
နေပြည်တော် ဇူလိုင် ၈
ကမ္ဘာ့တားမြစ်ဆေးဝါး ဆန့်ကျင် ရေးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ အားကစားဆိုင်ရာ ဝန်ကြီးများ၏ တားမြစ်ဆေးဝါးဆိုင်ရာ အမြင် ချင်း ဖလှယ်ခြင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပရာ မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဆွေးနွေးသည်။
တက်ရောက်ဆွေးနွေး
ဆွေးနွေးပွဲသို့ ကမ္ဘာ့တားမြစ် ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ဥက္ကဋ္ဌ Mr.Witold Banka နှင့် ဒုတိယ ဥက္ကဋ္ဌ Ms. Yang Yang ၊ အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ အားကစားဆိုင်ရာ ဝန်ကြီးများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားဆိုင်ရာ ဆေးဘက် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ဖလှယ် ခဲ့ကြသည်။
ရှေးဦးစွာ ကမ္ဘာ့တားမြစ် ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. Witold Banka က ကမ္ဘာ့ တားမြစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့၏ ကြုံတွေ့နေရသော အခြေ အနေများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တားမြစ်ဆေးဝါး ဆန့်ကျင်ရေး လုပ်ငန်းများ အကြောင်း၊ ကိုဗစ်-၁၉ ကာလ အတွင်း ကြုံတွေ့ရသည့် အခြေအနေ၊ World Anti-Doping Agency (WADA) ၏ နှစ်စဉ် ဘတ်ဂျက်နှင့် အနာဂတ်တွင် အစိုးရဌာနများ၊ အဖွဲ့ချုပ်များ အပြင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်း ပါဝင်လာသော သန့်ရှင်းသည့် အားကစားလောက တည်ဆောက် နိုင်ရန် အကျိုးဖြစ်ထွန်းနိုင်သည့် အခြေအနေ၊ World Anti-Doping Agency (WADA) မှ Regional Anti-Doping Organization– (RADO)နှင့် Myanmar Anti-Doping Organizatio-(MADO) များသို့ အထောက်အပံ့ပေးအပ် မှု အခြေအနေများအကြောင်း ဆွေးနွေးသည်။
ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
ဆက်လက်၍ ကမ္ဘာ့တားမြစ် ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Ms. Yang Yang က အားကစားသမားတစ်ဦး၏ ဘဝ စတင်သည့်အချိန်မှ စတင်၍ တားမြစ်ဆေးဝါးဆိုင်ရာ ပညာပေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသော အားကစားလောက တည်ဆောက် နိုင်ရေး၊ World Anti-Doping Agency (WADA) ၊ E-Learning Programme ပညာပေးအစီအစဉ် ကို World Anti-Doping Agency (WADA) Website တွင် အောင်မြင် စွာ တည်ဆောက်နိုင်ခဲ့ပြီး ပညာပေး လုပ်ငန်းများတွင် အားလုံးပါဝင် သင်ယူပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးသည်။
ယင်းနောက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက မြန်မာ နိုင်ငံတွင် တားမြစ်ဆေးဝါး ဆန့်ကျင်ရေး ကော်မတီအား ၂၀၁၉ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်း ခဲ့ကြောင်း၊ မြန်မာနိုင်ငံ တားမြစ် ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ Myanmar Anti-Doping Organization – (MADO)၏ Website ကို ယခုနှစ် အစောပိုင်း ကာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အားကစားအဖွဲ့ချုပ်များ၊ အား ကစားသမားများအား အထောက် အကူပြုပညာရပ်ဆိုင်ရာ ပုဂ္ဂိုလ် များအား တားမြစ်ဆေးဝါး ဆန့်ကျင်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိကြောင်း၊ ကမ္ဘာ့ တားမြစ်ဆေးဝါးဥပဒေ World Anti-Doping Agency (WADA Code) ကို မြန်မာဘာသာသို့ ပြန်ဆို၍ တားမြစ်ဆေးဝါးဥပဒေ ပေါ်ပေါက်လာရေး စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ Myanmar Anti-Doping Organization – (MADO)သည် ကမ္ဘာ့တားမြစ် ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့၏ တားမြစ်ဆေးဝါး စစ်ဆေးမှု အထောက်အပံ့ဖြင့် အားကစား ပြိုင်ပွဲပြင်ပ တားမြစ်ဆေးဝါး သုံးစွဲမှုကို နှစ်စဉ်စစ်ဆေးပေး လျက်ရှိပြီး ကမ္ဘာ့တားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့မှ အသိအမှတ် ပြုထားသော ကာတာနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ အရှေ့တောင်အာရှ တားမြစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် ပေးပို့စစ်ဆေးလျက်ရှိကြောင်း၊ ယခုအခါတွင် ပြည်တွင်းပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲတွင်း စစ်ဆေး ခြင်းများနှင့် ဒေသတွင်းပြိုင်ပွဲ များတွင် တားမြစ်ဆေးဝါးသုံးစွဲမှု စစ်ဆေးခြင်းတို့ကို နိုင်ငံ၏ အစီအစဉ်အရ ဘဏ္ဍာငွေခွင့်ပြု၍ စစ်ဆေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ Myanmar Anti-Doping Organization – (MADO) အနေဖြင့် အရှေ့တောင် အာရှ တားမြစ်ဆေးဝါး ဆန့်ကျင် ရေးအဖွဲ့နှင့် ကမ္ဘာ့တားမြစ် ဆေးဝါးဆန့်ကျင်ရေးအဖွဲ့တို့နှင့် လက်တွဲ၍ တားမြစ်ဆေးဝါး ဆိုင်ရာ သုတေသနလုပ်ငန်းများ နည်းပညာ အထောက်အပံ့များ ကူညီပေးစေလိုပါကြောင်း မြန်မာ နိုင်ငံတွင် သန့်ရှင်းသော အားကစားနယ်ပယ် ပေါ်ထွန်း လာရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဆွေးနွေးသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ အားကစား ဆိုင်ရာ ဝန်ကြီးများက သက်ဆိုင်ရာ နိုင်ငံများ၏ တားမြစ်ဆေးဝါး ဆိုင်ရာ တိုက်ဖျက်ရေးလုပ်ငန်း များ ဆောင်ရွက်နေမှု၊ တားမြစ် ဆေးဝါးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကြုံတွေ့နေရ သော အခက်အခဲများ၊ ဂျပန်နိုင်ငံ အားကစားဝန်ကြီးက 2020 Tokyo Olympic အားကစားပြိုင်ပွဲ တွင် တားမြစ်ဆေးဝါးသုံးစွဲခွင့် မရှိစေရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုတို့ကို ရှင်းလင်း တင်ပြခဲ့ကြပြီး သက်ဆိုင်ရာ နိုင်ငံ အသီးသီးမှ အတွေ့အကြုံများ၊ အခက်အခဲများ အပြန်အလှန် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်