
မိုး/ဇလ
ရာသီဥတုပြောင်းလဲလာခြင်း၏အကျိုးဆက်များ
ရာသီဥတုပြောင်းလဲလာခြင်း၏ အကျိုးဆက်များ ကြောင့် ကမ္ဘာ့နိုင်ငံအများစု၏ ရေဆိုင်ရာကဏ္ဍများ တွင် တိုက်ရိုက်အကျိုးဆက် ခံစားရလျက်ရှိပြီး ယင်းအကျိုးသက်ရောက်မှုသည် သက်ရှိလူသား များ၊ ဂေဟစနစ်များအပြင် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် စက်မှုကဏ္ဍ စသည့်ကဏ္ဍအသီးသီးတို့ကိုပါ ထိခိုက် စေလျက်ရှိကြောင်း တွေ့ရှိကြရပါသည်။ ၂၀ ရာစု နှစ်လယ်ပိုင်းမှစတင်ပြီး ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ရေသံသရာလည်မှုများကို ထင်ရှားစွာ ပြောင်းလဲမှု များ ဖြစ်ပေါ်လာသည်ကိုလည်း တွေ့ရှိခဲ့ကြရပါ သည်။ ဤပြောင်းလဲမှုများသည် ကမ္ဘာပေါ်ရှိ ရေ အရင်းအမြစ်၊ ရေနှင့် သန့်ရှင်းရေ ရရှိနိုင်မှုများအပေါ် များစွာသက်ရောက်မှုရှိသည်ကိုလည်း တွေ့ရှိကြရပါ သည်။ ရာသီဥတုပြောင်းလဲမှုများ၏ သက်ရောက်မှု ကြောင့် မိုးခေါင်ခြင်း၊ မိုးသည်းထန်ခြင်း၊ အပူချိန် မြင့်မားခြင်းနှင့်အတူ ရေငွေ့ပြန်ခြင်းနှင့် ရေလိုအပ်ချက် များ မြင့်မားလာခြင်း၊ ရေခဲတောင်များ အရည်ပျော် ခြင်းနှင့် မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာခြင်း၊ လွန်ကဲ မိုးလေဝသဖြစ်စဉ်အရေအတွက် တိုးမြင့်လာခြင်း စသည်တို့ကြောင့် ရေလိုအပ်ချက်ပုံစံပြောင်းလဲလာခြင်းများ ဖြစ်ပေါ်စေသည်ကို တွေ့ရှိကြရပါသည်။
ရာသီဥတုပြောင်းလဲလာခြင်း၏ သက်ရောက်မှု များကြောင့် ရေနှင့် ဆက်စပ်ပြီး တွေ့ကြုံခံစားကြရ သော်လည်း ရေသည် ရာသီဥတုပြောင်းလဲခြင်းနှင့် အတူ လိုက်လျောညီထွေနေထိုင်နိုင်ရေးနှင့် လျော့ပါး သက်သာစေရေးတို့အတွက်လည်း မရှိမဖြစ်လိုအပ် လျက်ရှိရာ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစီ ရင်ခံစာများတွင်လည်း ရေသည် ရာသီဥတုနှင့် လိုက်လျောညီထွေနေထိုင်နိုင်ရေးအတွက် အဓိက သော့ချက်တစ်ခုဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ကြ သည်ကို တွေ့ရှိရပါသည်။ ယင်းအစီရင်ခံစာများတွင် ရေ၏အရေးပါမှုများကို ရေနှင့် ဆက်စပ်သည့် လိုက်လျောညီထွေနေထိုင်ရေး လုပ်ငန်းများတွင် တိုက်ရိုက်သော်လည်းကောင်း၊ အခြားသော ကဏ္ဍ များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် သော်လည်းကောင်း ရေ၏ အရေးပါမှုများကို အလေးပေးဖော်ပြထားရှိပြီး အထူးသဖြင့် ရေရှားပါး ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းကဲ့သို့သော အကျိုး သက်ရောက်မှုများကို သက်ဆိုင်ရာ ကဏ္ဍအသီးသီး တွင် ရေနှင့် ဆက်စပ်ပြီး လိုက်လျောညီထွေ နေထိုင် နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက် ရန် လိုအပ်မည်ဖြစ်ပေသည်။ ရာသီဥတုဒဏ်ခံနိုင်ရည် အားကောင်းလာစေရန်အတွက် အကျိုးသက်ရောက် မှုရှိသည့် လိုက်လျောညီထွေ နေထိုင်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရေးတို့အတွက် ရေဖူလုံရေးသည် အခြေခံကျပြီး ရာသီဥတုအန္တရာယ် လျော့ကျစေရေးအတွက် အရေးပါလျက်ရှိပါသည်။
ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်ရန်
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းသည် လူသားများ၏ ကျန်းမာရေးကို ထိခိုက်ခြင်း၊ သန့်ရှင်းသောလေနှင့် ရေကောင်းရေသန့်ရရှိမှု၊ အစားအစာ လုံလောက်စွာရရှိမှု၊ လုံခြုံသော အမိုး အကာများ ရရှိမှုတို့ကို ထိခိုက်ခြင်း၊ အပူချိန်မြင့်တက် လာခြင်းကြောင့် လေထုထဲတွင် လေထုညစ်ညမ်းမှု ကို မြင့်တက်စေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို မြင့်တက်စေခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာခြင်းနှင့် ရာသီဥတုဆိုးရွားသော ဖြစ်ရပ်များ ကြောင့် စိုက်ပျိုးရေး၊ လူမှုပတ်ဝန်းကျင်နှင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများကို ထိခိုက်စေခြင်းတို့ကို ဖြစ်စေပါသည်။ ထို့ကြောင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လုပ်မှု နည်းပါးသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ကြ ရမည် ဖြစ်ပေသည်။ သို့ရာတွင် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို သတိမူရမည့် အပြင် ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ ကာကွယ်ရန် ပြည်သူတစ်ရပ်လုံးက အောက်ပါတို့ကို လိုက်နာဆောင်ရွက်သင့်ပေသည်-
l သစ်တော ပြုန်းတီးခြင်းကို လျှော့ချပြီး သစ်ပင်များကို ပိုမို စိုက်ပျိုးရန်၊
l ကာဗွန်ထုတ်လုပ်မှုကို လျှော့ချရန်၊
l စက္ကူနှင့် စွန့်ပစ်ပစ္စည်းများကို လျှော့ချ ခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည် အသုံးပြုနိုင်ရန် recycle ပြုလုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် မညစ်နွမ်းစေရန် စီမံဆောင်ရွက်မှုများ တိုးတက်လာစေ ရန်၊
l ပလတ်စတစ် အသုံးပြုမှုကို ရှောင်ရှားရန်၊
l ရေကို ချွေတာသုံးစွဲရန်၊
l သဘာဝ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရန်နှင့် လေအေးပေးစက် အသုံးပြု မှုကို ရှောင်ရှားရန်၊
l ကမ်းရိုးတန်းဒေသများတွင် နေထိုင်သော ပြည်သူများအား မကြာခဏရေလွှမ်းမိုး မှုမှ ကာကွယ်ရန်အတွက် သစ်ပင်များနှင့် ဒီရေတောများကို ထိန်းသိမ်းစောင့်ရှောက် ရန်၊
l သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ် သော စီးပွားရေးဆိုင်ရာ အလေ့အထများ ကို မြှင့်တင်ပေးရန်၊
l အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များကို ဖြေရှင်းရန်အတွက် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု မဟာဗျူဟာများ အသုံးပြုရန်။
ဧရာဝတီမြစ်၏ ရေအရင်းအမြစ် အခန်းကဏ္ဍ
မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့သည် အဓိကမြစ် ကြီးများဖြစ်ပြီး ယင်းမြစ်များအနက် ဧရာဝတီမြစ် သည် မြန်မာနိုင်ငံ၏ အကြီးဆုံး၊ အရှည်ဆုံးနှင့် အရေးအပါဆုံးသောမြစ်ကြီးဖြစ်ပါသည်။ မေခနှင့် မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော မြစ်ဖြစ်ပြီး အကြမ်းအားဖြင့် မြောက်မှတောင်သို့ သွယ်တန်းလျက် မြစ်ဝကျွန်းပေါ် ဒေသမှတစ်ဆင့် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ဧရာဝတီမြစ်သည် ၂၁၇၀ ကီလိုမီတာ ရှည်ပြီး ကုန်စည်ကူးသန်းရေးအတွက် အသုံးပြုသော ရေလမ်းတစ်ခုဖြစ်ပေသည်။ မြောက်ဘက် တောင် တန်းဒေသ၊ အလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်း၊ မြစ်ဝကျွန်းပေါ် စသဖြင့် ဧရာဝတီမြစ်တစ်လျှောက် ယခုကဲ့သို့ စီးဆင်းခြင်းသည် ထူးခြားချက်ပင်ဖြစ် သည်။ ဧရာဝတီမြစ်သည် အရပ်ဒေသ ပေါင်းစုံ ဖြတ်သန်း၍ ပင်လယ်ထဲသို့ စီးဝင်လာသည်။
ဧရာဝတီမြစ် မြစ်ဖျားခံရာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသည် နှစ်စဉ် မိုးရေချိန်လက်မ ၁၀၀ ကျော် ရရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်း ဒေသများတွင် မိုးရေချိန်လက်မ ၂၀ မှ ၄၀ ကြား ရရှိ သည်ကို တွေ့ရှိရပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများတွင် မိုးရေချိန်လက်မ ၈၀ မှ ၁၀၀ ကြား ရရှိသည်ကို တွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု အခြေအနေကို ပုံ(၁)တွင် လည်းကောင်း၊ ဧရာဝတီမြစ်အထက်ပိုင်းစခန်း များဖြစ်သော ပူတာအိုစခန်းနှင့် မြစ်ကြီးနားစခန်း၊ ဧရာဝတီမြစ်အလယ်ပိုင်းစခန်းဖြစ်သော မကွေး စခန်း၊ ဧရာဝတီမြစ်အောက်ပိုင်းစခန်းဖြစ်သော ပြည်စခန်းနှင့် ဟင်္သာတစခန်းတို့တွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နှစ်အလိုက်ရွာသွန်းခဲ့သော မိုးရေချိန်များကို ပုံ (၂)တွင်လည်းကောင်း ဖော်ပြ ထားပါသည်။
ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနားစခန်းတွင် ရေနည်းကာလ၏ အနိမ့်ဆုံးရေထုထည် စီးနှုန်းသည် ၁၁၀၈ m3/sec ရှိပြီး မိုးရာသီကာလ၏ အများဆုံး ရေထုထည်စီးနှုန်းအနေဖြင့် ၃၁၀၄၀ m3/sec ရှိကြောင်း တွေ့ရှိရပါသည်။ ဧရာဝတီမြစ်အောက်ပိုင်း ပြည်စခန်းတွင် ရေနည်းကာလ၏ အနိမ့်ဆုံး ရေထု ထည်စီးနှုန်းသည် ၁၁၄၈ m3/sec ရှိပြီး မိုးရာသီ ကာလ၏ အများဆုံး ရေထုထည် စီးနှုန်းအနေဖြင့် ၆၂၈၅၀ m3/sec ရှိကြောင်း တွေ့ရှိရပါသည်။
၂၀၂၃ ခုနှစ်တွင် တိုင်းတာရရှိသောမှတ်တမ်း များအရ ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနား စခန်းတွင် ရေနည်းကာလ၏ အနိမ့်ဆုံးရေထုထည် စီးနှုန်းသည် ၁၂၉၂ m3/sec ရှိပြီး မိုးရာသီကာလ၏ အများဆုံးရေထုထည်စီးနှုန်းအနေဖြင့် ၁၄၉၃၀ m3/sec ရှိကြောင်း တွေ့ရှိရပါသည်။ ဧရာဝတီမြစ် အလယ်ပိုင်း မကွေးစခန်းတွင် ရေနည်းကာလ၏ အနိမ့်ဆုံး ရေထုထည်စီးနှုန်းသည် ၁၂၃၉ m3/sec ရှိပြီး မိုးရာသီကာလ၏ အများဆုံးရေထုထည်စီးနှုန်း အနေဖြင့် ၃၈၀၈၀ m3/sec ရှိကြောင်း တွေ့ရှိရပါ သည်။ ဧရာဝတီမြစ်အောက်ပိုင်း ပြည်စခန်းတွင် ရေနည်းကာလ၏ အနိမ့်ဆုံးရေထုထည်စီးနှုန်းသည် ၁၅၀၀ m3/sec ရှိပြီး မိုးရာသီကာလ၏ အများဆုံးရေထုထည်စီးနှုန်းအနေဖြင့် ၃၉၃၈၀ m3/sec ရှိကြောင်း တွေ့ရှိရပါသည်။ ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနားစခန်း၊ မြစ်အလယ်ပိုင်း မကွေးစခန်းနှင့် မြစ်အောက်ပိုင်း ပြည်စခန်းတို့တွင် လွန်ခဲ့သော ၁၀ နှစ်က တိုင်းတာရရှိသော နှစ်အလိုက် အနည်းဆုံး ရေထုထည်စီးနှုန်းနှင့် အများဆုံး ရေထုထည်စီးနှုန်း တို့ကို ပုံ (၃)၊ (၄)နှင့် (၅)တို့တွင် ပြသထားပါသည်။ အထက်ဖော်ပြပါ မိုးရေချိန်နှင့် ရေထုထည်စီးနှုန်း အခြေအနေများကို လေ့လာကြည့်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသည် မိုးရွာသွန်းမှု ပမာဏ နည်းပါးသော်လည်း မိုးရာသီကာလတွင် မြစ်ကြောင်း အတွင်း ရေရရှိမှုပမာဏသည် များပြားသည်ကို တွေ့ရှိရမည်ဖြစ်ပေသည်။
ရေနည်းကာလတွင် မြစ်ကြောင်းများအတွင်း ရေထုထည်စီးနှုန်းနည်းခြင်းသည် ရေကြောင်း သွားလာရေး၊ ရေပေးဝေရေးလုပ်ငန်းများ၊ ရေအား လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ရေနေသတ္တဝါ များ၊ မြစ်ချောင်းများ၏ ဂေဟစနစ်များကို ထိခိုက် စေပြီး မုတ်သုံကာလရေထုထည် စီးနှုန်းများခြင်း သည် ရေကြီးခြင်းဘေးအန္တရာယ်များ၊ ဆည်များ ကျိုးခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု ဘေးအန္တရာယ် များ၊ မြစ်ကမ်းပြိုခြင်းများ၊ မြစ်ချောင်းများ၏ ဂေဟစနစ်များကို ထိခိုက်ခြင်းများ ကြုံတွေ့ရစေ နိုင်ပါသည်။ ယင်းရေကြီးရေလျှံမှု အန္တရာယ်များနှင့် ရေနည်းခြင်းများ မဖြစ်ပေါ်စေရန် ကဏ္ဍပေါင်းစုံမှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ စီမံ ဆောင်ရွက်ခြင်းနှင့်အတူ ပြည်သူများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပေသည်။ ထို့အပြင် လူဦးရေတိုးပွားမှုနှင့်အတူ နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် အတွက် ရေကို ပိုမိုလိုအပ်လာမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်လာနိုင်သော ရေအရင်းအမြစ်များအပေါ် ဆိုးကျိုးသက်ရောက်မှု ကြောင့် နွေကာလတွင် ရေရှားပါးခြင်း၊ မိုးကာလ တွင် ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ်စေရန် စီမံချက်ချမှတ် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ပါသည်။
မြန်မာနိုင်ငံသည် ရရှိသော ရေအရင်းအမြစ်များ ကို အပြည့်အဝအသုံးချနိုင်မည်ဆိုပါက စိုက်ပျိုးရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။ ထို့အပြင် ရေအားလျှပ်စစ်လုပ်ငန်းများ၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ သောက်သုံးရေပေးရေးလုပ်ငန်းများ၊ ကမ္ဘာလှည့် ခရီးသည်များ အပန်းဖြေခြင်းဆိုင်ရာ လုပ်ငန်းများ၊ စက်ရုံလည်ပတ်ရာတွင် ရေအလုံအလောက်ရရှိရေး တို့တွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်၍ တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်မည်ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments