မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား One Stop Services စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ပေးခြင်းများ ယနေ့စတင်ဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၇


မြန်မာနိုင်ငံအတွင်း တရားမဝင် ရောက်ရှိ သုံးစွဲ နေသော    မော်တော်ဆိုင်ကယ်များအား  One Stop Services (OSS)  စီမံချက်ဖြင့်   တရားဝင် မှတ်ပုံတင်ပေးခြင်းလုပ်ငန်းအား    သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင်  ယနေ့ စတင်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။


ဥပဒေနှင့်အညီ  တရားဝင်မှတ်ပုံတင်ပေးခြင်း ဖြင့်   တရားမဝင်    မော်တော်ဆိုင်ကယ်များ လျော့နည်းပပျောက်စေရန်၊   မော်တော်ဆိုင်ကယ် အသုံးပြု၍ ပြစ်မှုကျူးလွန်မှုများအား ထိရောက်စွာ ဖော်ထုတ်အရေးယူနိုင်ရန်၊       ပြည်သူအများ သွားလာပို့ဆောင်မှုအဆင်ပြေစေရန်၊   သယ်ယူ ပို့ဆောင်ရေးကဏ္ဍ    တိုးတက်ဖြစ်ထွန်းစေရန် ဟူသော    ရည်ရွယ်ချက်များဖြင့်   မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား  OSS စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ပေးခြင်းဖြစ်ပြီး   ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန    ရုံးစိုက်ရာ တိုင်းဒေသကြီး/  ပြည်နယ်/  ခရိုင်ရုံး(၄၉)ရုံး၌ ဌာနဆိုင်ရာ  ပူးပေါင်းလုပ်ငန်းအဖွဲ့များဖြင့် လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ 


OSS စီမံချက်ဆိုင်ရာ အခွန်/အခ   နှုန်းထား များအပါအဝင်  အသေးစိတ်အချက်အလက်များ အား သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနရုံးများတွင်  ကြိုတင်အသိပေး ကြေညာ ထားမည်ဖြစ်ကြောင်း၊         စီမံချက်ကာလအား OSS ရုံးအလိုက် စတင်လက်ခံဆောင်ရွက်ပေးသည့်ရက်မှ   ရုံးဖွင့်ရက် ပေါင်း(၃၀) သတ်မှတ်ထားကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက   ထုတ်ပြန်ထားသော COVID-19    ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ Standard Operating Procedures များနှင့်အညီ စနစ်တကျ  စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရှိရသည်။


ပြည်သူများအနေဖြင့်    တရားမဝင်   မှတ်ပုံတင်မဲ့  မော်တော် ဆိုင်ကယ်များ     လက်ဝယ်ရှိပါက သတ်မှတ်ကာလအတွင်း တရားဝင် မှတ်ပုံတင်ခြင်းကို   မပျက်မကွက်  ဆောင်ရွက်ကြပါရန်၊ နောင်တွင် တရားမဝင် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို     ဝယ်ယူအသုံးပြု ခြင်း   မပြုကြပါရန်နှင့် တရားဝင်  အခွန်ပေးဆောင်ပြီး  တင်သွင်း ရောင်းချသော မော်တော်ဆိုင်ကယ်များကိုသာ   ဝယ်ယူ၍ တရားဝင် မှတ်ပုံတင်ပြီးမှ စီးနင်းအသုံးပြုကြပါရန် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနက    အသိပေးကြေညာထားကြောင်း   သတင်းရရှိ သည်။   


သတင်းစဉ်