
မျိုးငြိမ်းငယ်
ဒစ်ဂျစ်တယ်ကမ္ဘာ
၂၁ ရာစုမှာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးက လူတွေ ရဲ့နေ့စဉ်လူမှုဘဝမှာ အရေးပါတဲ့အစိတ်အပိုင်း တစ်ခုဖြစ်နေပါပြီ။ လူသားနဲ့ဒစ်ဂျစ်တယ်ကမ္ဘာ ခွဲခြား လို့ မရတော့ပါဘူး။
ဒစ်ဂျစ်တယ်နည်းပညာတွေက လူတွေရဲ့ ဆက်သွယ်ပြောဆိုမှု၊ အလုပ်အကိုင်၊ လေ့လာသင်ယူ မှုနဲ့ ဖျော်ဖြေမှုတွေမှာ အသွင်သစ်ပုံစံနဲ့ ပြောင်းလဲ နေရာယူထားပါတယ်။ နည်းပညာခေတ်မှာ အင်တာ နက်၊ စမတ်ဖုန်း၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဆိုရှယ် မီဒီယာပလက်ဖောင်းတွေ တစ်ဟုန်ထိုးတိုးတက်လာ တဲ့အတွက် လူ့အဖွဲ့အစည်းဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေဖြစ်နေပြီး အဲဒီအထဲမှာ အခွင့်အလမ်း တွေရော၊ စိန်ခေါ်မှုတွေပါ ရောပြွမ်းနေပါတယ်။ အဲဒီ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေက လူသားတွေရဲ့ နေ့စဉ်ဘဝတွေကို ပုံဖော်ဖန်တီးပေးလျက်ရှိပါတယ်။
ဒီကနေ့ခေတ်မှာ ဒစ်ဂျစ်တယ်နည်းပညာတွေ က အရာရာကိုပြောင်းလဲစေတယ်ဆိုတာ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ကြည့်လိုက်ရင် တွေ့နိုင်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာတွေက လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာတွေကိုသာ ပြောင်းလဲစေတာ မဟုတ် ပါဘူး။ စိတ်ပိုင်းဆိုင်ရာမှာလည်း အကျိုးသက်ရောက် မှုနဲ့ ပြောင်းလဲမှုတွေ ဖြစ်စေလျက်ရှိပါတယ်။ သိသာ မြင်သာပြောင်းလဲနေတဲ့ နယ်ပယ်တွေထဲမှာဆိုရင် ဆက်သွယ်ရေးနဲ့ ထိတွေ့ဆက်ဆံမှု၊ စီးပွားရေး၊ ပညာရေးနဲ့ လေ့လာသင်ယူမှု၊ လူမှုရေးနဲ့ စိတ်ပိုင်း ဆိုင်ရာနယ်ပယ်တွေဟာ အသိသာဆုံးပါပဲ။ အဲဒီ ကဏ္ဍတွေထဲမှာဆိုရင် သီးခြားနယ်ပယ်လေးတွေ ပါပါသေးတယ်။ ဆိုရရင် လူသားတွေရဲ့ နေ့စဉ် ကျင်လည်နေရတဲ့နေရာတိုင်းမှာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ နည်းပညာပစ္စည်းတွေမပါရင် မဖြစ် တော့လောက်အောင် ပြောင်းလဲနေပါတယ်။
ဆိုရှယ်မီဒီယာ
ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်လာတဲ့ အတွက် အဓိကပြောင်းလဲတာတွေထဲမှာ ဆက်သွယ် ရေးစနစ်ပါပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာတွေက ဆက်သွယ်ရေးစနစ်ကို အမြစ်ကစပြီး တော်လှန် လိုက်သလိုပါပဲ။ အချိန်နဲ့နေရာကန့်သတ်ချက်တွေ ကို ဖယ်ရှားပစ်လိုက်ပါတယ်။ အီးမေးလ်၊ စာတိုနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့သူတွေဆီကို အချိန်နဲ့ တစ်ပြေးညီ ဆက်သွယ်လာနိုင်ပါတယ်။ ဆက်သွယ် ရေးစနစ်တွေ ကောင်းမွန်လာတဲ့အတွက် ကမ္ဘာကြီး ဟာ ရွာကြီးတစ်ရွာလိုဖြစ်နေပြီလို့ ဆိုကြပါတယ်။ Pew Research Center ရဲ့ ၂၀၂၁ ခုနှစ် လေ့လာမှု အရဆိုရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူပေါင်း ၄ ဒသမ ၆၆ ဘီလီယံဟာ အင်တာနက် အသုံးပြုနေကြပါ တယ်တဲ့။ ဒီပမာဏဟာ ကမ္ဘာ့လူဦးရေရဲ့ ၅၉ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။
ဒစ်ဂျစ်တယ်ဆက်သွယ်မှုတွေကြောင့် ထိတွေ့ ဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ပိုအားကောင်းလာပြီး မကြုံစဖူးအတိုင်းအတာနဲ့ အတွေးအမြင်တွေ၊ သတင်းအချက်အလက်တွေနဲ့ ယဉ်ကျေးမှုတွေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖလှယ်နိုင်လာကြပါတယ်။ အဲဒီလို ဆက်သွယ်မှု မြန်ဆန်စေတာတွေထဲကမှ သာမန်လူအများစုအထိ တွေ့ဆုံးက ဆိုရှယ်မီဒီယာတွေပါပဲ။ အသုံးများလာ တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ တစ်နှစ် ထက်တစ်နှစ် ပိုကျယ်ပြန့်လာနေပြီး အသုံးပြုသူ ဦးရေလည်း မြင့်တက်နေပါတယ်။
ဆိုရှယ်မီဒီယာတွေရဲ့ အသုံးဝင်မှုကလည်း အံ့မခန်းပါပဲ။ ဝန်မပါပွဲမဖြစ်လို့တောင်ဆိုနိုင်တယ်။
ဒါဟာ လူတစ်ဦးစီရဲ့နေ့စဉ်ဘဝမှာ အစိတ်အပိုင်း တစ်ခုအဖြစ် မပါမဖြစ်ပါဝင်နေတဲ့သဘောပါပဲ။ ကမ္ဘာတစ်ဝန်းမှာ လူတိုင်းလိုလို အသုံးပြုနေကြတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းဟာ စီးပွားရေးအတွက် ကြီးမားတဲ့ဈေးကွက်အခွင့်အရေးကြီး ဖြစ်နေပါပြီ။ ဒစ်ဂျစ်တယ်တိုးတက်ပြောင်းလဲမှုတွေကြောင့် ရလာ တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီအခွင့်အရေး ကို ဘယ်ကုမ္ပဏီ၊ ဘယ်စီးပွားရေးလုပ်ငန်းမဆို လက်လွတ်ခံမှာ မဟုတ်ပါဘူး။ အသုံးချဖို့ သူ့ထက်ငါ ကြိုးစားနေကြပါတယ်။
တကယ်တော့ ဆိုရှယ်မီဒီယာတွေဆိုတာက စီးပွားရေးတစ်ခုတည်းအတွက်သာ အခွင့်အရေးတွေ ရပြီး အသုံးဝင်တာမဟုတ်ပါဘူး။ လူတစ်ဦးချင်းစီရဲ့ အသက်မွေးဝမ်းကျောင်း ပညာရေး၊ ကျန်းမာရေး တွေအပြင် အခြားနယ်ပယ်အသီးသီးအတွက်လည်း အခွင့်အလမ်းတွေရှိပြီး အသုံးဝင်ပါတယ်။ အဲဒီလို ကျယ်ပြန့်လာတဲ့ ဆိုရှယ်မီဒီယာတွေရဲ့ အရေးပါမှု တွေကြောင့် လူအများက မရှိမဖြစ်သုံးကြရင်း သူ့ရဲ့ သက်ရောက်မှုက လူတစ်ဦးချင်းစီရဲ့နေ့စဉ်ဘဝတွေ အပေါ်ကို လွှမ်းမိုးလာပါတယ်။ လူတွေရဲ့ နေ့စဉ် အပြုအမူ၊ အတွေးအမြင်နဲ့ အပြန်အလှန်လူမှု ဆက်ဆံရေးတွေဟာ ဆိုရှယ်မီဒီယာတွေကြောင့် ပြောင်းလဲနေကြပါတယ်။
အခွင့်အလမ်းများ
၂၀၂၄ ခုနှစ် နောက်ဆုံးစာရင်းအင်းတွေအရ ဆိုရင် ဆိုရှယ်မီဒီယာအသုံးပြုသူ ဦးရေဟာ ၅ ဒသမ ၁၇ ဘီလီယံရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာ့ လူဦးရေရဲ့ ၆၃ ဒသမ ၈၂ ရာခိုင်နှုန်းရှိပါတယ်။ အဲဒီ ပမာဏထဲမှာ ဖေ့စ်ဘွတ်အသုံးပြုသူဦးရေက ၃ ဒသမ ၀၅ ဘီလီယံရှိလို့ အသုံးအများဆုံးဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်နေပါတယ်။ နောက်ပြီး အင်တာနက်နဲ့ စမတ်ဖုန်းတွေရဲ့ တိုးတက်လာမှုဟာ လည်း ဆိုရှယ်မီဒီယာအသုံးပြုတဲ့သူများလာရတဲ့အကြောင်းတစ်ခုဖြစ်ပါတယ်။ အင်တာနက်နဲ့ စမတ် ဖုန်းတွေ အလွယ်အကူ လက်လှမ်းမီအသုံးပြုနိုင်ကြ တာကြောင့် ဆိုရှယ်မီဒီယာတွေကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ အဲဒီတော့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို လူတိုင်းက ဘာကြောင့် အသုံးပြုကြသလဲဆိုရင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဟာ အသုံးဝင်ပြီး အခွင့်အလမ်း တွေရနေလို့ပါပဲ။
ဒါကြောင့်လည်း ဆိုရှယ်မီဒီယာတွေကြောင့် ရလာတဲ့အခွင့်အလမ်းတွေကို ကဏ္ဍအသီးသီးမှာ သူ့နေရာနဲ့သူ အသုံးချနေကြတာ မဆန်းပါဘူး။ အသုံးချတဲ့ နယ်ပယ်၊ ရည်ရွယ်ချက်နဲ့ အပြုအမူတွေ ကတော့ အမျိုးမျိုးရှိကြတာပေါ့။ အကျိုးပြုတာတွေ လည်းရှိသလို အကျိုးမပြုတာတွေလည်း ရှိကြပါ တယ်။ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးလို့ ဆိုရမှာပဲ။ ဆိုရှယ်မီဒီယာတွေကို အကျိုးရှိအောင် သုံးတတ်ရင် အမှန်တကယ်အသုံးဝင်ပါတယ်။ တစ်ခါတလေ ဆိုရှယ်မီဒီယာတွေရဲ့ အကျိုးကျေးဇူး က အံ့မခန်းပါ။ လူမှုကွန်ရက်ပေါ်မှာ တွေ့ဖူးကြပါ လိမ့်မယ်။ လူမသိသူမသိ ဒုက္ခရောက်နေသူရဲ့ အဖြစ် အပျက်ကို တွေ့မိတဲ့သူတွေက ဆိုရှယ်မီဒီယာပေါ် တင်ပေး၊ ဝိုင်းရှယ်ပေး၊ ကရုဏာသက်ပေး၊ မှတ်ချက် တွေရေးကြလို့ လူအများကသိသွားပြီး ဝိုင်းဝန်း ကူညီပေးကြလို့ အဆင်ပြေသွားတဲ့ဖြစ်စဉ်တွေ တွေ့ရတယ်။ ကိုယ်တွေတောင် ဘေးကကြည့်ရင်း ပီတိဖြစ်ရပါတယ်။ ဆိုရှယ်မီဒီယာသာမရှိရင် အခု လိုကူညီပေးဖို့ဆိုတာ မလွယ်ပါဘူး။ သုံးတတ်တော့ လည်း အများအကျိုးဖြစ်စေပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာက သတင်းစီးဆင်းတာ မြန်မြန်ဆန်ဆန် ကျယ်ကျယ်ပြန့်ပြန့်ရောက်တော့ လူထုအကြားကို ချက်ချင်းဆိုသလို ပျံ့သွားတယ်။ အချိန်၊ နေရာကန့်သတ်ချက်တွေကို ကျော်သွားတယ်။ လူချင်းဘယ်လောက်ဝေးနေဝေးနေ တစ်ခုခုဆို ချက်ချင်းသိရတယ်။ ဓာတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယို ဖိုင်တွေ တင်ပေးနိုင်တော့ ဖြစ်စဉ်အမှန်ကို သိရတယ်။ ချက်ချင်းသိရတော့ အဲဒီအပေါ်မှာ သိတဲ့သူတွေအနေ နဲ့ ချက်ချင်းတုံ့ပြန်ပေးနိုင်တယ်။ အရင်တုန်းကဆို ဝေးဝေးလံလံက အဲဒီလိုဖြစ်နေတာတွေ ဘေးက သူတွေသိလို့ ကူညီချင်တာတောင် အခုလို ထိရောက်ဖို့ ဘယ်လွယ်မလဲ။ အခြားသူတွေ သိအောင်လိုက်ပြော ဖို့ဆိုတာကလည်း လွယ်တာမှတ်လို့။
အခုဆို အနီးနားလူတွေတင် မကဘူး၊ ရေခြား မြေခြား နိုင်ငံခြားရောက်နေတဲ့သူလည်း သိနိုင်ကြ လို့ ဝိုင်းပံ့ပိုးပေးနိုင်ကြတယ်။ ဒီလိုဖြစ်စဉ်တွေရဲ့ အကောင်းအဆိုးအပေါ်မူတည်ပြီး လူအများရဲ့ သဘောထားနဲ့ မှတ်ချက်တုံ့ပြန်မှုတွေက လူ့အသိုက် အဝန်းကို တစ်ဖက်တစ်လမ်းကနေ ထိန်းကျောင်း ပေးနိုင်တယ်။ ပြောရရင် ဆိုရှယ်မီဒီယာတွေကိုသာ သုံးတတ်ရင် အဘက်ဘက်က အကျိုးရှိစေတာက တော့ သာမန်အနေနဲ့ကြည့်ရင်တောင် အများကြီးပဲ။
စီးပွားရေးအခွင့်အလမ်း
ဒါကြောင့်လည်း ဒစ်ဂျစ်တယ်စနစ်နဲ့မောင်းနှင် နေတဲ့ကမ္ဘာကြီးမှာ လူမှုမီဒီယာတွေက တဖြည်းဖြည်း နေရာယူလာလိုက်တာ ခေတ်မီဈေးကွက်ရှာဖွေရေး မဟာဗျူဟာတွေရဲ့ အခြေခံတစ်ခုဖြစ်နေပြီ။ ဆိုရှယ် မီဒီယာပလက်ဖောင်းတွေဟာ လူတိုင်းအတွက် လက်လှမ်းမီနိုင်မှု၊ အသုံးပြုနိုင်မှုနဲ့ အလွယ်တကူ ဆက်သွယ်နိုင်တဲ့ စွမ်းရည်တွေကြောင့် စားသုံးသူ တွေနဲ့ဆက်သွယ်တဲ့ စီးပွားရေးနည်းလမ်းတွေကို ပြောင်းလဲစေတဲ့အပြင် ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှု တွေကိုလည်း မြှင့်တင်ပေးနိုင်တာ တွေ့ရတယ်။ စားသုံးသူတစ်ဦးချင်းဆီအရောက် သတင်းအချက် အလက်တွေ ပို့ပေးနိုင်တဲ့အတွက်လည်း ဈေးကွက် ရှာဖွေရေးမှာ ကြီးမားတဲ့အားသာချက်တစ်ခုအဖြစ် အသုံးဝင်လာတယ်။
အရင်ကတော့ ဆိုရှယ်မီဒီယာတွေဟာ လူမှု ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုအနေနဲ့ပဲ ရှိခဲ့ ပေမယ့် အခုဆို စီးပွားရေးလုပ်ငန်းတွေမှာ ဆိုရှယ် မီဒီယာတွေကတစ်ဆင့် စားသုံးသူတစ်ဦးချင်းအဆင့် အထိပစ်မှတ်ထားပြီး အပြန်အလှန်ဆက်သွယ်နိုင်တဲ့ပုံစံကို ပြောင်းလဲနေပြီ။ Facebook ၊ Instagram၊ Twitter ၊ LinkedIn နဲ့ TikTok တို့လို ဆိုရှယ်မီဒီယာ အမျိုးမျိုးမှာ အသုံးပြုသူတွေ ဘီလီယံနဲ့ချီရှိနေတဲ့ အတွက် ဒီလိုဆိုရှယ်မီဒီယာလုပ်ငန်းတွေမှာ လုပ်ငန်းကြော်ငြာဖို့နဲ့ စားသုံးသူတွေနဲ့ အချိန်နှင့် တစ်ပြေးညီ ထိတွေ့ဆက်ဆံဖို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေ ရနေကြတယ်။ ဒါကြောင့် တစ်ပိုင် တစ်နိုင်စီးပွားရေးလုပ်ငန်းတွေကစလို့ ကုမ္ပဏီကြီး တွေအထိ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အထိရောက်ဆုံး အသုံးချနေကြတယ်။
အခုဆို ဒစ်ဂျစ်တယ်မားကက်တင်း မဟာ ဗျူဟာတွေချပြီး လုပ်နေကြပါတယ်။ တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေကလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ လက်မလည်အောင် ရောင်းဝယ်နေကြတာ အများ ကြီးပဲ။ အွန်လိုင်းဈေးရောင်းနေကြတာတွေ အတု ယူစရာ ကောင်းလိုက်တာ။ အွန်လိုင်းဈေးရောင်းတာ က ဈေးထဲမှာဖွင့်တဲ့ဆိုင်လို ဈေးဖွင့်ချိန်မှ ရောင်းလို့ ရတာမဟုတ်ဘူး။ နေရာမရွေး၊ အချိန်မရွေး ကိုယ့်သဘောပဲ။ ကိုယ်သုံးတတ်ရင် အသုံးချပါလေ့။ လူမှုမီဒီယာပေါ်မှာ လူတန်းစားမျိုးစုံ၊ အသက်အရွယ် မျိုးစုံ၊ အကြိုက်မျိုးစုံ၊ လူမျိုးပေါင်းစုံရှိကြတော့ ဝယ်တဲ့သူများတဲ့ ဒီလိုဈေးကွက် ဘယ်မှာရှိလိမ့် မတုန်း။ ဝယ်သူအနေနဲ့ ကြည့်ရင်လည်း လိုချင်တာကို ထိုင်ရာမထ ရှာနိုင်တယ်။ ရောင်းသူဝယ်သူ နှစ်ဦး နှစ်ဖက် အကျိုးရှိကြတယ်။ ဒီလို စီးပွားရေးအခွင့် အလမ်းတွေ အရင်ကမရှိခဲ့ဖူးဘူး။
ပညာရေးနဲ့ လေ့လာသင်ယူမှုအခွင့်အလမ်း
ဆိုရှယ်ပလက်ဖောင်းတွေဟာ လူမှုကွန်ရက်လို့ ဆိုကြပေမယ့် လက်တွေ့မှာတော့ လူမှုဆက်ဆံရေး နယ်ပယ်အတွက်သာမကတော့ပါဘူး။ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး အကုန်လုံး အတွက် အသုံးတည့်နေတဲ့ ၉၆ ပါးဆေးကြီးလိုဖြစ် နေပြီ။ သုံးတတ်ရင် သုံးတတ်သလို အကျိုးရှိတယ်။ အကျိုးရှိတယ်ဆိုပေမယ့် အကျိုးမရှိတာတွေလည်း အများကြီးရှိပါတယ်။ ဒါကတော့ ကောင်းတာကို ယူ မကောင်းတာကိုပယ်ပေါ့။
ပညာရေးမှာဆိုရင် သမားရိုးကျသင်ကြားရေး အပြင် ကျောင်းပြင်ပပညာရေးတွေကို ဆိုရှယ်မီဒီ ယာ ပလက်ဖောင်းကနေ လေ့လာသင်ယူလို့ရတာ ပညာရေးလက်လှမ်းမီမှုအတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုပါပဲ။ တိုးတက်တဲ့ကမ္ဘာကြီးမှာ မရှိမဖြစ်လိုအပ်နေတဲ့ စဉ်ဆက်မပြတ်လေ့လာ သင်ယူဖို့ဆိုတာ ယခင်ကတော့အတော့်ကို ခက်ခဲပါ တယ်။ ဆိုရှယ်ပလက်ဖောင်းတွေ တွင်ကျယ်လာ တော့ စဉ်ဆက်မပြတ် လေ့လာသင်ယူဖို့ ကြီးမားတဲ့ အထောက်အကူရလာပါတယ်။
ဒါကြောင့်လည်း စဉ်ဆက်မပြတ်လေ့လာ သင်ယူဖို့အတွက် ဆိုရှယ်ပလက်ဖောင်းတွေကို ပိုပြီး အသုံးချနေကြတယ်။ ဒီလိုအသုံးပြုခြင်းအားဖြင့် ဆက်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ သတင်းနဲ့ ပညာရေးဆိုင်ရာရင်းမြစ်တွေ လက်လှမ်းမီရယူ သုံးစွဲနိုင်ခွင့်၊ စိတ်ကြိုက်သင်ယူနိုင်တဲ့ အခွင့်အလမ်း၊ ကျယ်ပြန့်တဲ့ အသိုက်အဝန်းနဲ့ ကွန်ရက်ရရှိမှု စတဲ့ အကျိုးကျေးဇူးအများအပြား ရရှိနေကြပါပြီ။
အခြားအခွင့်အလမ်းများ
လက်တွေ့နယ်ပယ်တွေထဲမှာ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေဟာ ကိုယ်အသုံးချတတ်ရင် အသုံးချသလို အသုံးတဲ့လှပါ တယ်။ စီးပွားရေး၊ ပညာရေးအတွက်မှ မဟုတ်ပါ ဘူး၊ နိုင်ငံရေးကအစ လူမှုရေးနဲ့ ဘာသာရေးအဆုံး ဆိုရှယ်မီဒီယာဟာ မပါမဖြစ်ပဲ။ လူတစ်ဦးချင်း အနေနဲ့ဆိုရင် တစ်ဦးချင်းစီရဲ့ဆန္ဒတွေကို အကောင် အထည်ဖော်နိုင်ပြီး ကိုယ့်ရဲ့နယ်ပယ်ကိုချဲ့ထွင်နိုင် တဲ့ အခွင့်အလမ်းတံခါးပေါက်တစ်ခုဆိုရင် မမှားဘူး။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အလုပ်အကိုင်ဈေးကွက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ ဆိုရှယ်မီဒီယာ တွေကိုပဲ အလှည့်အပြောင်းတစ်ခုအနေနဲ့ အသုံးချ နိုင်ပါတယ်။
ပရော်ဖက်ရှင်နယ်သမားတွေအနေနဲ့ ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှု၊ အရည်အချင်းနဲ့ အောင်မြင်မှုတွေကို ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ဖော်ထုတ်နိုင်ပါတယ်။ ဒီလိုဖော်ထုတ်နိုင်ခြင်းအား ဖြင့် လုပ်ငန်းနယ်ပယ်နဲ့ အလုပ်အကိုင်အခွင့်အလမ်း သစ်တွေကို ရှာဖွေချဲ့ထွင်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်မှာ ကိုယ့်ကိုယ်ကိုယ် ဩဇာလွှမ်းမိုးနိုင်သူအဖြစ် မြှင့်တင်နိုင်တဲ့အပြင် ကိုယ့်ရဲ့အတွေးအခေါ်နဲ့ ကျွမ်းကျင်မှုတွေကို အသိ အမှတ်ပြုမှုတွေရအောင် လုပ်ဆောင်နိုင်ပါတယ်။
ဒါပေမယ့် လူတိုင်းလိုလိုက ဆိုရှယ်မီဒီယာတွေ ကို အများနည်းတူ သုံးစွဲနေကြပေမယ့် တစ်ဦးနဲ့ တစ်ဦး အခွင့်အလမ်းရရှိတာခြင်းကတော့ မတူကြပါ ဘူး။ ဘာလို့မတူကြလဲဆို ဆိုရှယ်မီဒီယာကို အသုံး ချပုံချင်းမတူကြလို့ပါပဲ။ အချို့က ဆိုရှယ်မီဒီယာ တွေကို အသုံးချပြီး အခွင့်အလမ်းတွေ ဖန်တီးနေတဲ့ အချိန်မှာ အချို့ကမဖန်တီးနိုင်ကြပါဘူး။ အပျက် သဘောဖြစ်စေတာက ကိုယ့်အကျိုး၊ အများအကျိုး မဖန်တီးနိုင်တဲ့အပြင် အများအကျိုးပျက်ရာပျက် ကြောင်းဖြစ်စေတာတွေပါပဲ။ သုံးစွဲသူရဲ့ စိတ် စေတနာ၊ ရည်ရွယ်ချက်နဲ့ ကျိုးကြောင်းဆင်ခြင်နိုင် စွမ်းနဲ့ အပြုအမူတွေအပေါ်မူတည်ပြီး အခွင့်အလမ်း၊ ကောင်းကျိုး၊ ဆိုးကျိုးတွေဖြစ်လာကြတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေကိုသုံးရာမှာ အကျိုးရှိအောင် သုံးတတ်မယ်၊ သုံးကြမယ်ဆိုရင် မိမိအကျိုး၊ အများ အကျိုး ရရှိနိုင်ပါတယ်။
မိမိအကျိုး၊ အများအကျိုး
အထက်မှာ ပြောခဲ့သလိုပါပဲ။ ဆိုရှယ်မီဒီယာ တွေကြောင့် လူ့အဖွဲ့အစည်းအတွင်း ဆက်သွယ် ရေး၊ အလုပ်အကိုင်၊ လေ့လာသင်ယူမှုနဲ့ အပြန်အလှန် ဆက်ဆံရေးတွေကို ထူးခြားတဲ့ပြောင်းလဲမှုတွေ ဖြစ်စေလို့ ယခင်ကမရှိခဲ့ဖူးတဲ့ အခွင့်အလမ်းတွေ ရလာကြပါတယ်။ ဆက်သွယ်မှု၊ ဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးတိုးတက်ဖို့အခွင့်အလမ်းတွေ ရရှိဖို့ဆိုတာ ကလည်း ဆိုရှယ်မီဒီယာတွေကို ဘယ်လိုအကျိုးရှိ အောင် အသုံးချမယ်ဆိုတဲ့ တစ်ဦးချင်းစီရဲ့ ရွေးချယ် ဆုံးဖြတ်တဲ့အပေါ် မူတည်ပါတယ်။ ဘဝတိုးတက် ရေးအတွက် သုံးမလား၊ အပျင်းပြေလား၊ အပျော် လား၊ ကိုယ့်အကျိုး၊ အများအကျိုးအတွက်လား စတဲ့ မှန်ကန်တဲ့ရွေးချယ်အသုံးချမှုက အရေးကြီးပါတယ်။ ကိုယ်အသုံးချတဲ့အပေါ် သတိပြုရမှာက ဆိုရှယ် မီဒီယာတွေမှာ အခွင့်အလမ်းတွေနဲ့ အကျိုးပြုတာ တွေရှိနေသလို အခြားတစ်ဖက်မှာ စိန်ခေါ်မှုနဲ့ စိုးရိမ် မှုတွေရှိနေတာကို သတိထားဖို့ပါပဲ။
ဒါတွေကို ရှောင်ရှားဖို့က ဒစ်ဂျစ်တယ်အသိ ပညာ၊ တာဝန်သိတဲ့နည်းပညာ အသုံးပြုမှု၊ ကျင့်ဝတ် လိုက်နာမှုနဲ့ နည်းပညာကွာဟမှုမရှိအောင် ဆင်ခြင် အသုံးချမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် ပြောင်းလဲ နေတဲ့ခေတ်နဲ့အညီ ဆိုရှယ်မီဒီယာတွေရဲ့ အားသာ ချက်တွေကိုသာ ထိထိရောက်ရောက် အသုံးချနိုင် မယ်ဆိုရင် မိမိကိုယ်တိုင်နဲ့အများအတွက် အပြု သဘောရလဒ်တွေ ရရှိစေမှာအမှန်ပါပဲ။ ။
- Log in to post comments