
မန္တလေး မတ် ၂၈
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အကျုံးဝင် အာမခံအလုပ် သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမို လွယ်ကူထိရောက်စေရန် ရည်ရွယ်၍ အလုပ်သမား ဆေးရုံကြီး(မန္တလေး)ကို ခုတင် (၁၅၀)ဆံ့ဆေးရုံကြီး အဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာဌာန၊ ဓာတ်မှန် ဌာန၊ ဓာတ်ခွဲဌာန၊ အကြောအဆစ်ကုသမှုဌာန၊ သွား နှင့်ခံတွင်းကုသဌာန၊ မျက်စိကုသဆောင်၊ အရိုးကုသ ဆောင်၊ ဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊ မေ့ဆေးဌာနနှင့် ခွဲစိတ် ကုသဆောင်ဟူ၍ ဆေးကုသဆောင်များထားရှိ ကုသ ပေးလျက်ရှိသည်။
ထို့ပြင် ပြင်ပလူနာများကို ကုသပေးခြင်းနှင့် လိုအပ်ပါက အတွင်းလူနာအဖြစ် ကုသပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများကို အလေးထားဆောင်ရွက် ပေးလျက်ရှိရာ နာတာရှည်ကျောက်ကပ်ရောဂါ ခံစား နေရသောအာမခံအလုပ်သမား လူနာများအတွက် ကျောက်ကပ်တုသွေးသန့်စင်စက် နှစ်လုံးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၉ ရက်တွင် တပ်ဆင်၍ ကျောက်ကပ် သန့်စင်ဆေးကြောပေးလျက်ရှိရာ လူနာဦးရေ ရှစ်ဦး ကို အကြိမ်ရေ ၆၄ ကြိမ်တိုင် ဆေးကြောပေးခဲ့ပြီး ဖြစ်သည်။
ယခုအခါ ပိုမိုကောင်းမွန်ပြည့်စုံသော ကျောက်ကပ် သန့်စင်ဆေးကြောခြင်းလုပ်ငန်းကို ဆောင်ရွက်ပေး နိုင်ရန် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၅၉ လမ်းနှင့် (၁၁၄-B) လမ်းထောင့်ရှိ “နေလ ဖောင်ဒေးရှင်း” မိသားစုမှ တန်ဖိုးငွေကျပ်သိန်း ၆၃၀ တန်ဖိုးရှိသည့် NIKKISO DBB-27 Made In JAPAN စက်နှစ်လုံးကို “နေလဖောင်ဒေးရှင်း” ၏ Founder ဖြစ်သော ဦးလောဝူး ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မတ် ၂၈ ရက် ယနေ့တွင် ကျန်ရစ်သူ သား သမီးများက လှူဒါန်းလာသဖြင့် ကျောက်ကပ်တုသွေးသန့်စင်စက်နှစ်လုံး လှူဒါန်း ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို အလုပ်သမားဆေးရုံကြီး (မန္တလေး)၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်လက်ခံ၍ ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ (အပေါ်ပုံ) သတင်းစဉ်