လွမ်းဆွတ်တမ်းတနေရသော ဗိုလ်ချုပ်၏ အရည်အချင်းများ

Type
1

 

အောင်ဇေယျ

 

မြန်မာနိုင်ငံ၏ စံပြခေါင်းဆောင်ကား ဗိုလ်ချုပ်အောင်ဆန်း ဖြစ်၏။ ခေါင်းဆောင်ဟူသည် ခေါင်းဆောင်အရည်အချင်းနှင့် ပြည့်စုံရ၏။ ဗိုလ်ချုပ်တွင် မွေးရာပါ အရည်အချင်းနှင့် လေ့ကျင့်ယူရသော အရည်အချင်းတို့ရှိကြသည်။ သူ့ဘဝဖြစ်စဉ်မှ ကောက်နုတ်ဖော်ပြလိုပါသည်။ 


မလိမ်ညာတတ်ခြင်း


ဗိုလ်ချုပ်သည်  သူတစ်ပါးကို  မလိမ်ညာတတ် သကဲ့သို့   သူများက   လိမ်ညာပြောဆိုလျှင်လည်း မကြိုက်ချေ။ ဗိုလ်ချုပ်ဘဝတွင် တိုင်းပြည်ကို ဘယ် တုန်းကမှ မုသားစကားဆိုပြီး ကိုယ့်အလိုသို့  ပါအောင် မဆွဲဆောင်ဖူးချေ။ ထို့ကြောင့် လူထုက ဗိုလ်ချုပ် စကားကို လုံးဝယုံကြည်ထောက်ခံကြသည်။ 


(က)     ဗိုလ်ချုပ်ငယ်စဉ်က   ဘုန်းကြီးကျောင်းတွင် နေခဲ့ဖူးသည်။  ဥပုသ်နေ့တွင်   ကျောင်းပိတ် သော်လည်း   ယောကျ်ားကလေးတွေက ကျောင်းသို့ လာရသည်။    ရေခပ်၊    သန့်ရှင်းရေး    စသည်ဖြင့်   လုပ်ကိုင်ပေးကြရသည်။ တစ်ဥပုသ်တွင် အလုပ်မရှိ သဖြင့် ဘုန်းကြီးက ကျောင်းသားတွေကို နေ့ခင်းပိုင်း  အိပ်ခိုင်း သည်။ “မင်းတို့မအိပ်ချင်ဘူးလား”ဟု မေး သည်။ ကျောင်းသားတွေက   မအိပ်ချင်သော်လည်း အိပ်ချင်ပါသည်ဟု   ဘုန်းကြီးအလိုကျ လျှောက် တင်ကြသည်။   အောင်ဆန်းက   မဖြေပေ။ “အောင်ဆန်းကော မအိပ်ချင်ဘူးလား”ဟု ထပ်မေး ရာ “မအိပ်ချင်ပါဘူး”ဟု   ဖြေလေ၏။  ဘုန်းကြီး သဘောကျစွာ ပြုံးနေသည်။ 


( ခ )    တောမှ စပါးဝယ်ရန် ရောက်လာသူတွေကို “ ၆၀ ဈေးနဲ့ဝယ်ထားတာ၊ မင်းတို့လိုချင်ရင် ၅၀ နဲ့ ယူသွား” ဟု    ဗိုလ်ချုပ်မိခင် ဒေါ်စုက ပြော သောအခါ အနားမှာ ကစားနေသော အောင်ဆန်း လေးက   “အစ်မ-   ခင်ဗျား မဟုတ်တာမပြောနဲ့။ ဒီစပါးက ၅၀ နဲ့  ဝယ်ထားတာ  ကျုပ်သိတယ်” ဟု ပြောလိုက်လေ၏။ ဈေးဝယ်တွေ ပြန်သွားတော့ ပေါင်တွင်းကြော လိမ်ဆွဲခံရလေသည်။ 


အပြစ်နှင့် အားနည်းချက်ကို ဝန်ခံရဲခြင်း 


လူတို့သည် များသောအားဖြင့် မိမိအပြစ်၊ မိမိ အားနည်းချက်ကို  ဝန်မခံတတ်ကြချေ။ ဘေးလူက ထောက်ပြလျှင်လည်း မကြိုက်ကြချေ။ မသိကျိုး ကျွန်နေတတ်ကြသည်။   တချို့က  ခေါင်းရှောင်၍ တစ်ပါးသောသူကိုပင် လွှဲချတတ်ကြသည်။ ဗိုလ်ချုပ် ကား ဤသို့မဟုတ်။ မိမိအမှား၊ မိမိအားနည်းချက် ရှိပါက မသိကျိုးကျွန်မနေ။  သူများအပေါ်  ပုံမချ။ ရဲဝံ့စွာဝန်ခံသည်။ 


(က)     ဗိုလ်ချုပ် လေး၊ ငါးနှစ်သားအရွယ်က အစ်မ ရက်ကန်းစင်မှ ပိုးယောလုံချည်စကို ဓားဖြင့်ထိုးကစားသောကြောင့်    သုံးမရအောင် ပျက်စီး သွားသည်။   သူမဟုတ်သလို တစ်နေရာမှာ ဆက် ကစားနေသည်။ မိခင်ဒေါ်စု သိသောအခါ ခေါ်ရိုက် ၏။   ကြောက်ပါပြီဟု   မပြော၊   ငိုလည်းမငို။  “အောင်ဆန်း၊ မင်းလုပ် တာမဟုတ်လား”ဟု မေး တော့ “ဟုတ်တယ်” ဟု ဖြေ၏။   ငယ်ပင်ငယ်သော် လည်း အပြစ်ကို ရဲဝံ့စွာဝန်ခံသည်။ ဒေါ်စု ဆက်မရိုက်  တော့။


( ခ )    တက္ကသိုလ်ကျောင်းသားဘဝ  သမဂ္ဂဥက္ကဋ္ဌ လုပ်စဉ်   လုပ်ဖော်ကိုင်ဖက်တွေနှင့်   ပဋိပက္ခ ဖြစ်၏။ ကျောင်းသားတွေက ထုံးစံအတိုင်း ကိုကြီး နုထံ သွားတိုင်သည်။ “အောင်ဆန်းဟာ ဆက်ဆံရာ၌ မောက်မာကြောင်း၊ ဇွတ်လုပ်ကြောင်း၊   တင်စီး ကြောင်း၊   လူထုနှင့် ဆက်ဆံရာတွင် ပြေပြစ်မည် မဟုတ်ကြောင်း၊ အောင်ဆန်းနေရာတွင်    လူစား ခန့်သင့်ကြောင်း” စသည်ဖြင့် ပြောဆိုတိုင်တန်းကြ သည်။ တစ်နည်းအားဖြင့်  အားနည်းချက်တွေကို   ထုတ်ဖော်ဝေဖန်တာပဲဖြစ်သည်။ ထောက်ပြတာ ပဲဖြစ်သည်။   အောင်ဆန်းက  တစ်ချိန်လုံးငြိမ်၍ နားထောင်နေပြီးမှ “အားလုံး ကို ကျုပ် ဝန်ခံတယ်”ဟု ရိုးရိုးရှင်းရှင်း အဖြေပေးလိုက်လေသည်။ 


မဖြစ်မနေလုပ်သော ဇွဲရှိခြင်း 


ဗိုလ်ချုပ်သည် “လုပ်လို့မဖြစ်”  ဟူသော အသုံး အနှုန်းကို အလွန်မုန်းတီးသူဖြစ်၏။ သူ့ခံယူချက်မှာ လုပ်လျှင်   ဖြစ်ရမည်။ ဇွဲရှိလျှင် အောင်မြင်ရမည်ဟု အမြဲတမ်းပြောလေ့ရှိ၏။ ပြောသည့်အတိုင်းလည်း ဖြစ်အောင်လုပ်ခဲ့တာတွေ အများအပြားရှိခဲ့ပါ၏။ 


(က)    အငယ်ဆုံးသားမို့   သူ့ကို  မိဘတွေက အလို လိုက်ခဲ့သည်။ ရှစ်နှစ်သားအထိ ကျောင်းမနေ သေးချေ။ အစ်ကို ဦးဘဝင်းနှင့် အောင်သန်းတို့ ရှင်ပြု တော့   သူလည်းပါချင်သည်။  ရှင်ပြုပွဲမှာ ပါချင် ကြောင်း   ပူဆာသည်။   ရှင်လောင်းဝတ်ချင်လျှင်   စာတတ်ရသည်ဟု  မိဘတွေက ပြော၏။ ထို့ကြောင့်    အတင်းကျောင်းလိုက်  တက်သည်။ ရှစ်နှစ်သားမှ ကျောင်းစနေသည်။ ကြိုးစားသည်။ ခုနစ်တန်း၊ ၁၀ တန်းကို   ထူးထူးချွန်ချွန်    စကောလားရှစ်နှင့်   အောင်သည်။ အင်္ဂလိပ်၊ မြန်မာသတ္တမတန်း စာမေးပွဲ တွင် တစ်ပြည်လုံး၌ အဆင့်(၉)  ရသည်။ ဗုဒ္ဓဘာသာ ကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပထမ ရသည်။ 


( ခ )    အစ်ကိုဦးဘဝင်း   ဆရာလုပ်နေသော   ရေနံ ချောင်း အမျိုးသားကျောင်းတွင် လိုက်နေချင် ၍ မိဘတွေကို ပူဆာသည်။ အသက်ငယ်သေး (၁၄ နှစ်) သဖြင့် တစ်မြို့တစ်ရွာသို့   မိဘက မလွှတ်ချင် ပေ။ သုံးရက်တိုင် ထမင်းမစားဘဲ အမြဲငိုနေတော့ သည်။ အဆုံးမှာတော့ သူ့ဇွဲကို သိသောမိဘက လက်လျှော့ပြီး ခွင့်ပြုရလေတော့သည်။ 


( ဂ )    စကားရည်လုပွဲ၊ စကားအခြေအတင် ပြောပွဲ တွေမှာ အောင်ဆန်းပါဝင်စပြုသည်။ အလေ့ အကျင့်မရှိ၍    ပရိသတ်ရှေ့  စကားပြောရာတွင် အခက်အခဲရှိလေသည်။ သို့သော်   စိတ်ပါလက်ပါ ကြိုးစားလေ့ကျင့်ခဲ့ရာ   ၁၀  တန်းရောက်တော့  စကားပြောကောင်းသူအဖြစ် တစ်ကျောင်းလုံးက အသိအမှတ်ပြုလာကြသည်။


(ဃ)    တက္ကသိုလ်ရောက်သောအခါ       တက္ကသိုလ် ကျောင်းသားထုကို ခေါင်းဆောင်ရန် မြန်မာ စကားပြောကောင်းရုံနှင့်   မရတော့ချေ။ အင်္ဂလိပ်လို အပြောကောင်းဖို့လည်း လိုအပ်လာ၏။ သူ့လို  ဘုန်း ကြီးကျောင်းထွက်က ဘယ်လိုလုပ်ပြီး          အင်္ဂလိပ် စကားကို ပရိသတ်ရှေ့ထွက်ကာ သွက်သွက်လက် လက် ပြောနိုင်ပါ့မလဲ။  သို့ရာတွင်    အခန်းထဲမှာ သူလေ့ကျင့်၏။ အခွင့်အရေးရလျှင် စင်ပေါ်တက် ပြော၏။ သူပြောတာကို နားမလည်ကြ။ သို့ပင်မယ့် သူပြောတတ်သလို   ပြောသည်။  လှောင်ပြောင် သရော်နေတဲ့ကြားက သူပြောချင်တာကို ပြီးအောင် ပြောပြီးမှ  ခပ်တည်တည်နှင့် ဆင်းသွားသည်။ ဒီပုံ ဇွဲရှိရှိ မဆုတ် မနစ်လေ့ကျင့်ခဲ့၊ ပြောခဲ့သောကြောင့် တိုင်းပြည်ခေါင်းဆောင်ဖြစ်ချိန်တွင်  အင်္ဂလိပ်စကား ပြောလည်းကောင်း၍   အင်္ဂလိပ်စာအရေးကောင်းသူ လည်း ဖြစ်လာခဲ့ပေသည်။ 


ခြောက်လည်း     မကြောက်၊     မြှောက်လည်း မမြောက်ခြင်း 


“ကျွန်တော်တော့  ဘယ်သူမြှောက်လို့မှလည်း မမြောက်ဘူး၊ ဘယ်သူခြောက်လို့မှလည်း မကြောက် ဘူး”ဟု   ဗိုလ်ချုပ်ပြောလေ့ရှိသည်။   မှန်ပါသည်။ ဗိုလ်ချုပ်သည် ကျဆုံးသွားသော အချိန်အထိ မည်သူ မျှ မြှောက်၍၊ ခြောက်၍ မရသည်မှာ အထင်အရှား ပင်။ 


(က)    အထက်တန်းကျောင်းသားဘဝက   စကား အခြေအတင်ပြောပွဲပြီးသည်နှင့်  သူငယ်ချင်း တွေက ဝိုင်းပြီးချီးမွမ်းကြလေသည်။ မောင်အောင် ဆန်းသည်   သွေးကြွမြောက်တက်ခြင်းမရှိ။   မိမိ ကိုယ်ကို   အထင်ကြီးပုံလည်းမရှိ။ ဘာမှ ပြန်မပြော ဘဲ   သူငယ်ချင်းတွေကိုပင် နှုတ်မဆက်ဘဲ သူသွား လိုရာကို ဇွတ်ထွက်သွားလေသည်။ 


( ခ )     ချင်းတောင်တွင်  ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ်းသူမောင်ကို နယ်ချဲ့ဆန့်ကျင်ရေး လုပ် တယ်ဆိုပြီး  ဖမ်းဆီးနှိပ်စက်နေချိန်...၊ တို့ဗမာ အစည်းအရုံးက ယင်းလုပ်ရပ်ကို ပြင်းပြင်း ထန်ထန်   ကန့်ကွက်ရှုတ်ချနေချိန်၊ သခင်အောင်ဆန်းသည်  ဇလွန်မှအပြန် ဒေါင့်ကြီး ရွာကိုဝင်၍ တရားပွဲ ပြုလုပ်၏။ ဆယ်မိနစ်ခန့်အကြာ တွင်  ပုလိပ်အရာရှိတစ်ဦး ရောက်လာပြီး တရား ဟောနေဆဲ   သခင်အောင်ဆန်းကို     နို့တစ်စာ တစ်ရွက်ပေး၏။   စာတွင် ရာဇဝတ်ဝန်ကြီး   မစ္စတာ ဇေးဗီးယားက    ချင်းတောင်က အကြောင်းကို   တရားပွဲမှာ ထည့်မပြောရန်၊ ပြောက ကာကွယ်ရေး ဥပဒေအရ    အရေးယူမည်ဟု  ပါသည်။ သခင် အောင်ဆန်းက   နို့တစ်စာကို   ပရိသတ်အား    ဖတ်ပြပြီး “ချင်းတောင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာ  ခင်ဗျားတို့ သိကြသလား။ ဒီကိစ္စကို ကျုပ် မေ့နေတာ။ နို့တစ်လာမှ သတိရတယ်။ ခင်ဗျားတို့    သိချင်သလား” ဟု မေး၏။ ပရိသတ်က “သိချင်တယ်၊  သိချင်တယ်”ဟု ဖြေ၏။   သခင်အောင်ဆန်းက မခြွင်းမချန် ဟောပြောပါလေတော့သည်။


( ဂ )    ၁၆-၅-၁၉၄၇   ရက်နေ့တွင်   ဗိုလ်ချုပ် အောင်ဆန်းသည် တော်လှန်ရေးတပ်ဖွဲ့များ နှင့် ဗြိတိသျှတပ်များ   စနစ်တကျ ပူးပေါင်းရေး ကိစ္စကို ဆွေးနွေးရန်  မိတ္ထီလာသို့  သွားရောက်၍ အမှတ် (၁၄) တပ်တော်မှူး ဗိုလ်ချုပ်ကြီး စလင်းနှင့်   တွေ့ဆုံလေသည်။  ဗိုလ်ချုပ်ကြီး စလင်းက ဗိုလ်ချုပ် အကဲကို စမ်းသည့်အနေဖြင့် အင်္ဂလိပ်ကို တော်လှန် ခြင်း၊ လူသတ်မှုနှင့် စွဲဆိုနိုင်ခြင်း တို့ကြောင့် ယခု အောင်ဆန်းကို  ဖမ်းမည်ဆိုက  ဖမ်းနိုင်ကြောင်း၊  သူကိုလာ   တွေ့သည့်အတွက်  အန္တရာယ်ရှိသည် မထင်ဘူးလားဟု မေးရာ ဗိုလ်ချုပ်က မထင်ကြောင်း ဖြေသည်။ ဘာကြောင့်လဲဟု စလင်းက ထပ်မေး တော့   ခင်ဗျားက   ဗြိတိသျှအရာရှိ ဖြစ်နေလို့ဟု တည်ငြိမ်စွာ အဖြေပေးလိုက်သည်။ ဗိုလ်ချုပ်သည် စလင်းခြောက်သည်ကို    မကြောက်သည့်အပြင် စကားအရာ၌လည်း လိမ္မာကြောင်း သိနိုင်လေသည်။


အပင်ပန်း အဆင်းရဲခံနိုင်ခြင်း


ခေါင်းဆောင်ဆိုတာ အပင်ပန်း အဆင်းရဲခံနိုင် ရမည်ဟု ကောင်းစွာသဘောပေါက်  နားလည်ထား သော ဗိုလ်ချုပ်သည် ကျောင်းသားဘဝကတည်းက အပင်ပန်း  အဆင်းရဲခံနိုင်အောင်   လေ့ကျင့်ထား သည်။ ၁၉၃၇   ခုနှစ်တွင်  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာသည်။ နိုင်ငံရေး နယ်ထဲ ခြေလှမ်းကျယ်လာသည်နှင့်အမျှ တစ်နေ့နေ့ တွင် အဖမ်းခံရပြီး ထောင်ကျနိုင်တာကို မျှော်မှန်း ပြင်ဆင်ခဲ့သည်။ 


(က)     တက္ကသိုလ်ကျောင်းသား  ကိုအောင်ဆန်းသည် နွေရာသီကျောင်းပိတ်ရက်     အိမ်မပြန်ဘဲ သမဂ္ဂအဆောက်အအုံထံ   ရွှေ့ပြောင်းနေထိုင်၏။ အစည်းအဝေးပွဲနှင့် တရားပွဲကျင်းပရာ ခန်းမကြီး ထဲမှာ ကြမ်းခင်း၊ ခုံတန်းလျားများ ဖြင့် ပြည့်နှက်နေ ၏။ ခုံတန်းလျားတို့မှာ ကြမ်းပိုး     အလွန်သောင်းကျန်း သဖြင့်    အကြောင်းမဲ့သက်သက်   မည်သူတစ်ဦး တစ်ယောက်မှ    စည်းစိမ်ခံပြီး    ထိုင်မနေနိုင်ချေ။ 


ကိုအောင်ဆန်းအဖို့ကတော့ ကြမ်းပိုးသောင်းကျန်း သော   ခုံတန်းလျားများမှာ စည်းစိမ်ရှင်မွေ့လျော်ရာ  ခုတင်ကြီးသဖွယ် ဖြစ်၏။ အခင်းက ကြိမ်၊ ခေါင်းအုံး က လက်တန်း၊   ခြုံစောင်မှာ  ခါးဝတ်လုံချည်၊ ခြင် ထောင်မှာ ဗလာနတ္ထိ ဖြစ်၍ ကြမ်းပိုးနှင့်ခြင်တောထဲ မှာ အိပ်စက်နေရ၏။


တစ်နေ့ သမဂ္ဂလက်ဖက်ရည်ဆိုင်ပိုင်ရှင် အဒေါ် ကြီးက   ကိုအောင်ဆန်းကို  တွေ့သွား၏။ မိမိရင်မှ ဖွားသော သားသကဲ့သို့ အမြဲတစေ ဂရုစိုက် နေသော အဒေါ်ကြီးက  ကိုအောင်ဆန်းကိုကြည့်ပြီး ရင်ထု မနာဖြစ်လေ၏။  “မောင်အောင်ဆန်းရယ် မင်းဘာ ကြောင့်    ခုံတန်းလျားပေါ်မှာ   အိပ်ရသလဲကွယ်။ ကြမ်းပိုးကကိုက်၊   ခြင်ကကိုက်သနဲ၊   အဒေါ်ကို ပြောရောပေါ့” ဟု ဆိုကာ စောင် ခြင်ထောင်ပေးရန် ပြင်၏။ ထိုအခါ  အောင်ဆန်းက   “ကျွန်တော့်မှာ စောင်တို့၊ ခေါင်းအုံးတို့ ရှိပါတယ်။ တမင်သက်သက် အခုလိုနေတာပါ။ ကြမ်းပိုးတို့ ၊ ခြင်တို့ ကိုက်တာ လည်း သိပါတယ်။ ဒါမှ  နိုင်ငံရေးလုပ်လို့   ထောင်ကျ ရင် အဆင်းရဲခံနိုင်မှာ မဟုတ်လား” ဟု ပြောလိုက် သည်။


ဘွင်းဘွင်းနှင့်ရှင်းရှင်းပြောတတ်ခြင်း 


ဗိုလ်ချုပ်သည် ပြောစရာရှိလျှင်ဖြစ်စေ၊ လုပ်စရာ ရှိလျှင်ဖြစ်စေ ဘယ်တော့မှ မြုံ မထားတတ်။ နေရာ တကာ  ဘွင်းဘွင်းရှင်းရှင်း ပြောလေ့ရှိ၏။ လူမြင် သူမြင် လူသိသူသိမခံဘဲ နောက်ကွယ်မှ လုပ်တာမျိုး၊ စကားအလှပြောတာမျိုး မရှိချေ။ ဘွင်းဘွင်းနှင့် ရှင်းရှင်း ပြောဆိုလုပ်ကိုင်ရာတွင် အထူး နာမည်ရ၏။ လုပ်သည့်အတိုင်းပြော၍ ပြောသည့်အတိုင်းလုပ်၏။ စကားနှစ်ခွ မရှိ၊ ရှေ့နောက်ညီ၏။ 


(က)    စစ်ဝန်ကြီးဘဝက ရေးခဲ့သောစာမှ ကောက် နုတ်ဖော်ပြလိုပါသည်။ “မကွေးမြို့တွင် အပျို ပေါက်စ ခပ်ချောချောကလေးရှိသော အသိ အိမ်တွင် တည်းခိုညအိပ်သည်။    လူပျိုပေါက်စဖြစ်သော ကျွန်တော်မှာ သူစိမ်းတစ်ရံအိမ်တွင် မနေတတ်။       အထူးရှက်တတ်သည်။ မိန်းကလေးနှင့် ဆိုလျှင်သာ ၍ပင် ရှက်တတ်သည်။   ထို့ကြောင့်  ညမအိပ်ခင် ရှက်လွန်း၍   ဆီးမသွားဖြစ်။   ညအိပ်သည့်အခါ မအောင့်နိုင်ဘဲ သေးပါကျလေသည်။  ကျွန်တော် လည်း သေးထွက်ကျပြီးမှ    သိလေသည်”   ဟု   မိမိငယ်စဉ်က အရှက်ကြီးခဲ့ပုံကို မဖုံးမကွယ် ထည့် ရေးခဲ့၏။ တစ်ဖန် စစ်ဝန်ကြီးဘဝမှာပင် ဝန်ခံခဲ့တာ ရှိပါသေးတယ်။     ငယ်ငယ်က သူငယ်ချင်းတွေနဲ့ သူထိုး ကိုယ်ထိုး ရန်ဖြစ်ရာ အောင်ဆန်းက    အသာ စီးတောင်ရနေ၏။ တစ်ဖက်က   ခုံဖိနပ်ဖြင့် ပေါက်ရာ  မရှောင်မတိမ်း ထုံပေပေလုပ်နေတော့ ခေါင်းထိပြီး မိုက်ခနဲဖြစ်သွားသည်။ လက်ဖြင့် စမ်းကြည့်သည်။ သွေးတွေ    ရဲခနဲမြင်တော့  လန့်ပြီးငိုသည်။ “အဲဒီ တုန်းက ကျွန်တော့် သတ္တိတွေ ပျောက်ပြီး ကြောက် သွားတယ်” ဟု ဝန်ခံသည်။ သူ့ကို သူရဲကောင်းဟု၊ လူစွမ်းကောင်းဟု  အများအထင်ကြီးအောင် ဟန်မ ဆောင်ခဲ့ချေ၊ 


( ခ )     ကိုနုနှင့် ကိုအောင်ဆန်းတို့ အိမ်ကို ငွေမှာပုံ ကို      ဗိုလ်ချုပ်အစ်ကို      ဦးအောင်သန်းက အောက်ပါအတိုင်း  နှိုင်းယှဉ်ပြဖူးသည်။  ကိုနုက သူ့အဖေဆီစာရေးရာ၌ အဖေစာအုပ်ဖိုးက ဘယ် လောက်၊  မုန့်ဖိုးက   ဘယ်လောက်၊ ကျောင်းလခက ဘယ်လောက်၊ ယောကျ်ားတို့ ထုံးစံအတိုင်း ပျော်ပါး ဖို့က ဘယ်လောက်ဆိုပြီး တောင်းသတဲ့။ သားက ဒီလိုတောင်း တာကို   အဖေလုပ်သူက    သားတောင်း သလောက်ပို့ပေးတဲ့အပြင်         ရောဂါရလျှင် ကုသဖို့ဆေးဖိုးဝါးခက ဘယ်လောက်ဆိုပြီး အဆစ် တောင်ထည့်ပေးသတဲ့။ အဖေနဲ့သား လိုက်သဗျာ။   အောင်ဆန်းကတော့   ဒီလိုမဟုတ်ဘူး။ သူတောင်း ပုံက  အမေကျုပ်ကတော့ ခင်ဗျားသားကြီးတွေလို လခစားအလုပ် လုပ်မယ့်သူ မဟုတ်ဘူး၊ ကျုပ်တော့ နိုင်ငံရေး လုပ်မှာပဲ။  ဒါကြောင့်    သုံးဖို့စွဲဖို့ငွေ  ၈၀  လောက် ပို့လိုက်ပါ။ ကျုပ်တော့ ဒီကျောင်းပိတ်ရက် အိမ်မပြန်တော့ဘူး။ 


( ဂ )     ဗိုလ်ချုပ်သည် ဂျပန်များရှေ့တွင်ပင် ဂျပန်ပေး သော   လွတ်လပ်ရေးဟာ   အယောင်ဆောင်လွတ်လပ်ရေးသာဖြစ်ကြောင်း  “ဗြောင်” မကွယ် မဝှက်ပြောရဲသော  သတ္တိရှိ၏။    ဂျပန်ပေးသော လွတ်လပ်ရေး၏ ပထမနှစ်ပတ်လည် အခမ်းအနား တွင်   ဤကဲ့သို့  ဟုတ်တိုင်းမှန်ရာ     မကြောက်မရွံ့   ဖွင့်ချခဲ့ပုံကို     ဒေါက်တာမောင်မောင်   ရေးသော Burma In the Family of Nations  စာအုပ်မှ ကောက် နုတ်ဖော်ပြလိုပါသည်။ စာရေးသူ  ဘာသာ ပြန်လျှင်  “ပေါ့” မည်စိုးသဖြင့်    မူရင်းအင်္ဂလိပ်စာ အတိုင်း ဖော်ပြပါရစေ။


"Our independence exists only on paper” said Aung San courageously at a celebration of the 1st independence anniversary "Only the privileged few such as ministers, like myself, the commercial exploiteers and the newly rich xxxx reap the fruits of independence. A long way and hard road still lies between us and our goals." Such frank talk did not please the Japanese, but rallied the people.


သစ္စာရှိခြင်း ကတိတည်ခြင်း


ဗိုလ်ချုပ်သည် ကတိတစ်ခုကို အလွယ်တကူပေး ခဲသည်။ ကတိပေးပြီးလျှင် ထိုကတိကို  တည်အောင် ထိန်းသည်။    ဆိုခဲစေမြဲစေအတိုင်း  ကျင့်သည်။ ရဲဘော်ရဲဘက်   လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ အထူးသစ္စာ စောင့်ခဲ့သူ ဖြစ်သည်။ 


(က)     ၁၉၃၅-၃၆ ခုနှစ်အတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကထုတ်သော      အိုးဝေ မဂ္ဂဇင်းပါ  ငရဲခွေးကြီးလွတ်နေသည်  Hell Hound at large     ဆောင်းပါးကြောင့် တက္ကသိုလ် အာဏာ ပိုင်မျက်နှာဖြူတွေ အနာ ပေါ်တုတ်ကျသည့်အလား    ဆတ်ဆတ်ခါအောင်    နာကြည်းသွားကြသည်။ ဆောင်းပါးရှင်ကို    ဖော်ထုတ်ပေးရန်    တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို အကျပ်ကိုင်သော် လည်း အယ်ဒီတာကျင့်ဝတ်အရ       မဖော်ပြဘဲ ကျောင်းထုတ်ခံလိုက်သည်။   လုပ်ဖော်ကိုင်ဖက် ကျောင်းသားနှင့်   ကျင့်ဝတ်အပေါ်   သစ္စာရှိပြ လိုက်ခြင်းဖြစ်၏။ 


( ခ )     ၁၆-၅-၁၉၄၅ ရက်က ဗိုလ်ချုပ်ကြီးစလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မိတ္ထီလာတွင် တွေ့ ဆုံကြောင်း   တင်ပြခဲ့ပြီးဖြစ်သည်။ အောင်ဆန်းဟာ    ရိုးသားဖြောင့်မတ်တယ်။ ကတိကို အရမ်းမပေး။ ကတိပေးပြီးလျှင်လည်း ကတိအတိုင်း  တစ်သဝေ မတိမ်းလုပ်တယ်ဆိုသည်ကို    ဗိုလ်ချုပ်ကြီးစလင်းက သူ၏ Defeat into Victory စာအုပ်တွင် “The greatest impression he made on me was one of honesty. He was not free with glib assurances and he hesitated to commit himself, but he had the idea that if he agreed to do something he would keep his word. I could do busin-ess with Aung San”  ဟု ရေးသားခဲ့သည်။ နိုင်ငံခြားသားကပင် ချီးမွမ်းရသော အရည် အချင်းပါတကား။ ဗိုလ်ချုပ်၏ အရည်အချင်း တွေ၊ ဂုဏ်ရည်တွေ အများကြီးကျန်ပါသေး သည်။ ယခုတင်ပြသည်မှာ အကင်းမျှသာ ရှိပါသည်။ ဥပမာ နိုင်ငံရေးအယူမတူသူကို နေရာပေးလက်တွဲခဲ့သော   အရည်အချင်း မျိုးကားရှာမှ  ရှားပေသည်။ 


နှောင်းနိုင်ငံရေး  လုပ်သူတို့သည်   ဗိုလ်ချုပ်ပုံသွင် ကို ထုဆစ်သည်ထက် ဗိုလ်ချုပ်စိတ်ဓာတ်ကို အမွေ ခံရန် ပဓာနကျကြောင်း တင်ပြလိုက်ရပါသည်။    ။