ရန်ကုန်-စစ်တွေ လမ်းမပေါ်ရှိ မြောင်းဘွေတံတားတည်ဆောက်မှု ၅၃ ရာခိုင်နှုန်းပြီးစီး

စစ်တွေ   ဇူလိုင်   ၁၅


ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရန်ကုန်-စစ်တွေ လမ်းမပေါ်၌ မြောင်းဘွေ တံတားတည်ဆောက်နေမှု ၅၃ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။    


မြောင်းဘွေတံတား တည်ဆောက်ရေးစီမံကိန်းကို ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်  ရန်ကုန်-စစ်တွေလမ်း  မိုင်တိုင်(၉၉/၄-၉၉/၆)၌     မြောင်းဘွေချောင်းကိုဖြတ်သန်း၍ ယခင်မူလဘေလီတံတားဟောင်း အောက်ဘက် ၆၈ ပေအကွာတွင် အသစ်တည်ဆောက်နေခြင်းဖြစ်သည်။ တံတားသစ်တည်ဆောက်ရန်အတွက် ခန့်မှန်းတန်ဖိုး ငွေကျပ်သန်း ၄၇၄၀ အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်သည်။ 


မြောင်းဘွေတံတားသစ်အမျိုးအစားမှာ  အပေါ်ထည် သံကူ ကွန်ကရစ်ရက်မ + P.C Girder + သံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစား ဖြစ်ပြီး တံတားအောက်ထည်မှာ   သံကူကွန်ကရစ်ဖြစ်၍  တံတား အောက်ခံအုတ်မြစ်မှာ ဘိုးပိုင်ဖောင်ဒေးရှင်း အမျိုးအစားဖြစ်ကြောင်း၊ တံတားခန်းဖွင့်အတွက်                

 


အရှည်ပေ ၆၀ စီရှိသော  သံကူကွန်ကရစ် လေးခန်း၊  အရှည်ပေ ၁၀၀  စီရှိသော  P.C Girder ငါးခန်းတို့ဖြင့် ပါဝင်တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ တံတားသစ်၏အရှည်  ၂၂၅ ဒသမ ၅၄ မီတာ (ပေ ၇၄၀)၊ အကျယ် ၂၈ ပေ(ယာဉ်သွားလမ်းအကျယ်)နှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေစီပါဝင်၍ ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေ နှင့် အမြင့် ၂၁ ပေရှိကာ တံတားခံနိုင်ဝန်(ခွင့်ပြုယာဉ်အလေးချိန်)မှာ တန် ၆၀ ဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းအား တာဝန်ယူ ဆောင်ရွက်နေသည့် တံတားအထူးအဖွဲ့(၇)မှ သိရသည်။      


ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်


တံတားသစ်တည်ဆောက်ပြီးစီးပါက တံတားသစ်ပေါ်မှတစ်ဆင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းမောင်းနှင်နိုင်ကြတော့မည်ဖြစ်၍ ကုန်စည်စီးဆင်းမှုများ  ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း၊ တံတားသစ်တည်ဆောက်ရေးစီမံကိန်းအတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်က ဖောင်ဒေးရှင်းလုပ်ငန်းများ စတင်ဆောင်ရွက် ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တံတားသစ်တည်ဆောက်ပြီးစီးရန် လျာထား ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။


သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်