
ပွဲခါညောင်ရေ သွန်းမြဲပေတည့်
v ဖွားပွင့်ဟောစံ မှတ်ရန် ကဆုန်
လပြည့်ကြုံသား မြတ်ဘုရား၏
ထူးခြားပါပေ သံဝေဇနိယ
လေးဌာနမှ ဗုဒ္ဓပွင့်ရာ
ညောင်ပင်သာကို အေးရာအေးကြောင်း
သွန်းလောင်းသမှု ပြုကြအစုံ
ဤကဆုန်တည်း။
v မြေသင်းရနံ့ သင်းပျံ့ထုံမွှေး
လေညင်းသွေးလျှင် မင်းလွင်ကမြူး
သည်တန်ခူးကုန် လ ကဆုန်ဝယ်
လွမ်းဖွယ်သာမော သည်တောသည်တောင်
လျှိုမြောင်စိမ့်စမ်း အံ့မခန်းသား
ဖမ်းစားစိတ်ကို အလွမ်းပိုသည်
ပင်ကိုအလှ ကဆုန်လ။
v စကားထုံသင်း တုလွတ်ကင်းစွာ
ငှက်ပေါင်းသာသို့ တိမ်ဝါတစ်ဖုံ
ဂဠုန်လိုဝဲ ကောင်းကင်ထဲ၌
ဆင်မြဲရောင်စုံ လှမျိုးကုန်အောင်
သာလွန်ပေစွ ကဆုန်လ။
v ဤလ ကဆုန် ဖွဲ့မကုန်သည်
လုံးစုံသာမော တောနှင့်တောင်စွယ်
ခက်ချင်းနွယ်သည့် ဘယ်ဝယ်အရေး
အပူအေးဖို့ သွန်းပေးလျက်သာ
ဖော်သဟာတို့ ပျော်ဖို့အမြဲ
ပွဲခါညောင်ရေ သွန်းမြဲပေတည့်
များထွေလူများ မှတ်ယူသွားလော့။
v ပရိဘောဂစေတီ ထိုက်သည်အစဉ်
ဤညောင်ပင်ကို ထာဝစဉ်ရှင်သန်
ရှိရန်အရေး မျှော်တွေးစုပေါင်း
သွန်းလောင်းညောင်ရေ ခေါ်ကြပေသည်
ညောင်ရေသွန်းသည့် ဤပွဲတော်။
ဘိုမျိုး(ရွှေဘို)
ပခုက္ကူဦးအုံးဖေစာမူဆုရ