
နေပြည်တော် ဇူလိုင် ၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းကာဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် နေ့စဉ်အရေအတွက် မြင့်တက် လျက်ရှိရာ မျိုးရိုးဗီဇပြောင်းရောဂါပိုးများကြောင့် ရောဂါကူးစက်မှုနှုန်းနှင့် ရောဂါပိုးတွေ့ရှိသည့်ရာခိုင်နှုန်း မြင့်မားနေခြင်းကိုလည်း တွေ့ရှိနေရ ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှု ၍ ပြည်နယ်/တိုင်းဒေသကြီး ဖြတ်ကျော်ကူးသန်းသွားလာမှုများ တွင် ရောဂါစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ သံသယလူနာများ၊ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ဓာတ်ခွဲနမူနာများ ရယူ စစ်ဆေးခြင်း၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ မိမိအိမ်တွင်သာနေထိုင်ခြင်း အစီအစဉ်တွင်ပါဝင်သည့် မြို့နယ် များအား အချိန်နှင့်တစ်ပြေးညီ တိုးချဲ့သတ်မှတ်ပေးလျက်ရှိခြင်း၊ (Stay at Home) အစီအစဉ်တွင် မပါဝင်သည့် မြို့နယ်များတွင်လည်း တိတိကျကျလိုက်နာရမည့် ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်၍ နေပြည်တော်ကောင်စီနယ်မြေနှင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးရှိ စီမံအုပ်ချုပ်ရေးအဖွဲ့အစည်း များဖြင့် ညှိနှိုင်းကာ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကာကွယ်ဆေး ၂ သန်းခန့် ထပ်မံရောက်ရှိမည်
ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ဆေးရရှိမှုပေါ်မူတည်၍ ဦးတည်အုပ်စုများကို အချိန်နှင့်တစ်ပြေးညီ ထိုးနှံပေးလျက်ရှိရာ ကာကွယ် ဆေး အပြည့်အဝရရှိပြီးသူ ၁ ဒသမ ၇၅ သန်းခန့်ရှိပြီဖြစ်ပါ ကြောင်း၊ မကြာမီအချိန်ကာလအတွင်း ကာကွယ်ဆေး ၂ သန်းခန့် ထပ်မံရောက်ရှိမည်ဖြစ်ပြီး ယခုနှစ်အတွင်း ကာကွယ်ဆေးများ နောက်ထပ် ထပ်မံရရှိမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့အစည်းများကိုလည်း မိမိတို့အစီအစဉ်ဖြင့် ကာကွယ်ဆေးများ တင်သွင်းရောင်းချထိုးနှံခွင့်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်ရေး အတွက် လမ်းဖွင့်ပေးထားပါကြောင်း။
အခမဲ့ဖြန့်ဝေပေးခြင်းများဆောင်ရွက်
ပြည်သူများအတွင်း ရောဂါကာကွယ်ရေးအပြုအမူများ ပိုမိုသတိပြု ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ပါးစပ်နှင့် နှာခေါင်း စည်း (Surgical Mask)များ ဖြန့်ဝေခြင်းကို ဇွန်လအတွင်း အရေအတွက် ၁၂ သန်း ဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍ နောက်ထပ်အရေအတွက် ၅ သန်းကို ဖြန့်ဝေပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ အဆိုပါ ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) များကို မြို့နယ်၊ ရပ်ကွက်၊ကျေးရွာများရှိ လူစည်ကားရာ စျေး၊ ကားဂိတ် စသည့်နေရာများတွင် အခမဲ့ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများ တင်းတင်းကျပ်ကျပ် ချမှတ်ရသည်နှင့်အတူ တစ်ဖက်တွင်လည်း ပညာရေး၊ လူမှုရေး၊ စီးပွားရေးထိခိုက်မှုများရှိလာနိုင်သည့်အတွက် စနစ်တကျ ချင့်ချိန်၍ ဆောင်ရွက်ပါကြောင်း၊ သို့သော် ရောဂါကူးစက်ဖြစ်ပွားမှုများပြားလာ သည်နှင့်အမျှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာစေရေးသည် အလွန်အဓိကကျသည့် အချက်ဖြစ်ပါ ကြောင်း။
စိစစ်ခွင့်ပြုပေးလျက်ရှိ
ရောဂါပိုးရှိသူနှင့် ထိတွေ့သူများကို ရှာဖွေဖော်ထုတ်၍ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် ဓာတ်ခွဲစစ်ဆေး၍ ပိုးတွေ့ရှိခြင်းမရှိသူများကို ပြည်သူလူထုအခြေပြု (Facility Quarantine Center) များတွင် နေထိုင်နိုင်ရေးတတ်နိုင်သရွေ့ စီစဉ်ပေးလျက်ရှိပါ ကြောင်း၊ အဆိုပါ နေရာများတွင် နေရာအခက်အခဲရှိပါက သတ်မှတ်ချက် နှင့် ပြည်စုံသူများကို မိမိအိမ်တွင်သာ အသွားအလာကန့်သတ်၍ နေထိုင် စေခြင်း (Home quarantine) ကို စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရောဂါပိုးတွေ့ရှိထားသည့် အတည်ပြုလူနာများကို လူနာ၏ ရောဂါ အခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်ချက်များအပေါ် မူတည်၍ ကုသရေးစင်တာများတွင် ဦးစွာထားရှိ၍ လိုအပ်ပါက ဗဟို အဆင့်ဆေးရုံကြီးများသို့ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများကိုလည်း တိုးချဲ့ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် သံသယလူနာ (PUI) လက်ခံကုသခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအများစု တွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အထူးဦးစားပေးလုပ်ငန်းတစ်ခုအဖြစ်ဆောင်ရွက်
ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ အဓိကအရေးပါသည့် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးကိုလည်း အထူးဦးစားပေး လုပ်ငန်း တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရရှိထားသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ လူသားအရင်းအမြစ်များကိုလည်း စနစ်တကျ စီမံခန့်ခွဲ ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် လူသားအရင်းအမြစ်များ တိုးတက်ရရှိစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို စနစ်တကျ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှသာ ဆေးရုံများ နှင့် ကုသရေးစင်တာများတွင် လူနာများ ပြည့်လျှံလာခြင်းကို ရှောင်လွှဲ နိုင်မည်ဖြစ်ပြီး ရောဂါကြောင့် သေဆုံးမှုများကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်းက နေ့စဉ်များပြားလျက်ရှိသည့် လူနာ ဦးရေကို လက်ခံကုသပေးနိုင်ရန်အတွက် (Bed Management Committee) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လူနာလက်ခံကုသနိုင်မည့် ခုတင်အရေအတွက် တိုးမြှင့်နိုင်မည့်အခြေအနေ၊ လူ့စွမ်းအား အရင်းအမြစ်အခြေအနေများကို တင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်က တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေးသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်