စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအုပ်စု မင်းကုန်းကျေးရွာ ‌ ‌ဉေယျဓမ်တောရကျောင်း၏ ဦးစီးပဓာနနာယက မဟာဗောဓိမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တ ဉေယျဓမ္မသာမိ၏ ထေရုပ္ပတ္တိအကျဉ်း

 

ဖွားမြင်တော်မူခြင်း


မဟာဗောဓိမြိုင်  ဆရာတော် သည်  စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်     ကန့်ဘလူ မြို့နယ်    မြေမွန်ကျေးရွာအုပ်စု မင်းကုန်းကျေးရွာနေ  ဦးဘစံ + ဒေါ်မေ တို့က ၁၃၀၃ ခုနှစ်  ဝါဆိုလပြည့်  အင်္ဂါနေ့ ည  ၁  နာရီ တွင်  ဖွားမြင်တော်မူ သော သားရတနာဖြစ်ပါသည်။ ငယ်နာမည် မောင်ငြိမ်းမောင်  ဖြစ်ပါသည်။


ရှင်ရဟန်းပြုတော်မူခြင်း


၁၃၁၇ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက် စနေနေ့တွင် မင်းကုန်းတောရကျောင်းဆရာတော်   ဘဒ္ဒန္တသုနန္ဒကို ဥပဇ္ဈာယ်ပြုလျက် မိခင် ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟကိုခံယူ ကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး  ၁၃၂၃ ခုနှစ်  ဝါဆိုလဆန်းတွင် ထန်းတပင်ကျေးရွာ ရွှေဖောင်တော် ဦးကျောင်းတိုက်  ခဏ္ဍသိမ်၌  မင်းကုန်းတောရကျောင်း ဆရာတော်    ဘဒ္ဒန္တအာစာရကို    ဥပဇ္ဈာယ်ပြုလျက် ဦးဘသန်း + ဒေါ်စောဉာဏ်တို့၏ ပစ္စယာနုဂ္ဂဟခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ (ပထမအကြိမ်) ရောက်ရှိ တော်မူခဲ့ပါသည်။ ၁၃၂၇ ခုနှစ် တော်သလင်းလဆန်း ၁၃ ရက်တွင် လူဝတ်လဲခဲ့ပြီးနောက် ၁၃၄၁ ခုနှစ် တော်သလင်း လဆန်း ၁၂ ရက်၊ တနင်္ဂနွေနေ့ နံနက် ၈ နာရီ  ၄၅ မိနစ်တွင်    ရန်ကုန်မြို့  ရန်ကင်းမြို့နယ် ဘောက်ထော်သီရိ ရတနာ လမ်း သာသနာ့ဗိမာန် ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈာယ်  ပြု၍ ခေမာသီဝံကျောင်းတိုက်ခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ (ဒုတိယအကြိမ်)  ရောက်ရှိတော်မူခဲ့ပါသည်။


ပရိယတ္တိစာပေ သင်ယူဆည်းပူးခြင်း


၁၃၁၈ ခုနှစ် ကဆုန်လပြည့်ကျော် ၁၀ ရက် တနင်္ဂနွေနေ့ တွင် ရွှေဘိုမြို့ ဝေဠုဝန်ပါဠိတက္ကသိုလ်စာသင်တိုက်သို့ ပိဋကတ်စာပေများ  သင်ယူရန်  ရောက်ရှိတော်မူခဲ့ပြီး  ၁၃၁၉ ခုနှစ်တွင် အစိုးရပထမငယ်တန်း အောင်မြင်တော် မူခဲ့ပါသည်။  ၁၃၂၁ ခုနှစ်  ဝါဆိုလဆန်း  ၁၁ ရက် ဗုဒ္ဓဟူး နေ့တွင် ရန်ကုန်မြို့ ကျောက်ပန်းတောင်းကျောင်းတိုက်  သို့     စာပေသင်ယူရန်   ကြွရောက်တော်မူခဲ့ပါသည်။   ၁၃၂၁ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၃ ရက်၊ ဗုဒ္ဓဟူး နေ့တွင်   မော်လမြိုင်မြို့    စိန်မမပါဠိတက္ကသိုလ်သို့ ပညာသင်ယူရန် ရောက်ရှိခဲ့ပြီး ထိုနှစ်မှာပင်  အစိုးရပထမ လတ်တန်းကို အောင်မြင်တော်မူခဲ့ပါသည်။  ၁၃၂၅ ခုနှစ် နွေဦးကာလတွင် ပုသိမ်မြို့ သာသနရံသီပါဠိတက္ကသိုလ်သို့  ရောက်ရှိခဲ့ပြီး  ထိုနှစ်မှာပင် အစိုးရပထမကြီးတန်းကို အောင်မြင်တော်မူခဲ့ရာ တိုင်းအဆင့်တွင် ဒုတိယရရှိခဲ့ပါ သည်။


သာသနာရေးအားပေး ဆောင်ရွက်တော်မူခြင်း


ဆရာတော်သည် ဘဝဒုက္ခကို သံဝေဂရသည်ဖြစ်၍ ၁၃၃၇ ခုနှစ်မှစ၍ တောတောင်များသို့ ဒေသစာရီကြွချီ တော်မူခြင်း၊ ဘုရားတည်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။    ၁၃၃၉ ခုနှစ်တွင်   ကျိုက်လတ် မြို့နယ် ကျီးချောင်းကျေးရွာ၊ ဆင်ကူးကျေးရွာရှိ “ပြည်လုံး ချမ်းသာ ဖောင်တော်ဦးစေတီတော်” ကို ပြုပြင်မွမ်းမံ ခဲ့သည်။ ၁၃၄၁ ခုနှစ်၊  သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အင်္ဂါနေ့မှ အစပြုကာ အရညဝါသီတောရမှီလျက်  သီတင်းသုံးတော်မူခဲ့ပါသည်။ ၁၃၄၁ ခုနှစ်တွင် သာစည် မြို့နယ်   ရွှေကျောင်းကုန်းတောင်ထိပ်၌    “လောက မုနိစေတီတော်” ကို တည်ထားခဲ့ပါသည်။ ၁၃၅၃၊ ၁၃၅၄၊ ၁၃၅၅ ခုနှစ်များတွင် ပျဉ်းမနားမြို့ရှိ လက်လုပ်တောင် တောရတွင် သီတင်းသုံးခဲ့သည်။ ၁၃၅၇ ခုနှစ် တပေါင်း လပြည့်   ဗုဒ္ဓဟူးနေ့တွင်   ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် လားဟူကျေးရွာ ၂၂ ရွာ၊ လီရှောကျေးရွာ  ၄ ရွာတို့ရှိ တိုင်းရင်းသား ၂၀၀၀ ကျော်ကို ထေရဝါဒဗုဒ္ဓ ဘာသာသို့ ကူးပြောင်းလာအောင် ဆောင်ရွက်တော်မူပြီး ဗုဒ္ဓဘာသာ အဆုံးအမခံယူပွဲကြီးကို စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ခဲ့ပြီး “မဟာဗောဓိမြိုင်ဆရာတော်” ဟူ၍ နိုင်ငံအနှံ့ လူသိများထင်ရှားလာခဲ့ပါသည်။ ၁၃၅၉ ခုနှစ် တွင် နတ်တလူတောရကို စတင်တည်ထောင်၍ ဝါဆို လပြည့်နေ့မှ တော်သလင်းလပြည့်နေ့ထိ  နှစ်လတိတိ တရားစခန်း   ဖွင့်လှစ်ပေးခဲ့ပါသည်။  ၁၃၅၉ ခုနှစ်တွင် နတ်တလူတောရ၌ ဉာဏ်တော် ၁၈ တောင် အမြင့်ရှိသော “မင်းဘိသိက်ခံစေတီတော်”ကို စတင်တည်ထားခဲ့ပြီး ၁၃၆၀ ပြည့်နှစ် တပေါင်းလပြည့်နေ့တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲကို အောင်မြင်စွာဆောင်ရွက်တော်မူခဲ့ ပါသည်။ ၁၃၆၁ ခုနှစ် ကဆုန်လပြည့်နေ့တွင် မွေးရာ ချက်မြှုပ်အိမ်နေရာတွင် “ဉေယျဓမ် ရွှေချက်သို တံခွန် တိုင်” ကို   တည်ထားခဲ့သည်။ ဆရာတော်ကြီးသည်  လေးထည်မြောက်သင်္ကန်းကို   စွန့်၍   သုံးထည်သော သင်္ကန်းကိုသာ ဆောက်တည်ခြင်း  တိစီဝရိက်ဓုတင်၊ ဆွမ်းခံ၍   ရသောဆွမ်းကိုသာ  ဘုဉ်းပေးသုံးဆောင် တော်မူခြင်း ပိဏ္ဍပါတ်ဓုတင်၊ တောရဆောက်တည်ခြင်း     အရညကင်ဓုတင်တို့ကို   ဆောင်တော်မူလျက်   ဒါယကာ ဒါယိကာမ အပေါင်းတို့အား ကုသိုလ်တရားပွားများနိုင်ရန် ချီးမြှောက်တော်မူခဲ့ပါသည်။


ဘဝနတ်ထံပျံလွန်တော်မူခြင်း


ဆရာတော်ကြီးသည် သာသနာတော်အကျိုး သယ်ပိုး ဆောင်ရွက်တော်မူရင်း  သက်တော်  ၈၃ နှစ်၊   ဝါတော်   ၄၅ ဝါအရ  ၁၃၈၆ ခုနှစ်   တန်ခူးလပြည့်ကျော်  ၇ ရက်  (၃၀-၄-၂၀၂၄)၊    အင်္ဂါနေ့၊    ၁၃ : ၁၅   အချိန်တွင် သီတင်းသုံးရာကျောင်း၌   ၉၆  ပါးသောရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။          

သတင်းစဉ်