ဧကာဒသမတန်း လူရည်ချွန်စခန်း( ငွေဆောင်) ၌ စခန်းပိတ်သိမ်းပွဲအခမ်းအနားကျင်းပ

 

ငွေဆောင်  ဧပြီ   ၃၀
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့  ယမုံနာဦးဟိုတယ်၌ ဖွင့်လှစ် ထားသော ၂၀၂၄ခု နှစ်  ဧကာဒသမတန်း  လူရည်ချွန်စခန်း( ငွေဆောင်)ပိတ်သိမ်းပွဲအခမ်းအနားကို  ယနေ့ညနေပိုင်းက   ယမုံနာဦးဟိုတယ်ရှေ့ ကမ်းခြေ၌ ကျင်းပခဲ့ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များ​ တက်ရောက်ကြသည်။
မီးပုံပွဲပါဝင်ဆင်နွှဲ
ရှေးဦးစွာ စခန်းသိမ်းပွဲကျင်းပမည့် ယမုံနာဦးဟိုတယ်ရှေ့ ပင်လယ် ကမ်းခြေတွင်လူရည်ချွန်မောင်မယ်များက နေရာယူကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ထင်းမီးပုံကို မီးညှိ၍ မီးပုံပွဲစတင်ကျင်းပသည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   ဧည့်သည်တော်များက လူရည်ချွန်မောင်မယ်များနှင့်အတူ မီးပုံပွဲ၌ ပါဝင်ဆင်နွှဲကြသည်။
လူရည်ချွန်များဖျော်ဖြေ
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူး၊ ငွေဆောင်ဟိုတယ်ဇုန် လုပ်ငန်းရှင်များအသင်းနှင့် ရွှေငုံးမင်းကုမ္ပဏီတို့က လူရည်ချွန်မောင်မယ် များအား အမှတ်တရလက်ဆောင်ပစ္စည်းများ  ပေးအပ်သည်။ ထို့နောက် လူရည်ချွန်မောင်မယ်များက တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက်    မိမိတို့   အဖွဲ့ကိုယ်စီဖြင့်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသော ဧည့်သည်တော်များကို ဖျော်ဖြေခဲ့ကြသည်။ လူရည်ချွန် မောင်မယ်များ၏   ဖျော်ဖြေမှုအပြီးတွင်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က   စခန်းပိတ်သိမ်းကြောင်း  ကြေညာခဲ့ပြီး  လူရည်ချွန် မောင်မယ်များနှင့် ဆရာ ဆရာမများက မြနန္ဒာသီချင်းဖြင့်  စုပေါင်းကခုန်ကာ  မီးရှူးမီးပန်း များ လွှတ်တင်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                               
တိုင်းဒေသကြီး(ပြန်/ဆက်)