စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၆၂၆၄၀ ရှိလာ

 

 

စင်ကာပူ ဇူလိုင် ၆ 


စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၀ ဦးတိုးလာကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၂၆၄၀ ရှိလာခဲ့သည်။
အသစ်ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ဒေသတွင်းကူးစက် ဖြစ်ပွားသူနှစ်ဦးရှိပြီး ကူးစက်ခံရသူနှစ်ဦးမှာ ဆက်စပ်မှုမရှိကြောင်း သိရသည်။
ကျန်ကူးစက်ဖြစ်ပွားသူ ရှစ်ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၎င်းတို့ကို အိမ်တွင်း၌နေထိုင်ရန် ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။ ၎င်းတို့ ခုနစ်ဦးမှာ ရောက်ရောက်ချင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနေကြောင်း စမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၉၉ ဦးကို ဆေးရုံများတွင် စောင့်ကြည့်လျက်ရှိပြီး အများစုမှာ  အခြေအနေကောင်းမွန်ကြောင်း သိရသည်။     လတ်တလောတွင်     အရေးပေါ်လူနာ    ရှစ်ဦးရှိကာ အောက်ဆီဂျင်လိုအပ်လျက်ရှိပြီး အခြားသုံးဦးအား အထူးကြပ်မတ် ကုသဆောင်တွင်  ကုသပေးလျက်ရှိသည်။ 
နိုင်ငံလုံးဆိုင်ရာ   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး  အစီအစဉ်အရ စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၅၈၅၈၅၇၁ခု ထိုးပေးပြီးပြီဖြစ်ကြောင်း သိရသည်။ ထို့နောက် ၃၆၇၀၈၆၂ ဦးကို ပထမအကြိမ်   ကိုဗစ်-၁၉ ကာကွယ်ဆေး  လွှမ်းခြုံထိုးပေးထားပြီး ၂၁၈၇၇၀၉ ဦးကို  ကာကွယ်ဆေးနှစ်ကြိမ်    အပြည့်အဝထိုးပေးထား ကြောင်း သိရသည်။                                                                       ဆင်ဟွာ