
နေပြည်တော် ဧပြီ ၁၁
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်အခါသမယတွင် မြန်မာ - ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-Pop အနုပညာရှင် ၂၄ ဦးပါ ပထမအဖွဲ့ သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲအခမ်းအနား အစမ်း လေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်ကြသည်။
အဆိုပါကိုရီးယားအနုပညာရှင်အဖွဲ့သည် မွန်းလွဲ ပိုင်းတွင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး Rehearsal Room နှင့် Auditorum ခန်းမတို့တွင် ဧပြီ ၁၂ ရက် သောကြာ နေ့ည၌ ဖျော်ဖြေတင်ဆက်မည့် နှစ်သစ် မင်္ဂလာ မဟာသင်္ကြန် တေးဂီတဖျော်ဖြေပွဲ ပွဲစဉ်(၃) Friday Night Live Show မှာ ပူးပေါင်းပါဝင်တင်ဆက်နိုင်ရန် ကြိုတင်ပြင်ဆင်ဇာတ်တိုက်လေ့ကျင့်ကြသည်။
အဆိုပါ ကိုရီးယား K-Pop အနုပညာရှင် ၂၄ ဦးပါ ပထမအဖွဲ့တွင် ရုပ်ရှင်/ရုပ်သံ ဇာတ်လမ်းတွဲပေါင်း များစွာ ရိုက်ကူးထားသည့်သရုပ်ဆောင် ဘတ်အွန်း ဟီး ၊ K-Pop အဆိုတော်များဖြစ်ကြသည့် Rejen ၊ Henny နှင့် 7 Kids Dream Group ၊ Astel Dance Groupတို့ ပါဝင်ကြောင်း၊ ၎င်းအနုပညာရှင်အဖွဲ့မှ DJ Saemi အပါအဝင် အဖွဲ့ဝင် ငါးဦးသည် ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ဆက်လက်ရောက်ရှိလာကြရာ MRTV မှ တာဝန်ရှိသူ များက ကြိုဆိုခဲ့ကြကြောင်းနှင့် ကိုရီးယားအနုပညာ ရှင် ၁၉ ဦးပါ ဒုတိယအဖွဲ့သည် ဧပြီ ၁၄ ရက်တွင် ထပ်မံ ရောက်ရှိကြမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်