
ရန်ကုန် ဇူလိုင် ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက် တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူသည်။ (သာရဏီယ သြဝါဒကထာ ကို စာမျက်နှာ ၄ တွင် ဖော်ပြထားပါသည်။)
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာ များ လျှောက်ထားသည်။
ယင်းနောက် သာသနာရေးရာဆိုင်ရာကိစ္စများ၊ ပညာရေးရာ ဆိုင်ရာကိစ္စများကို တင်ပြလျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော် ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး တွဲဖက်အကျိုးတော် ဆောင်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလက အတည်ပြုချက်ရယူကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအားလုံးက "ဇယန္တော ဗောဓိယာမူလေ" အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆို တော်မူပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဇနီး ဒေါ်တင်တင်ညွန့်မိသားစုက အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချလှူဒါန်းသည်။ ထို့အတူ ဦးကျင်ဦး၊ ဇနီး ဒေါ်ချောစုလွင် Popular Group မိသားစုက နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား ဆေးနှင့်ဆေးပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင် ဆရာတော်၊ ဒုတိယဥက္ကဋ္ဌ ဆရာတော်များ၊ တွဲဖက် အကျိုးတော်ဆောင် ဆရာတော်ကြီး(၉)ပါးတို့က မြန်မာပြည်သူ ပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ COVID-19 ကပ်ရောဂါဘေး ကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာရေး ရည်မြော်တွေးလျက် ထေရဝါဒဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေအမှန်ဖြစ်သည့် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ရတနသုတ်၊ မေတ္တသုတ် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော် မူကြရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုသည်။
သတင်းစဉ်