
ထွန်းကျော်
အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီက ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက် ဖြစ်ပွားသူအရေအတွက်ဟာ ၄၈၇၈၆ ဦး ဖြစ်လာပြီး ၅ဝဝဝဝ နား အထိရှိလာတဲ့အတွက် စုစုပေါင်းကိုဗစ်-၁၉ အတည်ပြု ဖြစ်ပွားသူ သန်း ၃ဝ ကျော်အထိ ရှိလာခဲ့ပါတယ်။ အတိအကျပြောရမယ်ဆိုရင် တော့ ၃ဝ၄၁၁၆၃၄ ဦးအထိ ရှိလာတယ်လို့ ကျန်းမာရေးနဲ့ မိသားစု ရေးရာဝန်ကြီးဌာနရဲ့ ဇူလိုင် ၁ ရက် နံနက် ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၁ဝဝ၅ ဦး တိုးလာမှုနဲ့အတူ စုစုပေါင်းသေဆုံးသူ ၃၉၉၄၅၉ ဦးအထိ ရှိလာခဲ့ ပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှု တစ်စတစ်စတိုးလာ
ဇူလိုင် ၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့အချက်အလက်အရ နိုင်ငံ အတွင်း နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ကင်းစင်လာသူ ၆၁၅၈၈ ဦးရှိလာတဲ့အတွက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ကင်းစင်လာသူပေါင်းဟာ ၂၉၄၈၈၉၁၈ ဦး ရှိလာခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၉၆ ဒသမ ၉၇ ရာခိုင်နှုန်းရှိပါတယ်။ လတ်တလော နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ရာခိုင်နှုန်းဟာ ၁ ဒသမ ၇၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တဲ့အတွက်ကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိသူ ၅၂၃၂၅၇ ဦးရှိပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက်ဟာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်မှာ နှစ်သန်းကျော်လွန်ခဲ့ပါတယ်။ သြဂုတ် ၂၃ ရက်မှာတော့ သုံးသန်းအထိရှိလာခဲ့ပြီး စက်တင်ဘာ ၅ ရက်နေ့မှာတော့ လေးသန်းအထိရောက်ရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ ငါးသန်းအထိရောက်ရှိခဲ့ပြီး စက်တင်ဘာ ၂၈ ရက် နေ့မှာတော့ ခြောက်သန်းကျော်လွန်လာခဲ့ပါတယ်။ ထို့အတူ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ ခုနစ်သန်းအထိရှိလာသလို အောက်တိုဘာ ၂၉ ရက်မှာ ရှစ်သန်းကျော်လွန် ခဲ့ပါတယ်။ နိုဝင်ဘာ ၂ဝ ရက်မှာတော့ ကိုးသန်းအထိရှိလာခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်မှာ တော့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလာသူအရေအတွက်ဟာ ၁ဝ သန်း အထိ ကျော်လွန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မေ ၄ ရက် မှာတော့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလာသူပေါင်းဟာ မှတ်တမ်းတင် ရလောက်အောင် သန်း ၂ဝ ကျော်အထိ ရှိလာခဲ့ပြီးတော့ ဇွန် ၂၃ ရက် မှာတော့ သန်း ၃ဝ ကျော်လွန် ရောက်ရှိခဲ့ပါတယ်။
ကိုဗစ်စည်းမျဉ်းများကို အကောင်အထည်ဖော်ဖို့ တိုက်တွန်း
ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူ ၇ဝ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်-၁၉ ရောဂါနှိပ်စက်မှုကြောင့်ဖြစ်တယ်လို့ သတိပေးပြောကြား ခဲ့ပါတယ်။ မိမိတို့ထုတ်ပြန်လိုက်တဲ့ ကိုဗစ်-၁၉ ဆက်စပ်သေဆုံးသူ အရေအတွက်တွေဟာ အိန္ဒိယဆေးသုတေသနကောင်စီနဲ့ ညှိနှိုင်းပြီး ထုတ်ပြန်ထားတာပါလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအရေအတွက် တဖြည်းဖြည်း ကျဆင်းခဲ့သော်လည်း သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ ပြည်နယ်အုပ်ချုပ် ရေးမှူးအဆင့်ဆင့်ကို ထိရောက်တဲ့ ကိုဗစ်-၁၉ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။
ဒယ်လ်တာပလက်စ်ကူးစက်မှုပျံ့နှံ့
အခုတစ်ခါမှာတော့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ မျိုးစိတ်သစ်တစ်ခု ဖြစ်တဲ့ ဒယ်လ်တာပလက်စ် ကူးစက်ဖြစ်ပွားမှုဟာ အတော်လေးပျံ့နှံ့ နေပါတယ်။ အိန္ဒိယနိုင်ငံမှာ အခြေခံတဲ့ ဒီကိုဗစ်-၁၉ မျိုးစိတ်သစ်ဟာ အခုအခါမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးကို ကူးစက်ပျံ့နှံ့နေတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ဒီကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်ဖြစ်ပွားမှု ကို အတတ်နိုင်ဆုံး ကာကွယ်သွားဖို့ နည်းလမ်းတွေ ချမှတ်အကောင် အထည်ဖော်လျက်ရှိပါတယ်။
ဒယ်လ်တာပလက်စ်ဟာ အရင်ကတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ထက် ကူးစက်ဖြစ်ပွားမှု ပိုမိုမြန်ဆန်ပါတယ်။ သို့သော်လည်း ဒယ်လ်တာပလက်စ်ဟာ ဒယ်လ်တာထက် ပိုပြီးကူးစက်မှုမြန်သလား၊ မမြန်ဘူးလားဆိုတာကိုတော့ သိပ္ပံပညာရှင်တွေ ဆက်လက်ရှာဖွေ လျက်ရှိပါတယ်။
မျက်ခြည်မပြတ်စောင့်ကြည့်
အိန္ဒိယနိုင်ငံမှာရှိတဲ့ သိပ္ပံပညာရှင်တွေဟာ ဒယ်လ်တာပလက်စ် ကိုဗစ်-၁၉ မျိုးစိတ်သစ်ကို မျက်ခြည်မပြတ် ဆက်လက်စောင့်ကြည့် လျက်ရှိပါတယ်။ ဒယ်လ်တာပလက်စ် ကိုဗစ်-၁၉ မျိုးစိတ်သစ်ဟာ ဒယ်လ်တာမျိုးစိတ်သစ်ကနေ အသွင်ပြောင်း ဖြစ်ပေါ်လာတဲ့ ကိုဗစ်-၁၉ မျိုးစိတ်သစ်တစ်မျိုးဖြစ်ပါတယ်။ ဒယ်လ်တာပလက်စ်ရဲ့ ကူးစက် ဖြစ်ပွားနိုင်မှုတွေကို စောင့်ကြည့်လျက်ရှိပြီး ဒီမျိုးစိတ်သစ်ကို ထိရောက်စွာကာကွယ်နိုင်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကိုလည်း စမ်းသပ်လျက်ရှိပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ ကတော့ ဒယ်လ်တာပလက်စ်ဟာ ဒယ်လ်တာထက် ပိုပြီးလျင်မြန်စွာ ကူးစက်ဖြစ်ပွားမယ့်သဘောမတွေ့ရဘူးလို့ သုံးသပ်ထားပါတယ်။ ဘယ်လိုပဲဆိုဆို ဒယ်လ်တာလည်း ကြောက်ဖို့ကောင်းသလို ဒယ်လ်တာ ပလက်စ်လည်း ကြောက်ဖို့ကောင်းတဲ့ ကိုဗစ်-၁၉ မျိုးစိတ်သစ်ဆိုတာ တော့ ငြင်းမရပါဘူး။
ကိုဗစ်-၁၉ ပြန်လည်တစ်ကျော့ပြန်ဖြစ်စေခဲ့တဲ့ တရားခံ
ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ်ဟာ ဒုတိယအကျော့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို အဓိကဖြစ်ပွားစေခဲ့တဲ့ တရားခံဖြစ်ပြီး သူ့ကို အိန္ဒိယနိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ နောက်တော့သူဟာ AY-1 နဲ့ AY-2 အဖြစ် တဖြည်းဖြည်းနဲ့ အသွင်ပြောင်းခဲ့ပါတယ်။ ဒီလိုသန္ဓေပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ မျိုးနွယ်ခွဲတွေကိုပဲ ဒယ်လ်တာ ပလက်စ်လို့ ခေါ်ရတာဖြစ်ပါတယ်။
ဒီအသွင်ပြောင်း ဒယ်လ်တာပလက်စ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကတော့ စိုးရိမ်စရာအဖြစ် သတိပေးထားပါတယ်။ အခုလတ်တလောမှာတော့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဒယ်လ်တာ ကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ်သစ် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားလျက် ရှိပါတယ်။
ကာကွယ်ဆေးထိုးထားကြ
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ကာကွယ်ဖို့ အိန္ဒိယနိုင်ငံမှာတော့ လူဦးရေ ၁၉ ရာခိုင်နှုန်းကို အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တော့ထိုးပေးခဲ့ပြီးပါပြီ။ ကိုဗစ်-၁၉ အပြည့်အဝနှစ်ကြိမ်ထိုးပေးပြီးခဲ့တဲ့ လူဦးရေဟာ ၄ ရာခိုင်နှုန်းလောက်ရှိလာပါပြီ။ အခုတော့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုကို နှစ်ဆ တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် အရင်က တစ်နေ့ကို ပျမ်းမျှ အားဖြင့် သုံးသန်းထိုးပေးခဲ့သော်လည်း အခုတော့ ခြောက်သန်းအထိ ထိုးပေးခဲ့ပါတယ်။
ကိုဗစ်ရှီးလ် တစ်ကြိမ်ထိုးနှံတာနဲ့တင် ဒယ်လ်တာ မျိုးစိတ်သစ် ကြောင့့် ဖြစ်ပေါ်လာနိုင်တဲ့ ပြင်းထန်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ၇ဝ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တယ်လို့ ပြောစေဦးတော့ ဒယ်လ်တာပလက်စ်ကိုတော့ ကာကွယ်နိုင်မလားဆိုတာ မသိရသေး ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး တိကျတဲ့အဖြေလည်း မရသေးပါဘူး။ ဒါကြောင့် ကိုဗစ်-၁၉ ကို နေ့စဉ်လူနေမှုဘဝမှာ အထူးသတိထားပြီး ကာကွယ်ကြရဦးမှာ ဖြစ်ပါတယ်။
ကိုးကား - အင်ဒီးယန်းတိုင်းမ်