သတိပြုစားသုံးသင့်သော အချိုမှုန့်(ဟင်းချိုမှုန့်)

Type
7


 

ဒေါက်တာ မြင့်သန်း(ညောင်လေးပင်)

 

ရှေးတရုတ်လူမျိုးတို့က လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်ကပင်  အစားအစာများတွင်  အရသာထူးကဲစေရန် ဟင်းခပ်စရာအချို့ကို  သုံးစွဲလေ့ရှိခဲ့ကြသည်။  Seaweeds  ခေါ်ကျောက်ပွင့်၊ ကျောက်ခက်၊ ပင်လယ် ရေညှိ စသည့်ပင်လယ်ထွက်ပေါက်ပင်တို့မှ ဂလူတာမစ်အက်စစ်  (glutamic acid) ထုတ်ယူနည်းကိုလည်း  တွေ့ရှိခဲ့ကြသည်။  Liquid  nutrient   medium ခေါ်  အာဟာရအရည်  ကြားခံပစ္စည်းတွင်  အချဉ်ဖောက်ခြင်း (Fermentation) ဖြင့်  ဂလူတာမစ်အက်စစ်ကိုရရှိပြီး  ၉၉ ရာခိုင်နှုန်း  သန့်စင်သော  ဂလူတာမစ်အက်စစ်နှင့်  ဆိုဒီယမ်ဆားဓာတ်တို့  ပေါင်းစပ်လိုက်သော်  MSG  (Monosodium Glutamate)  ခေါ်   ဟင်းချိုမှုန့်  အချိုမှုန့်ကို  ရရှိပါသည်။  ယင်းသည်   ထူးကဲသောအရသာကို  ဖြစ်ပေါ်စေပါသည်။  ကြံ၊ ပီလောပီနံဥ ၊  မုန်လာဥနီ၊  တင်လဲရည်  စသည်တို့မှလည်း ထုတ်ယူလေ့ရှိ ကြသည်။

MSG ကို   ဂျပန်လူမျိုး   ဇီဝဓာတုပညာရှင် Kikunae Ikeda က   ၁၉၀၈ ခုနှစ်က   ဂျပန်ရိုးရာ စွပ်ပြုတ်များတွင် ခံစားရသော   kombu   အမည် ရှိအရသာနှင့်  ဆင်တူခံစားနိုင်သော  အရသာကို ပင်လယ်ရေညှိတို့မှ ထုတ်ယူခဲ့သည်။
MSG(Monosodium Glutamate)
C3H8NNaO4   မိုနိုဆိုဒီယမ်ဂလူတာမိတ်သည်  ဂလူတာမစ်အက်စစ်၏  ဆိုဒီယမ်ဆား  (Sodium salt  of  glutamic  acid) ဖြစ်ပြီး   အဖြူရောင် အမှုန့်အဖြစ်   တွေ့နိုင်ပါသည်။  ဂလူတာမစ်အက်စစ် သည် အော်ဂဲနစ်ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ကာဗွန် အက်တမ်များဖြင့် ဖွဲ့ထားသည်။   MSG   တွင်  D-Glutamic  acid,  pyroglutamic  acid,  L-glutamic acid တို့လည်း  ပါဝင်ပါသည်။ အချိုမှုန့် (MSG)၏အရသာသည်  အချို၊  အငန်၊ အချဉ်၊ အခါး စသည့်  အဓိကအရသာခံစားမှုများတွင် မပါဘဲ ထူးခြားသောအရသာရှိသဖြင့်   ယူမာမီ  (Umami) ဟု ခေါ်ကြောင်း   သိရသည်။  တရုတ်စကား  Xien  Wai မှလာသည်ဟုလည်း   ဆိုသည်။  အင်္ဂလိပ်စကား လုံးမှာ    savory ,broth- like or   meaty   taste စသည်ဖြင့်  စွဲလမ်းနှစ်သက်ဖွယ်  အရသာထူး ခံစားရစေသည်ကို ဆိုလိုပါသည်။ အစားအစာများ တွင် ထည့်သုံးပါက စားသုံးသူတို့ နှစ်သက်ကြရုံမက စွဲလမ်းတမ်းတမှုကိုပါ  ဖြစ်သဖြင့်  မလွတ်တမ်း    သုံးစွဲလာကြပါသည်။     အရသာခံစားမှု ဆိုင်ရာ  ကျွမ်းကျင်သူတစ်ဦးဖြစ်သည့်  Chaudhari  က  လူ့လျှာတွင် MSG ကို  ခံစားနိုင်သည့်   အရသာခံအဖု ငယ်ကလေးများ (taste buds) ပင်ရှိနေပြီဟု  ဆိုပါ သည်။ ထိုအရသာ ထူးကိုရရှိစေသည့်  အဓိက ပါဝင်သည့်ပစ္စည်းသုံးမျိုး Umami     substances  မှာ   ဂလူတာမိတ် (glutamate)၊  5-inosinate,   5-guanylate  တို့ဖြစ်ကြပြီး ဂျပန်ပညာရှင်တို့က  စတင်တွေ့ရှိခဲ့သည်။   ၁၉ဝဝ   ပြည့်နှစ်များနောက်ပိုင်း တွင်  စားသုံးသင့်ကြောင်း   ထောက်ခံမှုများရှိလာကာ ကမ္ဘာအနှံ့     ကျယ်ပြန့်စွာ      သုံးစွဲလာခဲ့ကြသည်။ ယင်းကိုသုံးစွဲခြင်းကြောင့်       အန္တရာယ်ကင်းပါ ၏ လောဆိုသည့် သံသယများက      လွန်ခဲ့သော နှစ်အနည်းငယ်ကပင်      ဖြစ်ပေါ်လာခဲ့သည်။ ယင်းကြောင့်    ခေါင်းကိုက်ခြင်း၊   ပျို့အန်ခြင်း၊  ဝမ်းလျှောခြင်း၊  IBS  Irritable Bowel  Syndrome ခေါ် မကြာခဏဝမ်းလျှောခြင်း၊  ရင်ကျပ်ပန်းနာ ရှိသူများတွင် ရောဂါထလာစေခြင်း၊ panic attacks ခေါ်  ကြောက်တတ်သည့်စိတ်များဖြစ်လာခြင်းတို့ကို တွေ့ရှိလာရသည်။ Wistar  rats ခေါ်     စမ်းသပ်ခံ ကြွက်ငယ်များတွင်  fibroid  ခေါ်သားအိမ်     အသား လုံးများဖြစ်လာသည်ကို  တွေ့ရသည်။ ထို့ပြင်  total  protein  ပရိုတင်းဓာတ်တက်လာခြင်း၊ ကိုလက် စထရော၊ အီစထရိုဂင်တို့ပါ များလာခြင်း၊  ယင်းတို့ ကြောင့်  Fibroid   အသားလုံးများ ဖြစ်ပေါ်ခြင်းနှင့်   ဆက်စပ်နိုင်ကြောင်း  ယူဆကြပါသည်။  ထိုစမ်းသပ် ခံ  ကြွက်ငယ်တို့တွင်  MSG အနည်းငယ်  (5mg/kg)ကျွေးပြီး   စမ်းသပ်ရာ အသည်းကိုထိခိုက်မှုရှိ ကြောင်း တွေ့ရသည်။ MSG ကြောင့်  သွေးခဲစေသော   သွေးဖြူ    Platelets များပြားလာခြင်း၊  သွေးထွက် မှုနှင့်    သွေးခဲမှုကြာမြင့်ချိန်   (Bleeding and   Clotting  time) တို့ ပိုမိုကြာမြင့်လာကြောင်း၊ Oxidative Stress ခေါ်  ဇီဝဖြစ်စဉ်အပေါ်  ဖိစီးမှု မြင့်မားလာမှုကြောင့်  သွေး အတွင်းရှိ     အချိုဓာတ်    မြင့်တက်လာကြောင်း၊ ကျောက်ကပ်ရှိ    တစ်သျှူး များ   ထိခိုက်စေနိုင်ကြောင်း  စသည်တို့ကိုလည်း  တွေ့ရှိရသည်။ နိုင်ဂျီး ရီးယားနိုင်ငံရှိ (IS,KC,SMC, BS)   ကုမ္ပဏီထုတ် အချိုမှုန့်တို့ကို  စားသုံးသူများတွင်  လိင်ပိုင်းဆိုင်ရာဟော်မုန်းများ   (Testosterone,  Estrogen,   Progesterone)စသည်တို့ လျော့ကျ သွားကြောင်း၊ လေ့လာသူ  Nwajei  ဆိုသူက  ဆိုပါ သည်။  Wistar   albino   rats   ကြွက်ဖြူများတွင် လေ့လာရာတွင်လည်း     ယင်းသို့ဖြစ်ပေါ်သည်ကို တွေ့ရသည်။
အချိုမှုန့်ကြောင့်ထင်ရှားသည့်    ကျန်းမာရေး ပြဿနာမှာ Chinese Restaurant Syndrome - CRS ဖြစ်ပါသည်။
အချိုမှုန့်ကြောင့်    ထိခိုက်မှုကို   လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ခန့်ကပင် တွေ့ရှိခဲ့ပြီး   Chinese Restaurant Syndrome (CRS)တရုတ်စားသောက် ဆိုင် ရောဂါလက္ခဏာစု”ဟုအမည်ပေးခဲ့ကြသည်။အချိုမှုန့်ကဲသော      စားသောက်ဖွယ်များကို စားသောက်ပြီး  မိနစ်၂ဝ  ခန့်အကြာတွင်  ကျောပြင် မှာ  နာခြင်း၊   ထုံကျဉ်ခြင်းဖြစ်လာပြီး    ယင်းက လက်မောင်း   နှစ်ဖက်ဆီရွေ့သွားတတ်သည်။ သို့မဟုတ်    ရင်ညွန့်ရိုးဆီ   ရွေ့သွားကာ  နုံးခွေခြင်း၊ ရင်တုံခြင်းများလည်း ခံစားရတတ်သည်။ ထို့နောက် မျက်နှာနီမြန်းလာခြင်း၊  ခေါင်းမူးခြင်း၊  လဲကျခြင်း၊ မျက်နှာများတင်းကျပ်လာခြင်း  စသည်တို့လည်း ခံစားလာရတတ်သည်ဟု  ဆိုပါသည်။  ကလေးငယ် တို့မှာ  ကိုယ်အပူချိန်တက်ခြင်း၊ တက်ခြင်း၊ စိုးရိမ် ကြောက်လန့်စိတ်ဖြစ်ခြင်းတို့     ဖြစ်တတ်သည်။ သို့သော်   ထိုသို့ဖြစ်ပွားတတ်မှုသည်   အချိုမှုန့် မည်မျှစားသနည်း၊   မိမိကိုယ်တိုင်၏  ခန္ဓာကိုယ် ဇီဝသဘာဝက MSG အချိုမှုန့်အပေါ် မည်သို့ တုံ့ပြန် သနည်း   ဆိုသည့်အချက်များပေါ်တွင်  မူတည်  သည်ဟု     လေ့လာမှုများအရ     သိရပါသည်။    အယ်လ်ဇိုင်းမား(Alzheimer )နှင့်  ပါကင်ဆန် (Parkinson) စသည့် သက်ကြီးသတိမေ့ရောဂါ၊ သွက်ချပါဒရောဂါရှိသူများတွင် ပိုဖြစ်ပွားလွယ် သည်ဟုလည်း သိရသည်။ ဆေးပညာနိုဘယ်လ် ဆုရှင်  ပါမောက္ခ  ဒေါက်တာ ကိုနတ်ဘိုင်ရူးသားကမူ MSG  သည်  ကျန်းမာနေသူ၏   ဦးနှောက်အကာအရံ (blood -  brain – barrier) ကိုမဖြတ်နိုင်၊ သို့သော် သင့်တင့်သည့်ပမာဏသာ   စားသုံးသင့်သည်ဟု ဆိုပါသည်။ အချိုမှုန့်   MSG  ကြောင့် ဖြစ်ပေါ်လာ နိုင်သည့်     ကျန်းမာရေးဆိုင်ရာပြဿနာများ Toxicological   effect  of  MSG  on  Human ဆောင်းပါးကို  Global   Journal   of  Nutrition and Health Science  GJNFS-May  16,2019,  “ကမ္ဘာလုံးဆိုင်ရာ အာဟာရနှင့် ကျန်းမာရေး ဂျာနယ်”တွင်    အောက်ပါအတိုင်း  လေ့လာ တွေ့ရှိရပါသည်။
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာထိခိုက်မှု
ဂလူတာမိတ်ဓာတုပစ္စည်းတို့ကို  လက်ခံနိုင် သည့် ဆဲလ်များ( neuronal cells )သည် ဗဟိုနာဗ် ကြောအဖွဲ့  (Central   Nervous   System)  ရှိ amygdala, hippocampus,hypothalamus စသည့်နေရာတို့တွင်  များစွာရှိနေသည်။ ထိုနေရာတို့ သည်  ခန္ဓာကိုယ်၏အဓိကကျသော  ဇီဝဖြစ်စဉ် များ၊ အလိုလျောက် တုံ့ပြန်မှုစနစ်များကို ထိန်းချုပ် ရာနေရာများဖြစ်ကြသည်။  စားလိုက်သမျှ   MSG တို.က၊  ထိုနေရာများတွင် စုပုံလာကာ oversti - mulation ခေါ်  လွန်ကဲသည့် လှုံ့ဆော်မှုများဖြစ်ပေါ် စေပါသည်။ ယင်းကို  Exitotoxicity  ဟုခေါ်ပြီး နူရိုနယ်ဆဲလ်များ ပျက်စီးခြင်း၊   အာရုံကြောဆဲလ်များ ပျက် စီးခြင်းတို့ဖြစ်ပေါ်စေပါသည်။   ထို့ကြောင့် ဦးနှောက်နှင့်   အာရုံကြောဆိုင်ရာ    ရောဂါပြဿနာ များ ရင်ဆိုင်လာရနိုင်ပါသည်။
အဝလွန်ခြင်း (Obesity)
ခန္ဓာကိုယ်၏   ဇီဝယန္တရားကို  ကမောက်ကမ ဖြစ်သည့်အတွက် အချိုဓာတ်နှင့် ယင်းကိုထိန်းပေး သော  အင်ဆူလင်ဟော်မုန်းတို့ ထိခိုက်လာတတ်ပါ သည်။  ယင်းကြောင့်  ခန္ဓာကိုယ်တွင်  အဆီဓာတ် များစုပုံလာကာ       ကိုယ်အလေးချိန်တိုးလာခြင်း၊ သွေးအတွင်း  အဆီဓာတ်တက်လာကာ  နှလုံးနှင့် သွေးကြောဆိုင်ရာပြဿနာများ    ဖြစ်လာခြင်း၊ Growth   Hormone  ခေါ်    ခန္ဓာကိုယ်ကြီးထွားစေသည့် ဟော်မုန်းဓာတ်များ   အထွက်ကျဆင်းလာစေခြင်း နှင့်     အခြားအင်ဒိုခရိုင်းဂလင်းဆိုင်ရာ    ရောဂါ များ၊ ဆီးချိုရောဂါ၊ သိုင်းရွိုက်လည်ပင်း အကျိတ် ရောဂါ စသည်များ ဖြစ်ပွားလာနိုင်ပါသည်။
မျိုးပွားအင်္ဂါအဖွဲ့ (Reproductive System)
အမျိုးသားတို့တွင် သုတ်ပိုးများတည်ဆောက် ခြင်းကို အဓိကအထောက်အကူပြုသော Testo - sterone  ဟော်မုန်း၊ အမျိုးသမီးတို့၏ မျိုးပွား အင်္ဂါအဖွဲ့ ဖွံ့ဖြိုးမှုများကို  အဓိကအထောက်အကူပြု သည့် progesterone ဟော်မုန်းတို့ကို ထိခိုက်စေ သည်ကိုတွေ့ရပါသည်။  ထို့ကြောင့်  မျိုးဆက်ပွား နိုင်မှုများအတွက်  များစွာအန္တရာယ်ပေးနိုင်သည်ကို  တွေ့ရကြောင်း   သိရပါသည်။
အသည်းကိုထိခိုက်ခြင်း (Hepatotoxicity)
အသည်းဆဲလ်များကို ထိခိုက်ပျက်စီးစေနိုင် ကြောင်း သိရပါသည်။  အသည်း၏အဓိကလုပ်ငန်း ဆောင်တာများဖြစ်သည့်      သိုလှောင်ခြင်း၊  ပြင်ပအဆိပ်များကို      စစ်ထုတ်စွန့်ပစ်ခြင်းများ အပါအဝင် အဓိကတာဝန်များ  ထိခိုက်ပျက်စီးစေ နိုင်ပြီး အသည်းရောဂါများ ဖြစ်လွယ်ကြောင်း သိရ ပါသည်။
ကျောက်ကပ်ထိခိုက်ခြင်း (Nephrotixicity)
လေ့လာမှုများအရ MSG သည် ကျောက်ကပ် အပေါ်တွင်   Oxidative   Stress    ဇီဝထိခိုက်မှု  ဖိအားသက်ရောက်စေသည့်အတွက်  Reactive Oxygen Species (ROs)ခေါ်  ခန္ဓာကိုယ်ကို အကျိုး  မပြုသည့်     အောက်ဆီဂျင်ဓာတ်တိုးပစ္စည်းများ၊ ကျောက်ကပ်တွင်   စုပုံလာစေနိုင်ပါသည်။ ယင်း သည်  ကျောက်ကပ်များကို ထိခိုက်ပျက်စီးစေနိုင် ပါသည်။
သွေးပေါင်ချိန်တက်ခြင်း
အချိုမှုန့်များများ     ကြာကြာစားလေ့ရှိပါက သွေးဖိအား နှစ်မျိုးလုံး  Sytolic  blood  pressure (SBP),Diastolic blood pressure (DBP)တက်လာ နိုင်ကြောင်း တွေ့ရပါသည်။  SBP  သည် နှလုံးကြွက် သားများ  ညှစ်စဉ်၊   သွေးလွှတ်ကြောများအတွင်း ရှိနေသည့်  ဖိအားဖြစ်ပြီး DBP သည်  နှလုံးကြွက်သား များဖြေလျှော့သွားစဉ် သွေးလွှတ်ကြောများအတွင်း ရှိနေသည့်  ဖိအားကိုဆိုလိုပါသည်။
အချိုမှုန့်၏ ဆိုးကျိုးများကို 
လျော့ပါးစေနိုင်သည့် အစားအစာများ
ဗီတာမင်စီ၊  အရည်ရွှမ်းသောသစ်သီး၊  ဟင်းသီး ဟင်းရွက်များ၊  ဗီတာမင်အီး၊ ထောပတ်သီး၊ ဗာဒံသီး၊  ပဲအမျိုးမျိုး၊ ဖရုံသီး၊နေကြာဆီ၊ ပဲပိစပ်ဆီ၊ ဟင်းနု နွယ်၊ ကြက်သွန်ဖြူ၊  နနွင်း၊  ချင်း (ဂျင်း)စသည်များ  စားသုံးပေးနိုင်ပါသည်။
အချိုမှုန့် သို့မဟုတ် ဟင်းချိုမှုန့်များ
ကမ္ဘာအနှံ့ထုတ်လုပ်သုံးစွဲနေကြသည့် အချိုမှုန့် များမှာ- Star  maggi,  knorr,  royco,  doyin, jumbo (cubes), Onga, Mixpy, Benny, Aluba shrimp seasoning (powdered),  A-one,  Vedan, Ajino- moto, Salsa and Tasty (monosodium glutamate) ယင်းတို့တွင်  အဓိကအားဖြင့် (major active ingredients in flavor enhancers) ဆား salt (NaCl) နှင့်  monosodium glutamate (MSG)တို့သာ  ပါဝင်လေ့ရှိကြသည်။
အာဂျီနိုမိုတို(Ajinomoto)
ကျွန်တော်တို့ငယ်စဉ်ကပင်    အာဂျီနိုမိုတို ဆိုလျှင်  အချိုမှုန့်၊  အချိုမှုန့်သည်   အာဂျီနိုမိုတို  ဟု   သိထားကြသည်။   အိမ်တိုင်းမှာ    မရှိမဖြစ်  အာဂျီနိုမိုတိုဖြစ်သည်။  အာဂျီနိုမိုတိုသည် ဂျပန် အစားအစာနှင့်  နည်းပညာဆိုင်ရာကော်ပိုရေးရှင်း ကြီးဖြစ်ပြီး    အချိုမှုန့်၊    စားသုံးဆီအမျိုးမျိုး၊ အေးခဲထားသောအစားအစာများ၊  အချိုရည်အမျိုး မျိုး၊ သကြားလုံးအမျိုးမျိုး၊  အမိုင်နိုအက်စစ်များ၊ဆေးဝါးများနှင့်  ကျွန်ပျူတာများတွင် သုံးသော (Interlayer  insulating  materials  for semicon-  ductor pacakages)  တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့်   ကော်ပိုရေးရှင်းကြီးဖြစ်သည်။  Aji-no-moto ၏   အဓိပ္ပာယ်က   အရသာ၏ အနှစ်သာရ (Essesce of   taste) ဖြစ်သည်။  အာဂျီ နိုမိုတိုသည် အချိုမှုန့်တစ်ခုတည်းဖြင့်  ကမ္ဘာသိ ဖြစ်သွားခဲ့ပါသည်။  ၁၉ဝ၇   ခုနှစ်ကပင်  ကြံမှ အချိုမှုန့်က စတင်ထုတ်လုပ်ခဲ့သည်။ ၁၉၁ဝ ပြည့်နှစ်   အချိုမှုန့်  ၄ ဒသမ၂ တန်၊ ၁၉၁၃ ခုနှစ် ၂၃ဒသမ၂ တန်အထိ ထုတ်လုပ်နိုင်ခဲ့သည်။ ၂၀၂ဝ ပြည့်နှစ်တွင် နိုင်ငံ ပေါင်း ၃၆ နိုင်ငံတွင် အခြေစိုက်လျက်ရှိပြီး ဝန်ထမ်း ပေါင်း  ၃၄၅၀၄  ဦးခန့်  ရှိနေပြီဟု သိရသည်။
သတိပြုသုံးကြစို့
FASEB  Federation of American  Societies for Experimentalအဖွဲ့ကြီးက အချိုမှုန့် MSG ကို  နေ့စဉ် သုံးဂရမ်ထက်ပိုမစားသင့်၊   ဝ  ဒသမ  ၅ ဂရမ်နှင့်    အောက်သည်သာ၊  အန္တရာယ်ကင်း သည်ဟု ဆိုပါသည်။ အမေရိကန်နိုင်ငံ၏ အမြင့် ဆုံးတရားရုံးတော်က MSGကို  Chinese  Salt ဟုခေါ်ကာ Hazardous to health ကျန်းမာရေးကို ထိခိုက်စေသည်၊  မသုံးသင့်ကြောင်း တားမြစ်ထား သည်ဟု  သိရပါသည်။ အမေရိကန် အစားအစာနှင့်  ဆေးဝါးစစ်ဆေးကွပ်ကဲရေးအဖွဲ့ FDA က  MSGကို  သင့်တင့်သောပမာဏစားလျှင်သုံးစွဲ နိုင်သည်(GRAS designation)ဟု ထောက်ခံထားသည်။  ဥရောပ ယူနီယံကမူ      အစားအစာတာရှည်ခံအောင်   ထုတ်လုပ်သူများအနေဖြင့်  MSG ကို  အစားအစာ တစ်ဂရမ်တွင်  ၁ဝ ကီလိုထက်   မပိုရကြောင်း သတ်မှတ်ထားကြောင်း  သိရပါသည်။
အချိုမှုန့်  ခေါ်   ဟင်းချိုမှုန့်သည်   အစားအစာ များ  အရသာထူးကဲစေရန်စီမံထားသည့် ဟင်းခပ် ပစ္စည်းတစ်မျိုးဖြစ်ပြီး  ရေရှည်သုံးစွဲမှု   ပမာဏ များများစားသုံးတတ်မှုတို့က   အများပြည်သူတို့ အတွက် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ် စေနိုင်သဖြင့်  သတိပြုစားသုံး၊  ချင့်ချိန်စားသုံးသင့် ပါကြောင်း  ဖော်ပြအပ်ပါသည်။     ။