
နေပြည်တော် ဩဂုတ် ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံစိုက်ပျိုး ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် မင်းလှသာစည်ကျေးရွာသို့ ရောက်ရှိစစ်ဆေးပြီး မိမိ တို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာ ကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ညီမျှသောမျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အသေးစားတစ်ပိုင် တစ်နိုင် ကုန်ထုတ်လုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများအတွက် သမဝါယမအသင်းရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့် လိုအပ် သည့် မတည်ရင်းနှီးငွေများ ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုအခါ မြင်းကပါကျေးရွာကို ခေတ်မီ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village) ၏ အဓိကကဏ္ဍကြီး(၆)ရပ်ဖြစ်သည့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှု ကူညီထောက်ပံ့မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မား ရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာအားကောင်းစေ ခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှု ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ကျေးရွာ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပျော်ဘွယ်မြို့ရှိ မန်းရတနာဝါဂွမ်းနှင့် ဝါမျိုးစေ့ရောင်းဝယ်ရေးစက်ရုံများသို့ ရောက်ရှိပြီး တိုးချဲ့ဆောင်ရွက်လိုသည့် ဝါကြိတ်စက်ကို သမဝါယမ စနစ်ဖြင့် အရင်းအနှီးထောက်ပံ့ပေးနိုင်ရေးနှင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပျော်ဘွယ်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာနများမှဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည် များမှာကြားကာ ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ရမည်းသင်းမြို့နယ် ကူတိုကျေးရွာ ရှိ ရတနာရွှေကူစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၌ကျင်းပသည့် ဝါစိုက်အသင်းသား တောင်သူများနှင့် တွေ့ဆုံ၍ ဝါမျိုးစေ့ပေးအပ်ပွဲနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက် ပြီး ပြည်ထောင်စုဝန်ကြီးက အသင်းသား တောင်သူ ၈၆ ဦး၏ ဝါစိုက်ဧက ၂၃၂ ဧက အတွက် India နိုင်ငံ ထုတ် RAKA ဝါမျိုးစေ့များနှင့် သွင်းအားစု ဓာတ်မြေ ဩဇာများကိုပေးအပ်ခဲ့ပြီး(ဝဲပုံ) အသင်းသားတောင်သူ များ၏ ဝါစိုက်ခင်းများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကူတို ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ် ခဲ့သည့် ဝင်ငွေတိုးစီမံကိန်းသင်တန်းမှ ထူးချွန်သူ သင်တန်းသား ငါးဦး စပျစ်ဝိုင်ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ ဇေယျာသီရိ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ရင်ကွဲပင် ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေ ကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ၌ သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းနှင့် ကျောက်စိမ်းလယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော အိမ်ရှင်မဆီစက်တည်ဆောက် နေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်