
ရန်ကုန် ဧပြီ ၉
ပျဉ်းမနားသံဃာ့ဆေးရုံ ကျောက်ကပ်ဌာနသို့ အလှူရှင် ၁၀၀ ကျော်က မတ်လအတွင်း စုစုပေါင်း အလှူငွေကျပ်သိန်း ၁၉၀ ကျော် လှူဒါန်း ပေးခဲ့ကြောင်း ပင်းတယ မီးအိမ်ရှင်ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် ဆရာဝန်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင် ၁၀၉ ဦးက အလှူငွေကျပ် ၁၉၈၁၈၀၀၀ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကာ ၂၀၂၄ ခုနှစ် မတ်လအတွင်း ပျဉ်းမနား သံဃာ့ဆေးရုံ ကျောက်ကပ်ဌာနအနေဖြင့် လူနာပေါင်း ၉၂ ဦးကို အကြိမ်ပေါင်း ၅၇၇ ကြိမ်တိုင် ကျောက်ကပ်ဆေးပေးနိုင် ခဲ့ပြီး ယင်းကဲ့သို့ ဆေးပေးခဲ့သည့်လူနာများထဲမှ အချို့တဲ့ဆုံးလူနာ များကို အလှူငွေရရှိမှု အခြေအနေပေါ်မူတည်ပြီး အခမဲ့ ကျောက်ကပ် ဆေးနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ၎င်း၏ ရေးသားထားချက်အရ သိရသည်။
ကျောက်ကပ်ဆေး လူနာတစ်ဦးအနေဖြင့် တစ်ပတ်လျှင် နှစ်ကြိမ် နှုန်းဖြင့် တစ်လတွင် ရှစ်ကြိမ် ကျောက်ကပ်ဆေးရ၍ တစ်ပတ်လျှင် ကျပ်တစ်သိန်းတစ်သောင်းဖြင့် တစ်လတွင် ကျပ်လေးသိန်းလေးသောင်း လစဉ်၊ လစဉ် ကုန်ကျနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ရေးသား ထားသည်။
“ကျောက်ကပ်ဆေး လူနာတစ်ယောက်အနေနဲ့ တစ်ပတ်ကို နှစ်ကြိမ် ကျောက်ကပ်ဆေးရပါတယ်။ တစ်လကို ရှစ်ကြိမ်ပါ။ တစ်ကြိမ် ကျောက်ကပ်ဆေးရင် ဆေးဖိုးချည်း ကျပ် ၅၅၀၀၀ ကျတာမို့ တစ်ပတ် ကို တစ်သိန်းတစ်သောင်း၊ တစ်လကို လေးသိန်းလေးသောင်း လစဉ် လစဉ် ကုန်ကျနေတာလည်း ဖြစ်ပါတယ်။ ဒီငွေပမာဏဟာ သာမန် လက်လုပ်လက်စားတွေ၊ ကျောင်းဆရာမလေးတွေ၊ ရုံးစာရေးတွေ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ၊ အိုးဝေအငှားယာဉ်မောင်းတွေအတွက် လစဉ် မလွယ်ကူတဲ့ အပူမီးကြီးပါပဲ။ ဒီအပူကို ကူညီငြှိမ်းသတ်ပေးတဲ့ အလှူရှင်တွေအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။၂၀၂၄ ခုနှစ် မတ်လမှာတော့ အလှူရှင် ၁၀၉ ဦးက အလှူငွေ ၁၉၈ သိန်းကျော် လှူဒါန်းပေးခဲ့ပါတယ်’’ ဟု ဒေါက်တာသန်းမင်းထွဋ်က ဆိုသည်။
ကျောက်ကပ်ဆေးလူနာဆိုသည်မှာ ကျောက်ကပ် အလုပ်မလုပ် တော့သည့် လူနာများဖြစ်ပြီး ကျောက်ကပ် အလုပ်မလုပ်တော့သည့် အတွက် ဆီးလည်း မထွက်တော့ကြောင်းနှင့် နှစ်ရက် သုံးရက်ခန့် ဆီးမထွက်လျှင် တစ်ကိုယ်လုံး ဖောရောင် အမောဖောက်လာကြောင်း သိရသည်။ MT