ထိုင်းသို့ စေလွှတ်နေသည့် MoU လုပ်သား ၁၅၀ ကို ဧပြီ ၂၉ ရက်မှ  စတင်ကာ လေကြောင်းခရီးဖြင့် ကနဦး စေလွှတ်ရန် စီစဉ်ထားဟုဆို

ရန်ကုန် ဧပြီ ၁၁ ထိုင်းသို့ စေလွှတ်နေသည့် MoU လုပ်သား ၁၅၀ ကို ဧပြီ ၂၉ ရက်မှ စတင်ကာ လေကြောင်းခရီး ဖြင့် ကနဦး စေလွှတ်ရန်စီစဉ်ထားကြောင်း မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ ယင်းသို့ စတင်စေလွှတ်ပြီး နောက်ပိုင်းတွင် လေကြောင်းခရီးဖြင့် စေလွှတ်မှုပိုမိုများလာနိုင် ကြောင်းလည်း သုံးသပ်ပြောဆိုသည်။ “လောလောဆယ်တော့ ၁၅၀ လောက်ပဲ (စာရင်း) ဆွဲထားသေးတယ်။ လေယာဉ်တစ်စင်း ပေါ့နော်။ နောက်ပိုင်းမှာတော့ များလာနိုင်ပါတယ်။ နေ့စဉ်စေလွှတ်ရဖို့များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လေကြောင်းလိုင်းနဲ့လည်း ညှိနှိုင်းနေတာ နှစ်နဲ့ချီကြာနေပြီ။ ဧပြီ ၂၉ ရက်နေ့ကစပြီး ဆွဲမယ်။ အခုမှ အောင်မြင်သွားတာပါ”ဟု ၎င်းက ပြောသည်။ ကုန်ကျစရိတ် အနေဖြင့်  ကုန်းလမ်းနဲ့ နှိုင်းယှဉ်လျှင် လေကြောင်းလမ်းဖြင့်သွားရောက် မည်ဆိုပါက ခရီးစရိတ်အနည်း ငယ် ပိုမိုကုန်ကျနိုင်ကြောင်းလည်း သိရသည်။ “ကုန်ကျစရိတ် အနေနဲ့  ကုန်းလမ်းနဲ့ နှိုင်းယှဉ်ရင် လေကြောင်းလမ်းနဲ့ သွားရောက် မယ်ဆိုရင် ခရီးစရိတ်အနည်းငယ် ပိုမိုကုန်ကျနိုင်ပါတယ်။ ပုံမှန်ပဲ လေ။ ဒါပေမယ့် တစ်ခုရှိတာက အရင်က ကားလမ်းခရီးက ဈေး သိပ်မကြီးပေမယ့် အခုနောက်ပိုင်း   ကုန်းလမ်းကုန်ကျစရိတ်က ပိုလာ နိုင်တယ်”ဟု ၎င်းက ဆိုသည်။ ထိုသို့ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှလည်း မြန်မာ နိုင်ငံနည်းတူ နယ်စပ်ဖြတ်ကျော် ကာ အလုပ်သမားစေလွှတ်နေ သော်လည်း အဆိုပါနိုင်ငံ အနေဖြင့် နယ်နိမိတ်ကျဉ်းသည့် အတွက် လမ်းခရီးလွယ်ကူကာ မြန်မာနိုင်ငံအနေဖြင့် နယ်မြေ ဧရိယာကျယ်သောကြောင့် ယခု ကဲ့သို့ လေကြောင်းခရီးဖြင့် စေလွှတ်ပါက ခရီးစဉ်ကြာချိန် တိုတောင်းသွားမည် ဖြစ်ကြောင်း သိရသည်။ MT