သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်

နေပြည်တော်   ဇူလိုင်   ၅


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၁၉) သီရိရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ  ကျင်းပသည်။ 


လမ်းညွှန်မှာကြား


အခမ်းအနားတွင်  သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက် ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ်လူသားအရင်းအမြစ်များ  လိုအပ်မည် ဖြစ်ပြီး အခြေခံမှာ အတန်းပညာတတ်မြောက်ရန်ပင် ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း” ကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊  ၂၀၂၁-၂၀၂၂   ပညာ သင်နှစ်အတွက် မူလတန်းမှ အထက်တန်းအဆင့်အထိ တက်ရောက်မည့်  ကျောင်းသား   ကျောင်းသူများ အတွက် နိုင်ငံတော်အစီအစဉ်ဖြင့်  အခမဲ့ပညာရေး စနစ်ကို  အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသကဲ့သို့   ဝန်ကြီးဌာနအနေဖြင့်လည်း    တစ်ဖက် တစ်လမ်းက  ပညာသင်ထောက်ပံ့ကြေးများ ပံ့ပိုးပေး ခြင်းကြောင့် ကျောင်းသား ကျောင်းသူများ၏ ပညာရေး အတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်  လိုအပ်သော သားကောင်းရတနာ၊     သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် လိုကြောင်း ပြောကြားသည်။


ပညာသင်ထောက်ပံ့ကြေးပေးအပ်

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီး  ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊  ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ ၁၆၆ ဦး၊   အထက်တန်း ကျောင်းသား ကျောင်းသူ ၄၈ ဦး၊ အလယ်တန်း ကျောင်းသား ကျောင်းသူ ၇၁ ဦး၊    မူလတန်း   ကျောင်းသား ကျောင်းသူ ၁၃၉ ဦး  စုစုပေါင်း   ၄၂၄  ဦး၏ ပညာသင် ထောက်ပံ့ကြေးများကို      ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။            

 

  သတင်းစဉ်