
လင်းလက်ကြယ်
လက်တလော ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်)တိုက်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ စတဲ့ နိုင်ငံအချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှု များစွာဖြစ်ပွားနေပေမယ့် ဇင်ဘာဘွေ၊ နမီးဘီးယားစတဲ့ အာဖရိကနိုင်ငံအချို့မှာ မိုးခေါင်ရေရှားမှုကြောင့် သဘာဝဘေးအန္တရာယ် အရေးပေါ် အခြေအနေကြေညာရတဲ့အထိ ဖြစ်ပွားလျက်ရှိပါတယ်။
အိန္ဒိယနိုင်ငံမှာ ၃၂ ဦး သေဆုံးပြီး
အများအပြား ဒဏ်ရာရ
ဆိုင်ကလုန်းမုန်တိုင်း ရီမယ် (လ်) တိုက်ခတ်မှုမှဖြစ်ပေါ်လာတဲ့ မိုးသည်း ထန်စွာရွာသွန်းမှုနဲ့ မြေပြိုကျမှုတွေ ကြောင့် အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါ ပြည်နယ်နဲ့ အရှေ့မြောက်ပိုင်းပြည်နယ် လေးခုမှာ လူပေါင်း ၃၂ ဦး ထက် မနည်း သေဆုံးကာ အခြားအများအပြား ထိခိုက် ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူတွေက မေ ၂၉ ရက်မှာ ပြောပါတယ်။
သစ်ပင်တွေနဲ့ လျှပ်စစ်ဓာတ် တိုင်တွေ လဲပြိုကျမှုတွေက ပြည်နယ်ရှိ ဒေသအများအပြားကို ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် နေအိမ်တွေနဲ့ လယ်ယာမြေတွေ လည်း ရေနစ်မြုပ်မှုဖြစ်ပွားစေပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းပိုင်းဝင် ရောက်လာတာကြောင့် ဒေသန္တရအစိုးရ က ဘေးကင်းလုံခြုံမှုမရှိတဲ့ ဒေသတွေက လူပေါင်း ၁၀၀၀၀၀ ကျော်ကို ဘေးလွတ် ရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူပေါင်း သန်းနှင့်ချီ မုန်တိုင်းဒဏ် ခံခဲ့ရ
ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) က အိန္ဒိယနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုလည်း ဝင်ရောက်တိုက်ခတ်ခဲ့ပါ တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်း မှာရှိတဲ့ ခရိုင်ခြောက်ခုကို ဆိုင်ကလုန်း မုန်တိုင်းရီမယ် (လ်) ဝင်ရောက်တိုက်ခတ် ခဲ့တာကြောင့် ၁၀ ဦးထက် မနည်း သေဆုံးကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲ ရေးနဲ့ ကယ်ဆယ်ရေးဝန်ကြီး မိုဟီဘာ ရာမန်က မေ ၂၇ ရက်မှာ ပြောပါတယ်။ အင်အားအလွန်ပြင်းထန်တဲ့ မုန်တိုင်း ဒဏ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရိုင် ၁၉ ခု မှ လူပေါင်းသန်းနှင့်ချီ ခံခဲ့ရကြောင်းနဲ့ အိုးအိမ် ၁၄၈၅၃၃ လုံးမှာလည်း အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်းပျက်စီး ဆုံးရှုံးမှုဖြစ်ပွားကြောင်း ပြောပါတယ်။
မုန်တိုင်းမဝင်ရောက်မီ လူပေါင်း တစ်သန်းနီးပါးကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်းလည်း ရာမန် က ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကမ်းရိုးတန်းဒေသတွေမှာ လေပြင်း တိုက်ခတ်မှုတွေကြောင့် သစ်ပင်နဲ့နေအိမ် တွေ လဲပြိုကျခြင်း၊ အဆောက်အအုံအမိုး တွေ လန်ကျခြင်းတို့အပြင် ဒေသအများ အပြားမှာလည်း လျှပ်စစ်နဲ့ ရေပြတ် တောက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့ပြင် မုန်တိုင်းရီမယ်(လ်)ကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ရထားလမ်း၊ လမ်းနဲ့ လေကြောင်း ခရီးသွားလာရေးတို့မှာ လည်း အခက်ကြုံခဲ့ရပါတယ်။
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ မုန်တိုင်း ရီမယ်(လ်)ကြောင့် မိုးသည်း ထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်နေပေမယ့် ဇင်ဘာဘွေ၊ နမီးဘီးယား စတဲ့အာဖရိက နိုင်ငံအချို့မှာတော့ ဆိုးရွားလှတဲ့မိုးခေါင် ရေရှားမှုဟာ မမျှော်လင့်ထားတဲ့အဆင့် တစ်ခုကိုရောက်ရှိနေပြီး အခက်အခဲတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံအထိ တိုးမြှင့်တောင်းခံထား
ဇင်ဘာဘွေနိုင်ငံမှာ မိုးခေါင် ရေရှားမှုကြောင့် လာမယ့်နှစ် မတ်လ အထိ စားရေရိက္ခာ မလုံလောက်မှုနဲ့ ကြုံတွေ့နိုင်ဖွယ်ရှိတဲ့ နိုင်ငံ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးဖို့အတွက် လွန်ခဲ့တဲ့လက ကနဦး အကူအညီ တောင်းခံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကနေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံအထိ မကြာသေးမီက တိုးမြှင့်တောင်းခံလိုက်ပါတယ်။
လက်ရှိ စားရေရိက္ခာလုံလောက်မှု မရှိတဲ့အရေအတွက်မှာ ကိုးသန်းရှိတယ် လို့ ခန့်မှန်းရကြောင်း၊ ယင်းအရေအတွက် မှာ ကနဦး ၇ ဒသမ ၇ သန်းမှ တိုးလာခြင်း ဖြစ်ကြောင်းနဲ့ နိုင်ငံ့လူဦးရေရဲ့ ၆၀ ရာခိုင် နှုန်းနဲ့ညီမျှကြောင်း ဒေသန္တရအစိုးရနဲ့ ပြည်သူ့လုပ်ငန်းဝန်ကြီး ဒန်နီရယ်ဂါဝီက ပြောပါတယ်။
ကုလသမဂ္ဂနဲ့ ပူးတွဲစားရေရိက္ခာ အကူအညီတောင်းခံမှု စတင်လိုက်ပြီး ယနေ့အချိန်အထိ ထောက်ပံ့ကူညီမှုတွေ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိတ်ဖက်များကို ဂါဝီက ကျေးဇူး တင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်း အဲဒီလို စားရေရိက္ခာလိုအပ် နေသူတွေကို ကူညီဖို့ ၎င်းတို့ရဲ့ ပံ့ပိုး ကူညီမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အတွက်လည်း ဂါဝီက တိုက်တွန်းခဲ့ပါ တယ်။
လွန်ခဲ့တဲ့လမှာ သမ္မတ အမ်မာဆန် က မိုးခေါင်ရေရှားမှုကြောင့် ဇင်ဘာဘွေ နိုင်ငံဟာ သဘောဝဘေးအန္တရာယ် အရေး ပေါ်အခြေအနေနဲ့ ကြုံတွေ့နေရကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထို့ပြင် ၎င်းက မိုးခေါင်ရေရှားမှုကို တုံ့ပြန် ဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
ကုလသမဂ္ဂက ဇင်ဘာဘွေနိုင်ငံမှာ မိုးခေါင်ရေရှားမှုကြောင့် အခက်အခဲ ကြုံတွေ့နေတဲ့ လူပေါင်း ၃ ဒသမ ၁ သန်း နီးပါးကို ကူညီပေးနိုင်ဖို့ အမေရိကန် ဒေါ်လာ ၄၂၉ ဒသမ ၃ သန်း အကူအညီ တောင်းခံမှုတစ်ရပ် စတင်လိုက်ပါတယ်။
နမီးဘီးယားနိုင်ငံ၌ အရေးပေါ်အခြေအနေကြေညာ
ဇင်ဘာဘွေနိုင်ငံနည်းတူ နမီးဘီး ယားနိုင်ငံကလည်း နိုင်ငံအတွင်း ဒေသ ၁၄ ခုလုံး ထိခိုက်စေတဲ့ ပြင်းထန်မိုးခေါင် ရေရှားမှုကို တုံ့ပြန်ဆောင်ရွက်ဖို့ အရေး ပေါ်အခြေအနေ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ မိုးခေါင်ရေရှားမှုက ထိခိုက်ခံစားရတဲ့ အိမ်ထောင်စုတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ခြိမ်းခြောက် လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံးမှ ပြည်သူ့ ဆက်ဆံရေးအရာရှိချုပ် ရင်ဂို မူတမ်ဘိုက ဆိုပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ မိုးခေါင် ရေရှားမှုလျော့ပါးရေး အစီအစဉ်အတွက် ခွဲဝေချထားတဲ့ အစိုးရရဲ့ ဘတ်ဂျက် နမီးဘီးယားဒေါ်လာ ၈၂၅ သန်းကို ဖြည့်ဆည်းဖို့အတွက် နောက်ထပ် အရင်းအမြစ်တွေ လိုအပ်ကြောင်း မူတမ်ဘိုက ဆိုပါတယ်။ ဒါကြောင့် မိုးခေါင်ရေရှားမှု လျော့ပါးရေးအစီအစဉ် ကို အလုံးစုံအကောင်အထည်ဖော်နိုင်ဖို့ နောက်ထပ် အရင်းအမြစ်တွေနဲ့အတူ အစိုးရကိုပံ့ပိုးကူညီရေးအတွက် ပုဂ္ဂလိက ကဏ္ဍတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက် တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ၎င်းက တောင်းဆိုထားပါတယ်။
၂၀၁၃၊ ၂၀၁၆ နဲ့ ၂၀၁၉ ခုနှစ်တို့မှာ အရေးပေါ်အခြေအနေထုတ်ပြန်
နမီးဘီးယားနိုင်ငံဟာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုကြောင့် ၂၀၁၃ ခုနှစ်၊ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တို့မှာ အရေး ပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ သလို ယခု ၂၀၂၄ ခုနှစ်မှာလည်း အလားတူ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ယခုလို မိုးခေါင်ရေရှားမှုက စီးပွားရေး အထူးသဖြင့် စိုက်ပျိုးရေးကို သိသိသာသာ ထိခိုက်မှုဖြစ်ပွားစေပြီး သီးနှံအထွက်နှုန်းလျော့ကျစေကာ မွေးမြူ ရေးတိရစ္ဆာန်ဆုံးရှုံးမှုကိုလည်း ကြီးကြီး မားမား ထိခိုက်စေပါတယ်။
ဒါ့အပြင် စားနပ်ရိက္ခာမလုံလောက်မှု ကိုလည်း မြင့်တက်စေပါတယ်။ ဥပမာ အားဖြင့် ၂၀၁၉ ခုနှစ်က မိုးခေါင်ရေရှားမှု အတွင်းမှာဆိုရင် မွေးမြူရေးတိရစ္ဆာန် အကောင်ရေ ၁၀၀၀၀၀ နီးပါး သေဆုံး ကာ စိုက်ပျိုးရေးထုတ်လုပ်မှုမှာလည်း စံချိန်တင်ကျဆင်းမှု ဖြစ်ပွားခဲ့ပါတယ်။
ကိုးကား - ဆင်ဟွာ