ၄၀ ကျော် မသေပါဘူး။ ကိုဗစ်−၁၉ ကုသဖို့ အောက်ဆီဂျင်တစ်ခုတည်းနဲ့မဟုတ်ဘူး။ သူ့ရဲ့ နောက်ဆက်တွဲ ရောဂါ တွေပေါ်မှာမူတည်ပြီး ကုသပေးရတာ ဖြစ်ပါတယ်။ နဂိုက ရောဂါအခံရှိ တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ သေချာကုသရပါမယ်။ အစားအသောက် တွေကိုလည်း အာဟာရပြည့်အောင်စားမယ်၊ ရေဓာတ်ခန်းခြောက်မှု မရှိအောင် သေချာလုပ်မယ်၊ အိမ်မှာနေလို့ ကြာနေတယ်ဆိုရင် ရောဂါ ပိုးက တိုက်ခိုက်တဲ့အတွက်ကြောင့် အဆုတ်မှာ အမာရွတ်ဖြစ်ပြီးတော့ အောက်ဆီဂျင်တွေ အများကြီးပေးတာ မရနိုင်တဲ့အတွက်ကြောင့်မို့ စောစောစီးစီး ဆက်သွယ်ကုသဖို့လိုပါတယ်။ ရောဂါလက္ခဏာ ရုတ်တရက်ပြင်းထန်တယ်၊ အောက်ဆီဂျင်ကျတယ်ဆိုရင် သက်ဆိုင် ရာ ဆေးရုံတွေက ကုသဖို့အတွက် ညွှန်ကြားထားပြီးဖြစ်တယ်။ သူတို့ရဲ့ လက်ခံမှုအပေါ်မှာ မူတည်ပြီးတော့ လိုအပ်တဲ့ ကုသမှုတွေပေးမှာ ဖြစ်ပါ တယ်။
ရောဂါပိုးကူးစက်ခံရတာကြာတယ်ဆိုရင် အဆုတ်တွေက အမာရွတ် တွေ ဖြစ်ပြီးတော့ ကျွန်မတို့ ဘယ်လောက်ပဲ အောက်ဆီဂျင်ပေးပေး သူတို့ လက်ခံနိုင်စွမ်းလည်း မရှိတော့ပါဘူး။ သွေးထဲက ကာဗွန်ဒိုင် အောက်ဆိုက်တွေကိုလည်း ပြန်ထုတ်နိုင်စွမ်းမရှိတော့ဘဲ အသက်ဆုံးရှုံး တတ်ပါတယ်။
အိမ်မှာပဲနေပြီး အောက်ဆီဂျင်ပေး၊ ဆိုးတော့မှ ဆေးရုံတက်ရောက် မယ်ဆိုရင် လူနာအတွက် ကုသမှုမှာ နောက်ကျနိုင်ပါတယ်။ ဆေးရုံတွေ မှာလည်းရှိတဲ့ လူအင်အားနဲ့ သူတို့ အကောင်းဆုံးလုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် အကန့်အသတ်ရှိပါတယ်။ အထူးသဖြင့် ဆေးရုံ တွေသည် အောက်ဆီဂျင်ပေးရဖို့ လိုတဲ့သူတွေ၊ ပြင်းထန်တဲ့ဝေဒနာ ခံစားနေရတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ နောက်ခံရောဂါရှိတဲ့သူတွေ ထားတာဖြစ်တဲ့အတွက်ကြောင့် အများအားဖြင့် သူတို့တွေက လူနာ ခုတင်အနေနဲ့ အကန့်အသတ်ရှိတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီလို မျိုး အခက်အခဲမဖြစ်စေချင်တာမို့ သက်ဆိုင်ရာကျန်းမာရေးဌာနကို အကြောင်းကြားပြီး လိုအပ်တဲ့ကုသမှုတွေ ခံယူမယ်ဆိုရင်တော့ ရောဂါ နည်းနည်းပါးပါးဖြစ်တဲ့သူက ပြန်ပြီးကောင်းသွားနိုင်ပါတယ်။ ရောဂါ အသင့်အတင့်ရှိတဲ့သူက တဖြည်းဖြည်းနဲ့ သက်သာသွားနိုင်ပါတယ်။ ရောဂါပြင်းထန်တဲ့သူကလည်း ရောဂါပြင်းထန်တာကနေ တဖြည်းဖြည်း လျော့လျော့ပြီးတော့ ပျောက်ကင်းတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒီနေရာမှာ ကျွန်မတို့အနေနဲ့ အောက်ဆီဂျင်တွေကို ရရှိဖို့အတွက် ဆောင်ရွက်ထားတာတွေလည်း ရှိပါတယ်။ အခုဆိုရင်လည်း တရုတ် နိုင်ငံက အောက်ဆီဂျင်တွေလည်း မှာထားတယ်၊ မြဝတီကနေလည်း အောက်ဆီဂျင်တွေ အခုရောက်နေပါပြီ။ လေယာဉ်နဲ့သယ်ဖို့ကိစ္စတွေ လည်း ရှိပါတယ်။ အောက်ဆီဂျင်အရည်တွေကို တန် ၂၀ ဆံ့တဲ့ ကားတွေ နေ့တိုင်း နှစ်စီးနဲ့သုံးစီး ဝင်ဖို့ရှိပါတယ်။ အစီး ၄၀ လောက် ဝင်ဖို့ရှိပါ တယ်။ အခုဆိုရင်လည်း ကားတွေဝင်နေပြီး နောက်ထပ်လည်း ဝင်လာ မယ်။ ဒီနေ့ဆို လှိုင်သာယာ၊ မြောက်ဥက္ကလာပနဲ့ ဝေဘာဂီမှာ ဖြည့်တယ်။ ဒါတွေကလည်း အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုကြောင့်လည်း ပါဝင်ပါ တယ်။
ဒီနေရာမှာ အောက်ဆီဂျင်တွေကို စနစ်တကျသာ ကိုဗစ်ကုသရေး စင်တာတွေ၊ ကိုဗစ်ဆေးရုံတွေ၊ ကိုဗစ်ကုသတဲ့ ဆေးရုံတွေမှာသာ လုံလောက်အောင်ပေးဖို့အတွက်စီစဉ်နေပါတယ်။ အဆုတ် မကောင်းတာ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်မကောင်းတာ စသဖြင့် အောက်ဆီဂျင် ရှူနေရတဲ့ ရောဂါဝေဒနာရှင်တွေအတွက် အောက်ဆီဂျင်ရနေဖို့ လိုအပ် ပါတယ်။ ဒါကိုလည်း ရရှိနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေပါတယ်။
ဒီနေရာမှာ ရန်ကုန်သီလဝါက ၁၀ တန် ထုတ်နိုင်တဲ့ စက်တွေက လည်း ထုတ်လုပ်လျက်ရှိပါတယ်။ ဆေးရုံများမှာရှိတဲ့ Oxygen Plant စက်တွေကလည်းထွက်တယ်၊ ဒါကို စနစ်တကျ ဖြန့်ဖြူးနိုင်ဖို့ လိုပါ တယ်။ တတ်နိုင်တဲ့သူတွေက အောက်ဆီဂျင်တွေ အများကြီးဝယ်စု ထားတာ၊ အောက်ဆီဂျင်အိုးတွေ သယ်ထားတာ စုထားတဲ့ဟာတွေက လိုအပ်တဲ့အခါမှာ အခက်အခဲတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေကို ပြောချင်တာကတော့ အောက်ဆီဂျင်သည် သုံးတတ်ရင် ဆေးဖြစ်သလို မသုံးတတ်ရင် ဘေးဖြစ်ပါတယ်။ နှစ်ဖက်သွားဓားနဲ့ တူပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူလက်ထဲမှာဆိုရင်တော့ အများကြီး အသက်တွေ ကယ်ပေးနိုင်ပေမယ့် မကျွမ်းကျင်တဲ့သူတွေ လက်ထဲမှာ ဆိုရင် ဒုက္ခတွေ အများကြီးတွေ့နိုင်ပါတယ်။
အောက်ဆီဂျင်ဆိုပေမယ့် ကုသရေးအပိုင်းမှာသုံးတဲ့ သန့်စင်မှု ၉၉ ဒသမ ၅ ရှိတဲ့ အောက်ဆီဂျင်တွေရှိသလို စက်မှုလုပ်ငန်းသုံး အောက်ဆီဂျင်တွေလည်းရှိပါတယ်။ သန့်စင်မှုနိမ့်တဲ့ စက်မှုလုပ်ငန်းသုံး အောက်ဆီဂျင်ကိုရှူမိရင် အန္တရာယ်ရှိတယ်။ အဆုတ်မှာ မှိုစွဲရောဂါ ဖြစ်ပြီး သေဆုံးတတ်ပါတယ်။ အောက်ဆီဂျင်ဟာ မီးလောင်လွယ်တဲ့ အတွက် ထားသိုတာစနစ်မကျဘူးဆိုရင် အန္တရာယ်များပါတယ်။
မေး။ ။ ပြည်ပပြန် မြန်မာနိုင်ငံသားတွေအတွက် စီစဉ်ထားတာ ကိုလည်း သိရှိလိုပါတယ်။
ဖြေ။ ။ အခုလက်ရှိမှာဆိုရင်တော့ တခြားနိုင်ငံက ပြည်ပ ဝင်ရောက်မှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။ နယ်စပ် ကနေလည်း ပြည်တွင်းဝင်ရောက်မှုတွေကိုလည်း ပိတ်ပင်ထားပါ တယ်။ Relief Flight နဲ့ ပြည်ပကနေ မဖြစ်မနေ ပြန်လာမယ့် နိုင်ငံသား တွေအတွက်သာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဖြစ်ပွားမှုများတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့သူဆိုရင် Quarantine ၁၄ ရက် ထား စောင့်ကြည့်စစ်ဆေးပါတယ်။ ရောက်တဲ့နေ့၊ ၃ ရက်နဲ့ ၁၁ ရက်မှာ စစ်ဆေးပါတယ်။ ပိုးမတွေ့မှသာ Quarantine ကနေ လွှတ်ပေးပါတယ်။
မေး။ ။ ပြည်သူတွေအနေနဲ့ ကိုဗစ်−၁၉ တတိယလှိုင်းဖြစ်ပွားမှုက မြင့်တက်နေတဲ့အတွက် စိုးရိမ်ပူပန်မှုများပါတယ်။ ဒါကြောင့် ကူးစက်မြန်နေတဲ့တတိယလှိုင်းမှာ ဘယ်လိုနေထိုင် ဆောင်ရွက်သင့်တယ်ဆိုတာကိုလည်း သိပါရစေ။
ဖြေ။ ။ ပြည်သူတွေအနေနဲ့ကိုဗစ်−၁၉ နဲ့ ပတ်သက်ရင် ဖြစ်ပွား မှုက တစ်နှစ်ခွဲလောက်ရှိပြီဆိုတော့ ပိုးရဲ့ ကူးစက်တတ်တဲ့ သဘောသဘာဝကိုတော့ တော်တော်သိနေပါပြီ။ ကိုဗစ်−၁၉ က လူစု လူဝေးဆိုရင် ကူးစက်လွယ်တယ်။ ပိုးရှိတဲ့သူနဲ့ နီးနီးကပ်ကပ် ထိတွေ့ တာမျိုး၊ လက်မဆေးတာမျိုး၊ နှာခေါင်းစည်းမတပ်တာ ဒါတွေကတော့ အထူးကို ကူးစက်ဖို့အတွက် အခွင့်အလမ်းပေးသလို ဖြစ်နိုင်ပါတယ်။ဒါတွေနဲ့ ဆန့်ကျင်ဘက် နှာခေါင်းစည်းတပ်တယ်။ လက်ကို မကြာ ခဏ ရေနဲ့ဆပ်ပြာနဲ့ ဆေးတယ်။ လက်ကို သန့်ရှင်းအောင်ထားတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဝေးဝေးနေတယ်။ လူစုလူဝေး မသွား ဘူး။ ချောင်းဆိုး၊ နှာချေတဲ့အခါ အုပ်ထားရင် ကူးစက်မှာကို ကာကွယ် ထားတာပါပဲ။ ဒီနေရာမှာ အရေးကြီးဆုံးက ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ဘယ်ကာကွယ်ဆေးက အကောင်းဆုံးလဲဆိုတော့ မိမိ ကိုယ်ကို ထိုးနှံခွင့်ရတဲ့ ကာကွယ်ဆေးက အကောင်းဆုံး ဖြစ်ပါတယ်။
မေး။ ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက်သွားမယ့် ကာကွယ်ထိန်းချုပ်ရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ လည်း သိရှိလိုပါတယ်။
ဖြေ။ ။ ကိုဗစ်ကော်မတီမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိတဲ့သူတွေပါတယ်။ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်က ကျန်းမာရေးဦးစီးမှူးတွေပါတယ်၊ ဆေးရုံအုပ်တွေပါတယ်၊ လိုအပ်တဲ့အဖွဲ့အစည်းအသီးသီးကသူတွေ အကုန် ပါဝင်ပါတယ်။ သူတို့ကနေမှ ဒီမြို့နယ် ဒီတိုင်းမှာ ကိုဗစ်ကုသရေး စင်တာ၊ ကိုဗစ်အတွက် Quarantine Centre လိုအပ်တဲ့အခြေအနေနဲ့ ပြင်ဆင်တာတွေ ရှိပါတယ်။ ပိုးတွေ့မစိုးရိမ်ရလူနာနဲ့ ပိုးတွေ့အသင့် အတင့်လူနာ၊ ပိုးတွေ့ပြီး ဆေးရုံတက်ရောက်ရမယ့်လူနာ စသဖြင့် ဒါမျိုးတွေကို ထားနိုင်ဖို့အတွက် ပြင်ဆင်ထားရှိတာတွေ လုပ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်များတွင် လူစည်ကားတဲ့ စျေး၊ စက်ရုံနဲ့ အလုပ်ရုံများတွင် Mask Campain ပြုလုပ်ခြင်း၊ လက်ကိုင်စပီကာများဖြင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိပါတယ်။
ဒါ့အပြင် Stay at Home မြို့နယ်မှာဆိုရင် စည်းကမ်းတွေ စနစ်တစ်ကျ သေချာလိုက်နာမှု ရှိ မရှိဆိုတာ သေချာကြီးကြပ်ကွပ်ကဲဖို့ လိုအပ်ပါတယ်။ တချို့နေရာတွေမှာဆိုရင် တစ်မိသားစုလုံး Quarantine လုပ်တယ်။ တချို့တွေကတော့ အိမ်မှာ Quarantine လုပ်တဲ့အခါမျိုးတွေ ရှိပါတယ်။ ဒါကတော့ သက်ဆိုင်ရာ ကိုဗစ်ကော်မတီ ဦးဆောင်ကြီးကြပ် မှု၊ စီမံခန့်ခွဲမှုအောက်မှာ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နေရာတွေမှာလည်း ဒီလိုပါပဲ။ ဒါဟာ လက်ရှိဖြစ်နေတဲ့ အကြောင်းအရာ တွေပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုဗစ်ကော်မတီ၊ မြို့နယ် ကိုဗစ်ကော်မတီ လက်ရှိရောဂါဖြစ်ပွားမှုပေါ်မှာ မူတည်ပြီး ဒါအကောင်း ဆုံး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာဖို့ လိုပါတယ်ဆိုတာလေးကိုတော့ အထူးပြောချင် ပါတယ်။
မေး ။ ။ ပြည်သူတွေ သိရှိနိုင်စေဖို့ ဖြည့်စွက်ပြောကြားချင်တာ ရှိရင်လည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ကျွန်မတို့ အကုန်လုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင် ရွက်မယ်။ စည်းကမ်းလိုက်နာမယ်ဆိုရင် ကိုဗစ်−၁၉ က ကြောက်စရာ မကောင်းပါဘူး။ သို့သော် ဒါဟာ ဂရုစိုက်စရာ မလိုပါဘူး ဆိုပြီး ပေါ့ဆလို့ မရပါဘူး။
ဒယ်လ်တာ ဗီဇပြောင်းပိုးဟာဆိုရင် ကမ္ဘာ့နိုင်ငံ ၁၁၁ နိုင်ငံမှာ ဖြစ်နေပါတယ်။ ရောဂါပိုးကူးစက်မြန်ခြင်း အဓိက လက်သည်ကလည်း သူဖြစ်တယ်။ ကူးစက်ပြန့်ပွားမှုတွေမြန်တဲ့ ဗီဇပြောင်းပိုးတွေကို သူ့ရဲ့ ကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့က စည်းကမ်းတွေကို အထူးတလည် လိုက်နာဖို့ လိုအပ်ပါတယ်။
ကိုဗစ်−၁၉ ကူးစက်ခံရသူတွေရဲ့ ၃၃ ရာခိုင်နှုန်း ၃ ပုံ ၁ ပုံဟာဆိုရင် ခြောက်လအတွင်း သူတို့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားနိုင်တယ်။ ဘာတွေလဲဆိုတော့ မှတ်ဉာဏ်တွေ မကောင်းတာ၊ အာရုံစူးစိုက်လို့ မရတာ၊ ခေါင်းကိုက်တာ၊ မောပန်းလွယ်တာ၊ ကိုယ့်ရဲ့ လုပ်ငန်းဆောင် တာ ပုံမှန်လုပ်ဆောင်တာတွေကို မလုပ်ဆောင်နိုင်တာ၊ မေ့တတ်တာ၊ အဆစ်အမျက်တွေ နာတာ စသဖြင့် နောက်ဆက်တွဲ ခံစားနိုင်ရတဲ့ အတွက်ကြောင့် ကျွန်မတို့ဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်−၁၉ ကို ပေါ့ဆလို့ မသင့်တော်ပါဘူး။
ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်နှိမ်နင်းဖို့အတွက် တစ်ဦး တစ်ယောက်တည်းအားနဲ့ လုပ်လို့မရပါဘူး။ ပြည်သူတွေ တစ်ယောက် ချင်း တစ်ယောက်ချင်းက မိမိကိုယ်ကို ရောဂါမကူးစက်အောင်နေထိုင်ဖို့၊ ကိုယ်တိုင်ကစပြီး ရောဂါကာကွယ်ဖို့က အရေးကြီးသလို၊ စည်းကမ်း တွေဟာ လိုအပ်ချက်ရှိလို့ မိမိတို့အကျိုးအတွက် ချမှတ်ထားတာဖြစ်တဲ့ အတွက်ကြောင့် စည်းကမ်းတွေကို ကျကျနနလိုက်နာဖို့ လိုတယ်ဆိုတာ ပြောချင်ပါတယ်။
မေး ။ ။ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း−သန်းမင်းအောင်(သတင်းစဉ်)