ပြည်ပအလုပ်အကိုင်နှင့် ခက်ခဲကြမ်းတမ်းသည့် နေ့ရက်များ

Type

 

သျှင်မေ
 

တတိယနိုင်ငံများဟု ခေါ်ဝေါ်ရမည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ  လူငယ်အများစု သည် ရေကြည်ရာမြက်နုရာ မိမိတို့ အဆင်ပြေမည်ထင်သည့် နိုင်ငံများ သို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်လေ့ရှိကြသည်။ 
ပြည်ပအလုပ်အကိုင်အတွက် 
တရားဝင်လမ်းကြောင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိ
လုပ်ငန်းအတတ်ပညာ ကျွမ်းကျင်မှု၊ ဘာသာစကား၊ ဓလေ့ထုံးစံတို့ ပြည့်ဝသူများအဖို့   မထောင်းတာသော်လည်း လုပ်ငန်းအတတ်ပညာ အားနည်း၊ ဘာသာစကား ကျွမ်းကျင်မှုမရှိ၊ စားသောက်နေထိုင်မှုနှင့် ဓလေ့စရိုက်တို့ လေ့လာထားခြင်းမရှိသူများအဖို့ အခက်အခဲ များစွာ နှင့်   ရင်ဆိုင်ကြရသည်ကိုလည်း  မြင်တွေ့ ကြားသိရလျက်ရှိပါသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့်   အခြားနိုင်ငံများနှင့်  တရားဝင် သဘောတူညီမှုထားရှိပြီး အလုပ်သမားစေလွှတ်ခြင်းများ ဆောင်ရွက် ပေးနေသကဲ့သို့  တရားဝင်အလုပ်အကိုင်ရှာဖွေရေး  အေဂျင်စီများ တည်ထောင်ခွင့်ပေးကာ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းအတွက် တရားဝင်လမ်းကြောင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 
ထို့အတူ အကြောင်းကြောင်းကြောင့်  ပြည်ပသို့ ရောက်ရှိနေပြီး အခက်အခဲကြုံနေရသည့် မြန်မာနိုင်ငံသားများအတွက် မည်သို့သော အခြေအနေပင် ဖြစ်စေကာမူ မိမိနိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထား၍   ကယ်တင်ခြင်း၊   ပြန်လည်ခေါ်ဆောင်ပေးခြင်းတို့ကို နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများက ကြိုးစားချိတ်ဆက်ကာ မိမိတို့နိုင်ငံ သားများ ဘေးကင်းလုံခြုံရေးအတွက် တတ်စွမ်းသမျှဆောင်ရွက်ပေး လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန် စတင်တာဝန်ယူ စဉ်ကတည်းကပင်   မလေးရှားနိုင်ငံရောက်   မြန်မာနိုင်ငံသား   တစ်ထောင်ကျော်ကို    တပ်မတော်ရေယာဉ်များဖြင့်   သွားရောက် ခေါ်ဆောင်ပေးခဲ့ပြီး မကြာသေးမီက အစ္စရေးနှင့် ဟားမားစ်တို့ ပဋိပက္ခ အတွင်း ပိတ်မိနေခဲ့ကြ သည့် မြန်မာနိုင်ငံသားများကို   အချိန်မီကယ်တင်  ခေါ်ထုတ်ပေးနိုင်ခဲ့သည့်နည်းတူ မကြာသေးမီ  ဖေဖော်ဝါရီလက အီရတ်နိုင်ငံ၌ အကျပ်အတည်းများအတွင်း ပိတ်မိနေကြသော မြန်မာ အမျိုးသမီးသုံးဦးကို ဘဂ္ဂဒက် - ဘန်ကောက် - ရန်ကုန် ခရီးစဉ်ဖြင့်  ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သတင်းများအရ သိရသည်။
ပြီးခဲ့သည့်  ဧပြီလက ပြည်ပအခြေစိုက်သတင်းဌာနတစ်ခုတွင် “အီရတ်တွင် ရောင်းစားခံရသည့် မြန်မာအမျိုးသမီး ခြောက်ဦး အကူ အညီမရသေး” ဟူသည့် သတင်းတစ်ပုဒ် ပါရှိလာခဲ့ပြီး အဆိုပါ သတင်း အချက်အလက်များမှာ မြေပြင်အခြေအနေနှင့် ကွဲပြားမှုများပါရှိပြီး နိုင်ငံတော်နှင့် မြန်မာသံရုံးများအပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေရန် လိုသလိုဖန်တီးတည်ဆောက်ထားသည့် သတင်းတစ်ပုဒ်သာ ဖြစ်သည်ကို မြင်တွေ့ရသည်။
အီရတ်တွင်   အလုပ်လုပ်ကိုင်နေထိုင်နေပြီး   အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအမျိုးသမီး အလုပ် သမား ခြောက်ဦးဖြစ်စဉ်ကို   စာရေးသူတို့   ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက   စတင်သိရှိရသည်။   ထိုအမျိုးသမီးများက သူတို့၏ အခက်အခဲများကို လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ပြောကြားခဲ့ကြ သဖြင့်  လူအများ ကရုဏာသက်ခဲ့ရသည်။ ထိုအချိန်မှစ၍ နိုင်ငံခြားရေး ဝန်ကြီးဌာနက အီရတ်နိုင်ငံရောက်   မနော်လေးလေးဖော၊  မစုမွန်၊ မအေးအေးသန်း၊ မအိသူ၊ မနွဲ့ယဉ်ဝင်းနှင့် မရီရီချိုတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အီရတ်နိုင်ငံ သက်ဆိုင်ရာအာဏာပိုင် များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည့်အပြင် ရွှေ့ပြောင်းအလုပ်သမား များအရေး ကူညီပေးလျက်ရှိသည့် Seed Organization လူမှု အဖွဲ့ အစည်းနှင့်လည်း   ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ  သိရသည်။
မြန်မာသံရုံး ကိုင်ရိုမြို့မှ ပေးပို့သည့် သတင်းအချက်အလက်များအရ မအေးအေးသန်း၊ မအိသူနှင့် မစုမွန်တို့ကို Sulaymaniyah ရဲစခန်းတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် Seed Organization တို့က လူတွေ့ စိစစ်မေးမြန်းခဲ့ပြီး မနော်လေးလေးဖောနှင့် မရီရီချိုတို့ကို အွန်လိုင်းဖြင့် ချိတ်ဆက်မေးမြန်းနိုင်ခဲ့သည်။ မနွဲ့ယဉ်ဝင်းမှာမူ အသေးစိတ် တွေ့ဆုံ မေးမြန်းနိုင်ရန် အခက်အခဲရှိနေသဖြင့်  ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု မရှိစေရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များက အီရတ်လူကုန်ကူးမှု တားဆီးရေးအဖွဲ့သို့ စစ်ဆေးထွက်ဆိုချက်များကို အစီရင်ခံစာပေးပို့ထားကြောင်း သိရှိရသည်။
မြန်မာသံရုံးအနေဖြင့် အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ လူမှု
ကယ်ဆယ်ရေးအဖွဲ့များနှင့်  ထိတွေ့ဆက်ဆံကာသတင်းရယူလျက်ရှိ
မြန်မာသံရုံးအနေဖြင့် သံအမတ်ကြီး ဦးဆောင်သည့် အထူးလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းကာ   အဆိုပါ   အမျိုးသမီးများနှင့်   လူမှုကွန်ရက်တို့မှ တစ်ဆင့် ပုံမှန်ထိတွေ့ဆက်သွယ်မှုများ ပြုလုပ်သလို လူမှုကယ်ဆယ် ရေးအဖွဲ့များနှင့်   နှစ်ပတ်တစ်ကြိမ်  ထိတွေ့ဆက်ဆံကာ ဖြစ်ပေါ် တိုးတက်မှုများကို အချိန်နှင့်တစ်ပြေးညီ သတင်းရယူလျက်ရှိကြောင်း သိရသည်။ မြန်မာအိမ်အကူအလုပ်သမားများနှင့် အိမ်ရှင်တို့အကြား ဘာသာစကား     အခက်အခဲများကြောင့်   ဆက်သွယ်ပြောဆိုနိုင်မှု အားနည်းခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ ကွဲပြားလျက်ရှိခြင်း၊ အလုပ် လုပ်ကိုင်သည့်အခါ   ပင်ပန်းမှုဒဏ်ကို     ခံနိုင်ရည်မရှိခြင်း၊   မိသားစုနှင့် ဝေးကွာနေရသဖြင့် စိတ်အားငယ်မှုခံစားရခြင်း စသည့်ပြဿနာများ ခံစားနေကြရသည်။ 
အမျိုးသမီးခြောက်ဦးနှင့် ဧပြီလ ၂၄ ရက်နေ့ တစ်ဦးချင်းဆက်သွယ် ပြောကြားမှုများအရ မနော်လေးလေးဖောမှာ လစာ နှစ်လစာခန့် ရရှိထားပြီး တစ်လလျှင် အမေရိကန် ဒေါ်လာ ၃၀၀ ခန့်ရရှိကြောင်း၊ နှိပ်စက်ခံရခြင်းမျိုးမရှိဘဲ အစားအသောက်များ ပုံမှန်စားသောက်ခွင့် ရရှိကြောင်း    ပြန်လည်ဖြေကြားထားခဲ့သည်။   မရီရီချိုကလည်း အမေရိကန် ဒေါ်လာ ၃၀၀ နှုန်းဖြင့် လုပ်ခလစာ သုံးလစာခန့် ရရှိထား ပြီး နှိပ်စက်ခံထားရခြင်းမရှိကြောင်း၊ အစားအသောက်များ ပုံမှန်စားရ သော်လည်း  လက်များပေါက်ပြဲသည်အထိ   အလုပ်လုပ်ကိုင်နေရ ကြောင်း၊ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မအိသူသည်လည်း  အမေရိကန်ဒေါ်လာ ၃၀၀ နှုန်းဖြင့်   လုပ်ခ လေးလစာရရှိထားပြီး ဘာသာစကား အခက်အခဲရှိသဖြင့် လုပ်ငန်းခွင် ဆက်သွယ်ပြောဆိုရန် အခက်အခဲကြုံနေရကြောင်း၊ အစားအသောက် ပုံမှန်စားသောက်ခွင့်ရရှိကြောင်း    သိရှိရသည်။      မစုမွန်မှာမူ အလုပ်အကိုင်  အေးဂျင့်ရုံးတွင် အခြားနိုင်ငံခြားသား ရှစ်ဦးနှင့်အတူ နေထိုင်နေရကြောင်း၊ လစာ အတိအကျမသိရဘဲ နေအိမ်များတွင် နေ့စားသဘောသာ အလုပ်လုပ်ရကြောင်း၊ လုပ်အားခ၏ သုံးပုံ တစ်ပုံ သာရရှိကြောင်း သိရှိရသည်။ 
မအေးအေးသန်းမှာလည်း   လစာပုံမှန်ရရှိပြီး အစားအသောက် ပုံမှန်စားသောက်ရပြီး   အိမ်ရှင်မှ   နှိပ်ခိုင်းခြင်းမျိုးရှိကြောင်း၊ ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်းမရှိကြောင်း၊   နှိပ်စက်ခံရမှုမရှိကြောင်း သိရှိရသည်။ မနွဲ့ယဉ်ဝင်းမှာ  ဗိုက်ခွဲထားစဉ်က ချုပ်ရိုးအနာရှိကြောင်း၊ ဘာသာစကား အခက်အခဲကြောင့် အိမ်ရှင်အား ပြောမပြနိုင်ခဲ့ကြောင်း၊ သူက အိမ်ရှင်၏ ကလေးအား ရိုက်ခဲ့သဖြင့် စီစီတီဗွီမှတ်တမ်းအရ အေးဂျင့်ထံ   ပြန်လည်ပို့ဆောင်ခြင်းခံရပြီး ပထမအိမ်ရှင်ထံမှ ရက် ၂၀ စာ လုပ်အားခလည်း မရရှိကြောင်း၊ လက်ရှိတွင် အိမ်ရှင်အသစ်ထံ   အလုပ်လုပ်ကိုင်နေပြီး   အစားအသောက်များ  ပုံမှန်စားသောက်ရ ကြောင်း၊ နှိပ်စက်ခံရခြင်း မရှိကြောင်း မြန်မာသံရုံး ကိုင်ရိုမြို့မှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတင်းပေးပို့ထားသည်။
အမျိုးသမီးများအနက် အေးဂျင့်ရုံးတွင် နေထိုင်နေရသည့် မစုမွန် မှာ မြန်မာနိုင်ငံသို့  မပြန်လိုဘဲ  မိသားစုအား ပြန်လည်ထောက်ပံ့လိုသည့် အတွက် ဆက်လက်အလုပ်လုပ်ကိုင်လိုပြီး ကျန်ငါးဦးမှာ ဖြစ်နိုင်ပါက မြန်မာနိုင်ငံသို့ ပြန်လာလိုကြောင်း မြန်မာသံရုံးနှင့် Seed Organization တို့၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားထားသည်။ 
 မြန်မာသံရုံးနှင့် NGO တို့ ပူးတွဲလုပ်ဆောင်လျက်ရှိ
အဆိုပါ မြန်မာနိုင်ငံသား ခြောက်ဦးမှာ သက်ဆိုင်ရာအလုပ်သမား အေဂျင်စီများနှင့် နှစ်နှစ်လုပ်ကိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုထား သည့်အတွက် စာချုပ်မပြည့်မီ နုတ်ထွက်လိုပါက လျော်ကြေးပေးဆောင် ရန်     လိုအပ်ကြောင်း   သိရှိရသည်။   မြန်မာသံရုံးသည်  Seed  Organization အား မေတ္တာရပ်ခံကာ  လျော်ကြေးပေးဆောင်ရန် ကင်းလွတ်ခွင့်ပြုပြီး    နေရပ်ပြန်ရန်   ညှိနှိုင်းလျက်ရှိသော်လည်း အလုပ်ရှင်နှင့် သဘောတူညီချက် မရရှိသေးဘဲ  အလုပ်ကောင်းမွန်စွာ ရရှိရေး၊ လုပ်ခလစာရရှိရေး၊  အကြမ်းဖက်မှုများ မရှိစေရေးအတွက် အပြင် အချက်အလက်များကို ဗဟိုအစိုးရ၊   လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့များသို့ ပေးပို့ထားပြီး မကြာသေးမီကပင် အီရတ် နိုင်ငံ အလုပ်သမားဝန်ကြီးဌာနသို့လည်း စာပေးပို့ မေတ္တာရပ်ခံခြင်းများ ကိုလည်း   သံရုံးနှင့်    NGO   တို့က ပူးတွဲလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 
မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသားများနှင့် စပ်လျဉ်း၍ အီရတ် အာဏာပိုင်များနှင့် ချိတ်ဆက်ရန် အခက်အခဲများစွာရှိနေပြီး သံတမန် နည်းလမ်းအပြင်   သက်ဆိုင်ရာ   အလုပ်သမားအဖွဲ့အစည်းများ၊ ဒေသန္တရ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရှိရသည်။ ထို့အပြင်  မြန်မာအမျိုးသမီး  ခြောက်ဦး ရောက်ရှိသည့်နေရာမှာ   မြို့တော်ဘဂ္ဂဒက်နယ်မြေတွင်   မဟုတ်ဘဲ နိုင်ငံမြောက်ပိုင်းတွင်ရှိပြီး  ဆက်သွယ်ရန် ခက်ခဲရုံသာမက ဒေသ အလိုက် အုပ်ချုပ်ရေးစနစ် ကွဲပြားမှု၊ လုပ်ထုံးလုပ်နည်းများ မတူညီမှု များကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်  အခက်အခဲ ရှိနေသည်ကိုလည်း သိရှိရပါသည်။ 
“ကျွန်မက ဒူဘိုင်းမှာ အလုပ်လုပ်တာပါ။ ဒူဘိုင်းကနေ အီရတ်မှာ ပြောင်းပြီး အလုပ်လုပ်ပါတယ်။ အီရတ်နိုင်ငံမှာ အခက်အခဲတွေကြုံရပြီး မြန်မာနိုင်ငံလို စိတ်ထားမျိုး မရှိတဲ့အတွက် ပိုပြီးခံစားရပါတယ်။ အခုလို နိုင်ငံတော်စရိတ်နဲ့ ပြန်လည်ခေါ်ဆောင်ပေးလို့သာ ကျွန်မတို့ ပြန်ရောက်ခဲ့တာပါ”ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နိုင်ငံတော် စရိတ်ဖြင့် အီရတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မသန်းနွယ်ဌေးက ပြောကြားခဲ့သည်။     
အိမ်အကူလုပ်ငန်းဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများစွာရှိနေပြီး   ယင်းတို့အနက်    အသက်လိမ်လည်မှုပြဿနာ၊ လုပ်ငန်းမကျွမ်းကျင်မှုပြဿနာ၊ အိမ်ရှင်နှင့် ဆက်သွယ်ပြောဆိုနိုင်ရန် ဘာသာစကားအားနည်းမှုပြဿနာ၊ အလုပ်သမားအခွင့်အရေးများနှင့် စည်းမျဉ်းစည်းကမ်းများ မသိရှိသည့် ပြဿနာများကြောင့် အေးဂျင့် များထံတွင် သောင်တင်နေရခြင်း၊ အလုပ်အိမ် မတည်မြဲခြင်း၊ လုပ်ခ လစာပြည့်မရရှိခြင်း    စသည့်အခက်အခဲများစွာကို   ရင်ဆိုင်နေရပြီး နေရပ်ပြန်ခွင့်မရရှိသူများစွာ ရှိနေသည်ကိုလည်း ကြားသိရသည်မှာ ရင်နာဖွယ်ကောင်းလှသည်။ 
“အိုမန်၊ ဒူဘိုင်းနဲ့ အီရတ်ကို အတတ်ပညာ မပြည့်စုံဘဲ အိမ်အကူ လာဖို့ ကြိုးစားနေတဲ့သူတွေ  အရင်ဆုံး  အေးဂျင့်ကို   သေသေချာချာ  ရွေးချယ်ဖို့လိုပါတယ်။   တရားမဝင်   ပို့ဆောင်ခံရတာမျိုး ဖြစ်တတ် ပါတယ်။    ကျွန်မ   အပါအဝင်ပါပဲ။   အိမ်ရှင်တွေ    ရှိတယ်ဆိုပြီး ရောက်လာခါမှ အလုပ်က တော်တော်နဲ့မရတာ၊ အိမ်ရှင်ရတော့လည်း အဆင်မပြေရင် ပြောင်းချင်တိုင်း ပြောင်းခွင့်မရတာတွေ အများကြီးရှိပါ တယ်။ ကျွန်မတို့က ရောင်းစားခံရတာပါ။ ဖြစ်နိုင်ရင် ဘာသာစကား၊ လုပ်ငန်းကျွမ်းကျင်မှုမရှိဘဲ ပြည်ပကိုမလာပါနဲ့လို့  နောက်လူတွေကို ပြောပြလိုပါတယ်”  ဟု  အီရတ်တွင်  အလုပ်လုပ်ကိုင်ခဲ့ပြီး အဆင် မပြေမှုကြောင့်  အိမ်ရှင်နှင့်   ပြောဆိုကာ   လျော်ကြေးပေးပြီး   မိမိ အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူတစ်ဦးကလည်း ပြောကြားသည်။ 
နိုင်ငံတော်နှင့် မြန်မာသံရုံးများက မိမိတို့နိုင်ငံသားများ ပြည်ပတွင် အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါတိုင်း တတ်စွမ်းသမျှ ကူညီ ပေးလျက်ရှိသည်မှာ မှန်သော်လည်း မြေပြင်အခြေအနေအရ အခက်အခဲ တိုင်းကို ဖြေရှင်းပေးနိုင်ရန် မလွယ်ကူလှပေ။ ပြည်ပသို့ သွားရောက် လုပ်ကိုင်လိုသူများအနေဖြင့် ဘာသာစကား၊ အလုပ်အကိုင် ကျွမ်းကျင် မှုနှင့် သွားရောက်မည့်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား ကြိုတင် လေ့လာကာ  စနစ်တကျနှင့် တရားဝင်သွားရောက် အလုပ်လုပ်ကိုင် ခြင်းဖြင့်သာ နိုင်ငံနှင့် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်မည်ဖြစ် ပါကြောင်းရေးသား တင်ပြလိုက်ရပါသည်။        ။