၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအုပ်စု မဲခွဲပွဲ ဇူလိုင် ၉ ရက်တွင် ပြုလုပ်မည်

 

 

ရန်ကုန်  ဇွန် ၂၉


အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအုပ်စု မဲခွဲပွဲအခမ်းအနားကို ဇူလိုင် ၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အာရှ ဘောလုံးအဖွဲ့ချုပ်သည် ယခုပြိုင်ပွဲကို ယခင်က အာရှ ယူ-၂၃ ချန်ပီယံ ရှစ်ပြိုင်ပွဲအမည်ဖြင့်  ကျင်းပခဲ့သော်လည်း ၂၀၂၂ ပြိုင်ပွဲမှ  စတင်ကာ အာရှဖလား ယူ-၂၃ ပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပမည်ဖြစ်သည်။
ခြေစစ်ပွဲကို အောက်တိုဘာလနောက်ဆုံးပတ်တွင် ပြုလုပ်ရန် စီစဉ် ထားပြီး အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန်ခွဲ၍ ကျင်းပမည်ဖြစ်ကာ အနောက်အာရှဇုန်တွင် အုပ်စုခြောက်ခု၊ အရှေ့အာရှဇုန်တွင် အုပ်စုငါးခု ပါဝင်မည်ဖြစ်သည်။                          
၂၀၂၂  အာရှဖလား ယူ-၂၃ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် ၄၆ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အရှေ့အာရှဇုန်တွင်  ၂၂  သင်း၊ အနောက် အာရှဇုန်တွင် ၂၄ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုမဲခွဲရန် ဆီဒင် သတ်မှတ်ချက်တွင် အရှေ့အာရှဇုန်  Pot-1 တွင်တောင်ကိုရီးယား၊ သြစတြေးလျ၊ ထိုင်း၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ Pot-2 တွင် ဂျပန်၊ တရုတ်၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊  Pot-3 တွင်  ဟောင်ကောင်၊ အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ကမ္ဘောဒီးယား၊ Pot-4 တွင် တရုတ်တိုင်ပေ၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ မကာအို၊ ဘရူနိုင်း၊ မြောက်မာရီယာနာကျွန်းစု၊ ဂူအမ်၊ အနောက်အာရှဇုန် Pot-1 တွင် ဆော်ဒီအာရေဗျ၊ ဥဇဘက် ကစ္စတန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ ယူအေအီး၊ အီရန်၊ Pot-2 တွင် အီရတ်၊ ကာတာ၊ ဘာရိန်း၊ တာဂျစ်ကစ္စတန်၊ အိုမန်၊ ပါလက်စတိုင်း၊ Pot-3 တွင် ဘင်္ဂလားဒေ့ရှ်၊ အာဖဂန် နစ္စတန်၊ လက်ဘနွန်၊ ကူဝိတ်၊ တာ့ခ်မင်နစ္စတန်၊ ယီမင်၊ Pot-4 တွင်  အိန္ဒိယ၊ ကာဂျစ္စတန်၊ နီပေါ၊ မော်လ်ဒိုက်၊ သီရိ လင်္ကာနှင့် ဘူတန်အသင်းတို့ ပါဝင်နေသည်။
မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အကြိမ်တိုင်း ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးကျင်းပသည့်   ၂၀၁၄  ပြိုင်ပွဲတွင်   ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရခဲ့သော်လည်း ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၂၀  ပြိုင်ပွဲတို့တွင် ခြေစစ်ပွဲမအောင်ခဲ့ပေ။ မြန်မာအသင်းသည် ခြေစစ်ပွဲမအောင်သည့်သုံးကြိမ်တွင် အုပ်စုဒုတိယနေရာရသော်လည်း သတ်မှတ်ထားသည့်  အကောင်းဆုံးအသင်း   အရေအတွက်အတွင်း မဝင်သဖြင့် နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်မရခဲ့ခြင်းဖြစ်သည်။ ယင်းခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂၊ ယူ-၂၃ အသင်းကို နည်းပြချုပ် အဖြစ် ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ကိုင်တွယ်မည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲပြီးပါက ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်ခုအတွက် ပြင်ဆင်ရမည်ဖြစ်သည်။ 
ရဲရင့်လွင်