
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားချက်
၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)
၁။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း၌ မီးသုံးစွဲသူပြည်သူလူထုများ အထိုက်အလျောက်သက်သာမှုဖြစ်စေရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်၍ ၂၀၂၁ ခုနှစ်၊ မတ်လအထိ လအလိုက် တစ်လလျှင် ၁၅၀ ယူနစ် ဓာတ်အားခကျသင့်ငွေ ကင်းလွတ် ခွင့်ပြုခဲ့သည့်အပြင် လအလိုက် နောက်ဆုံးပေးသွင်းရမည့်ရက်များကိုလည်း ရွှေ့ဆိုင်းကာ နောက်ကျ ဒဏ်ကြေး ကင်းလွတ်ခွင့်ပြု၍ နောက်ကျပေးသွင်းစေခဲ့ခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။
၂။ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်စေရန် နိုင်ငံပိုင်လျှပ်စစ် ဓာတ်အားပေးစက်ရုံကြီးများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသည့်အပြင် ပုဂ္ဂလိကပိုင်စက်ရုံများမှ လည်း လျှပ်စစ်ဓာတ်အားများကို ဝယ်ယူဖြန့်ဖြူးပေးနေရသဖြင့် မိဘပြည်သူများမှ မိမိတို့သုံးစွဲခဲ့သည့် လျှပ်စစ်ဓာတ်အားခများကို ပေးသွင်းမှသာလျှင် စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ် ဝယ်ယူဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ပါသည်။
၃။ ပြည်သူများအနေဖြင့် ယခင်နှစ်ကာလများကတည်းက လစဉ်မိမိတို့သုံးစွဲသည့် ဓာတ်အားခကို ပေးဆောင်နေခဲ့ကြခြင်းမှာ ပုံမှန်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယခုအချိန်တွင် ပြည်သူများကို ဓာတ်အားခ မပေးချေကြရန်နှင့် လျှပ်စစ်ဓာတ်အားခများ ကောက်ခံခြင်းရပ်တန့်ရန် အထူးအသိပေးခြင်းဆိုသည့် ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့(ဖ.ဆ.လ.တ)၏ ဆောင်ရွက်ချက်သည် ပြည်သူများ သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို ဆက်လက်ထုတ်လုပ်ဖြန့်ဖြူးပေးရန်အတွက် ဓာတ်အားထုတ်လုပ်မှုစရိတ်၊ ဝယ်ယူ နေရသော သဘာဝဓာတ်ငွေ့နှင့် (LNG) ဓာတ်အားခများအတွက် ဝင်ငွေမရရှိပါက အခက်အခဲဖြစ်ပေါ် လာနိုင်ပြီး ပြည်သူများ လျှပ်စစ်မီးလျော့နည်းရရှိကာ မီးများအလှည့်ကျပေးရသည်အထိ ဖြစ်ပေါ်လာ စေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်းနှင့် ပြည်သူများအတွက်ထိခိုက်မှုအန္တရာယ်ရှိလာအောင် ပြုလုပ် နေခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။
၄။ သို့ဖြစ်ပါ၍ မိမိတို့ သုံးစွဲခဲ့သော လျှပ်စစ်မီတာခများကို လစဉ်ပုံမှန်ပေးဆောင်ခြင်းဖြင့် ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန