ကျောက်ဆည်ခရိုင်တွင် ဆောင်းပဲတီစိမ်းသီးနှံများ ရိတ်သိမ်းလျက်ရှိ

 

မန္တလေးတိုင်းဒေသကြီး   ကျောက်ဆည်ခရိုင် တွင်    လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား    လုပ်ကိုင်ကြပြီး    ပဲမျိုးစုံသီးနှံ တစ်မျိုးဖြစ်သည့်   ပဲတီစိမ်းသီးနှံကို   ရာသီ အလိုက်  စိုက်ပျိုးလျက်ရှိကြောင်း၊  စိုက်ပျိုးမှု အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်း ပဲတီစိမ်းသီးနှံကို ကျောက်ဆည်မြို့နယ်တွင် ၂၂၇၅ ဧက၊ မြစ်သားမြို့နယ်တွင် ၁၁၈၁ ဧက၊ စုစုပေါင်း   ၃၄၅၆   ဧက      စိုက်ပျိုးထားရှိပြီး မတ်လ    တတိယပတ်တွင်    ဧက ၁၁၄၀ ကို  ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်    စာရင်းအင်း    ဦးစီးဌာန၏ စာရင်းများအရ သိရသည်။


ပဲတီစိမ်းသီးနှံစိုက်ပျိုးရာတွင် ကျောက်စိမ်း မျိုး၊ ရေဆင်း-၁ မျိုးများကို အများဆုံး စိုက်ပျိုး ကြပြီး  တစ်ဧကစိုက်လျှင်   မျိုး၊ သွင်းအားစု၊ လုပ်သားခ   အပါအဝင် စုစုပေါင်း ကျပ်သုံးသိန်း ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းမှာ တစ်ဧက လျှင် ၁၂  တင်းမှ ၁၃ တင်းကြား ထွက်ရှိပြီး ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အကျိုးအမြတ် အနေဖြင့် တစ်ဧကလျှင် အထွက်နှုန်း ၁၃ တင်း နှုန်းဖြင့် တွက်ချက်ပါက  ကျပ် ၂၈၅၀၀၀ ရရှိ၍ ပဲတီစိမ်းသီးနှံစိုက်ပျိုးသည့်    တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


DOCA (မန္တလေး)