
ရန်ကုန် ဧပြီ ၂
၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင် မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ယင်းပြိုင်ပွဲ ကျင်းပမည့် ထိုင်းနိုင်ငံသို့ ကြိုတင်သွားရောက်ကာ ကူဝိတ် လက်ရွေးစင်အသင်း၊ ကာဂျစ္စတန်လက်ရွေးစင် အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာရှဖလား ဖူဆယ်ပြိုင်ပွဲအတွက် မတ် ၁၈ ရက်တွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ ပြီး ပဏာမကစားသမား ၂၀ ဖြင့် စခန်းဝင်လေ့ကျင့် ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း သည် အာရှဖလားဖူဆယ်ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် မတ် ၃၀၊ ၃၁ ရက်က အာဖဂန်နစ္စတန်လက်ရွေးစင်အသင်းနှင့် ခြေစမ်း ကစားရာ ပထမပွဲတွင် ခြောက်ဂိုး - တစ်ဂိုးဖြင့် အရေးနိမ့်သော်လည်း ဒုတိယပွဲတွင် လေးဂိုး - နှစ်ဂိုး ဖြင့် ပြန်လည်အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံသို့ ကြိုတင် ထွက်ခွာရာတွင် ကစားသမား ၁၇ ဦး ခေါ်ဆောင် သွားမည်ဖြစ်ပြီး ခြေစမ်းပွဲနှစ်ပွဲ ကစားအပြီး တွင် အပြီးသတ်ကစားသမား ၁၄ ဦး ရွေးချယ်မည် ဖြစ်သည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့် ကို ဧပြီ ၁၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ် သော်လည်း မြန်မာအသင်းသည် ဧပြီ ၅ ရက် ကတည်းက ထိုင်းနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး အာရှဖလား နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရထား သည့် အသင်းများနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း သည် ဧပြီ ၆ ရက်တွင် ကူဝိတ်လက်ရွေးစင်အသင်း၊ ဧပြီ ၁၀ ရက်တွင် ကာဂျစ္စတန်လက်ရွေးစင်အသင်း တို့နှင့် ခြေစမ်းကစားမည်ဖြစ်ပြီး ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF