 
နေပြည်တော် ဇူလိုင် ၁၅
နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်  ရုံးခွဲတာဝန်ခံများနှင့်  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်  ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ 
အမြဲတမ်းထိတွေ့
အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၌  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းခွင့်ပြုမိန့်နှင့်  လုပ်ငန်းလိုင်စင်များ  လျင်မြန် သွက်လက်စွာ စိစစ်ဆောင်ရွက်သွားနိုင်ရေးအတွက် ဒေသဆိုင်ရာ   ခရီးသွားလုပ်ငန်းကော်မတီများနှင့် အမြဲတမ်း ထိတွေ့ဆက်ဆံပြီး အနည်းဆုံး တစ်လလျှင် တစ်ကြိမ်ခန့် ညှိနှိုင်းအစည်းအဝေးကျင်းပ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း။
ဟိုတယ်များ ဆောက်လုပ်ခွင့်တင်ပြသည့်အခါတွင်လည်း သက်ဆိုင်ရာအထောက်အထားများ စုံလင်ပါက One Stop Service ပေးနိုင်ရေး စီမံ ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ အနာဂတ် ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါအခြေ အနေကြောင့် ပုံမှန် သွားလာခြင်းမျိုးမှ New Normal ပုံစံဖြင့် သွားလာနိုင်ရေးအတွက် အကျိုးရှိရှိအသုံးပြု နိုင်သည့် Application တစ်ခု ပေါ်ပေါက်လာနိုင်ရေး ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်မှ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များထံ ထုတ်ချေးပေးထားသည့် ချေးငွေ များနှင့်ပတ်သက်၍ လုပ်ငန်းရှင်များ၏ အခက်အခဲ အမှန်များ၊ စာရင်းအမှန်များ သိရှိအောင် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများက သေချာစွာ စိစစ်တင်ပြပေးရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက်  ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် Online မှ တက်ရောက် လာကြသည့်   နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲ  တာဝန်ခံများက သက်ဆိုင်ရာကဏ္ဍအလိုက်  လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်
 
      


