
မြန်မာ့တပ်မတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း (ဗိုလ်တေဇ) အမှူးပြုသော ရဲဘော်သုံးကျိပ်ဝင်များနှင့် မျိုးချစ်မြန်မာလူမျိုးများက မြန်မာ့လွတ်လပ်ရေးအတွက် သွေးသစ္စာရေသောက်၍ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)အဖြစ် ဦးစွာပထမ အုတ်မြစ်ချခဲ့သည့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ စတင်ရေတွက်ကြည့်လျှင် (၈၃)နှစ်၊ ဖက်ဆစ်တော်လှန်ရေးအတွက် ရန်ကုန်မြို့ ဦးဝိစာရပန်းခြံ(တော်လှန်ရေးပန်းခြံ)တွင် ဗမာ့တပ်မတော်သားများ စစ်ရေးပြပြီးနောက် သတ်မှတ်နေရာအသီးသီးသို့ ထွက်ခွာချီတက်ခဲ့ကြသည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ကို တပ်မတော်နေ့အဖြစ် နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခု ၂၀၂၄ ခုနှစ် ဆိုပါလျှင် (၇၉)နှစ်ရှိခဲ့ပြီဖြစ်သည်။
မြန်မာဘုရင်များ လက်ထက်မှ ကိုလိုနီဖြစ်ခဲ့ရသော နှစ်ပေါင်း ၁၀၀ ကျော်ခန့်အတွင်း အဆက်ပြတ်နေခဲ့သော မြန်မာအမျိုးသား တပ်မတော်ကြီးကို ထိုနေ့ထိုရက်တွင် စတင်တည်ထောင် နိုင်ခဲ့၍ တက်ရောက်လာသော စစ်သား သစ် ပရိသတ်များထဲမှ အချို့မှာ သောက်ကြ၊ စားကြ၊ ကကြ၊ ခုန်ကြ အလွန်ပျော်ရွှင်လျက်ရှိပုံ၊ လူအုပ်တစ်အုပ် က ဗိုလ်ချုပ်အောင်ဆန်းအား ဝိုင်း၍ ထမ်းကြပြီး ကကြ၊ ခုန်ကြ၊ မြှောက်လိုက် ချလိုက်လုပ်ခဲ့ကြသဖြင့် ဗိုလ်ချုပ်မှာလည်း လူအုပ်ကြီးပေါ်တွင် မြောက်လိုက် ကျလိုက် ဖြစ်နေပုံမြင်ကွင်းတို့ကို ရဲဘော် သုံးကျိပ်ဝင်တစ်ဦးက တစ်သက်တာ မမေ့နိုင်သော နေ့တစ်နေ့အဖြစ် သတင်းစာတွင် မှတ်တမ်းတင်ရေးသား ခဲ့ပါသည်။
မမေ့နိုင်သောနေ့တစ်နေ့အဖြစ်
မှတ်တမ်းတင်ရေးသား
ထို့အတူ ဟိုင်နန်ကျွန်းတွင် စစ်ပညာ သင်ကြားပြီး တစ်ပတ်ခန့်အကြာတွင် ဂျပန်ဆရာတို့က ရဲဘော်သုံးကျိပ်ဝင် များကို ကိုယ်ပိုင်လက်နက် ရိုင်ဖယ်များ အခမ်းအနားဖြင့် ပေးအပ်သောနေ့ တွင်လည်း ခြောက်လက်မရှည်သော ဓားမြှောင်ပင် ကိုင်ခွင့်မရခဲ့သော မြန်မာ အမျိုးသားတို့အဖို့ လက်နက်ကိုင်တပ် တစ်တပ် ဖွဲ့စည်းတည်ဆောက်ရန် လက်နက် စကိုင်ရသောနေ့တစ်နေ့ဖြစ်၍ စိတ်လှုပ်ရှားဝမ်းမြောက်ပြီး မမေ့နိုင်သော နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်ရေးသား ခဲ့ပါသည်။
ဤသည်မှအစပြု၍ မြန်မာအမျိုးသား တပ်မတော်ကြီးသည် မြန်မာတိုင်းရင်း သား ပြည်သူများ၏ တစ်ခဲနက် ပူးပေါင်း ပါဝင်မှုဖြင့် ကိုလိုနီနယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးတို့ ဆင်နွှဲ၍ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အမိမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကို ရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
လွတ်လပ်ပြီ။ ကိုလိုနီနယ်ချဲ့ လက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် ကြာ ကျွန်သပေါက်ဘဝဖြင့် နေခဲ့ကြရာမှ မြန်မာပြည်သည် ကိုယ့်မင်းကိုယ့်ချင်း ဘဝဖြင့် လွတ်လွတ်ကျွတ်ကျွတ် လွတ်လပ်ခဲ့ပါပြီ။ သို့သော် မြန်မာပြည်သူ များ လွတ်သဘင်ပွဲကို တပျော်တပါး နွှဲပျော်၍မှမဆုံးမီ နှစ်ပေါင်း ၇၀ ကျော်ကြာ မစဲနိုင်အောင် တိုက်ခိုက်တော့မည့် မုန်တိုင်းသည် အစပျိုး ဝင်ရောက်လာ ခဲ့ပါသည်။
ဗမာပြည် ကွန်မြူနစ်ပါတီက မြန်မာ့ လွတ်လပ်ရေးသည် စစ်မှန်သော လွတ်လပ်ရေးမဟုတ်ဟု ကြွေးကြော်ကာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် တောခိုသွားကြသည်။ တောခိုကွန်မြူနစ် တို့သည် စစ်ကြီးအပြီးက ဝှက်ထားခဲ့သော လက်နက်ပုန်းတို့ကို ဖော်ထုတ်စွဲကိုင် ကြကာ နီးရာကျေးရွာများ၊ ရဲကင်းများ တို့ကို စီးနင်းတိုက်ခိုက်လာကြသည်။ တံတားတို့ကို ဖောက်ခွဲကြသည်။ မီးရထားလမ်းများကို ဖျက်ဆီးကြသည်။ ထိုပွဲဦးထွက် အောင်မြင်မှုများကြောင့် လည်းကောင်း၊ ဝါဒဖြန့် ကောင်းမှုများ ကြောင့်လည်းကောင်း ရိုးသားသော တောသူတောင်သား အများအပြားသည် ကွန်မြူနစ်တို့၏ အလံအောက်သို့ မျက်စိလည်လမ်းမှား ရောက်ရှိသွားခဲ့ ကြသည်။
တစ်ဖန် ၁၉၄၈ ခုနှစ် မေလ ၂၅ ရက် နေ့တွင် ကြေညာလိုက်သည့် ထိုစဉ်က ဝန်ကြီးချုပ် ဦးနု၏ “နုမူ ၁၅ ချက်” ဂယက်ကြောင့် ပြည်သူ့ရဲဘော်အဖွဲ့သည် နှစ်ခြမ်းကွဲသွားခဲ့လေသည်။ ရဲဘော်ဝါ တို့က “နုမူ” ကို လက်ခံကြပြီး ရဲဘော်ဖြူ တို့က လက်မခံကြ။ ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ဇူလိုင်လတွင် ရဲဘော်ဖြူတို့ တောခို သွားကြပြန်သည်။
လက်နက်စွဲကိုင်၍
အတိအလင်းပုန်ကန်
ကွန်မြူနစ်ဝါဒသည် ဂျပန်တော်လှန် ရေးအတွက် ပြင်ဆင်ချိန်ကပင် ဖက်ဆစ် ဆန့်ကျင်ရေးနှင့်အတူ တပ်မတော် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် တပ်မတော်ကို ပြန်လည်ဖွဲ့စည်းခဲ့သောအချိန်၌ ထိုဝါဒ သည် ဆက်ခံရမည့် အမွေတစ်ရပ် အနေဖြင့် ငြိတွယ်ပါလာခဲ့သည်။ ပြင်ပ တွင် ကွန်မြူနစ်နှင့် ပြည်သူ့ရဲဘော်ဖြူတို့ လက်နက်စွဲကိုင်၍ အတိအလင်း ပုန်ကန် ကြသောအခါ ထိုဂယက်သည် တပ်တွင်း သို့ ရိုက်ခတ်လာပြီး တပ်ရင်းအချို့ တောခိုသွားခဲ့ကြပြန်သည်။
ထိုအတွင်း ကေအင်န်ဒီအို လက်နက် ကိုင် အဖွဲ့တို့သည် တစ်နေ့တခြား ပိုမို၍ ထကြွလှုပ်ရှားလာကြသည်။ အစိုးရကို ပေါ်ပေါ်ထင်ထင်ပင် ပုန်ကန်လာကြသည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အင်းစိန်မြို့ကို သိမ်းပိုက်လာကြရာမှ အင်းစိန်တိုက်ပွဲ စတင်ဖြစ်ပွားလာသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တောင်ငူမြို့ ကို အတိအလင်း သိမ်းပိုက်လိုက်ကြသည်။ ထိုစဉ်က တောင်ငူတွင် ကရင်သေနတ်ကိုင် တပ်ရင်း (၁) ရှိနေသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြည်မြို့ကို ကရင် သေနတ်ကိုင်တပ်ရင်း (၂)က သိမ်းပိုက် သည်။
တောင်ငူမှ သူပုန်တပ်တို့သည် ပဲခူးသို့ ဆင်းလာသည်။ ပြည်မှ သူပုန်တပ်တို့သည် ရန်ကုန်သို့ စုန်လာသည်။ ထိုစစ်ကြောင်း နှစ်ကြောင်းစလုံးသည် အင်းစိန်ရှိ ကေအင်န်ဒီအိုတို့နှင့် ပူးပေါင်းကာ ရန်ကုန်ကိုသိမ်းရန် ရည်ရွယ်သည်။ သို့ရာတွင် တောင်ငူမှဆင်းလာသော သူပုန်စစ်ကြောင်းကို ဗမာ့သေနတ်ကိုင် တပ်ရင်း (၆)နှင့် စစ်ရဲစစ်ဝန်ထမ်းတို့က ပဲခူးအဝင်မှာပင် တိုက်ဖျက်တွန်းလှန် လိုက်သည်။ ပြည်မှဆင်းလာသော သူပုန် စစ်ကြောင်းကို ဗမာ့သေနတ်ကိုင် တပ်ရင်း(၃) က ဝက်ကော်တစ်ဝိုက်တွင် တိုက်ခိုက်ချေမှုန်းလိုက်သည်။ အင်းစိန်၌ ဗမာ့သေနတ်ကိုင် တပ်ရင်း(၅)၊ ချင်း သေနတ်ကိုင်တပ်နှင့် အခြားရရာ ထုတ်နုတ်တပ်တို့က စုပေါင်း၍ ကေအင်န် ဒီအိုတို့အား တတိတိဖြင့် ခြွေနေကြရ သည်။
အစိုးရအနေဖြင့် ထိုစဉ်က ပိုင်ပိုင် နိုင်နိုင် သိမ်းပိုက်စိုးမိုးထားနိုင်သည်က ရန်ကုန်၊ ပဲခူး၊ သာစည်၊ စစ်ကိုင်း၊ ရွှေဘို၊ မြစ်ကြီးနားနှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ အနည်းငယ်မျှသော ခရိုင်မြို့ကြီးများသာ ရှိတော့သည်။ ပုသိမ်ကဲ့သို့သော မြို့ကြီး ကိုပင် သူပုန်တို့သည် နာရီပိုင်းမျှ သိမ်းပိုက်နိုင်ခဲ့ကြသည်။ မော်လမြိုင်၊ သထုံ၊ ညောင်လေးပင်၊ တောင်ငူ၊ မိတ္ထီလာ၊ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံ၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ ပြည်နှင့် မြစ်ဝကျွန်းပေါ်မှ မြို့ကြီးအချို့လည်း သူပုန်တို့၏ သိမ်းပိုက် ခြင်းမှ မလွတ်ခဲ့ကြ။
ထိုရောင်စုံသူပုန် ရန်သူတို့ကို လှေခွက်ချည်းကျန် အလံမလှဲတမ်း၊ ရင်မြေကတုတ် တွန်းလှန်ခုခံခဲ့ကြရ သည်က တိုင်းပြည်၏ အရေးအခင်း တိုင်းတွင် ပြည်သူလူထု၏ရှေ့မှ အစဉ် အမြဲ မားမားမတ်မတ် ရပ်တည်ခဲ့သည့် အစဉ်အလာရှိသော တပ်မတော်။ ရန်သူ နှင့် နှိုင်းယှဉ်လိုက်ပါက အရေအတွက် အားဖြင့် အဆပေါင်းများစွာ နည်းပါး လှကာ ကျည်ဆန်ခဲယမ်း မီးကျောက် တို့ကိုလည်း တစ်တောင့်ချင်း လက်ချိုး ရေတွက်ပြီး တိုက်ခိုက်နေရသည့် မြန်မာ့ တပ်မတော်သည် အသက်သွေးချွေး ပေါင်းများစွာတို့ကို ပေးဆပ်၍ ထိုရန်သူ မျိုးစုံတို့အား အကြိတ်အနယ် ပြန်လည် ခုခံခဲ့ရာမှ တစ်စတစ်စဖြင့် တန်ပြန် ထိုးစစ်ကို ဆင်နွှဲနိုင်ခဲ့သည်။
၁၉၅၀ ပြည့်နှစ်တွင် တပ်မတော်သည် ယခင်က လက်လွတ်ဆုံးရှုံးခဲ့ရသော မြို့များကို တစ်မြို့ပြီးတစ်မြို့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ သို့ရာတွင် တပ်မတော်သည် လွတ်လပ်ရေး ရရှိချိန်မှ စ၍ အထွေထွေသောင်းကျန်းပုန်ကန်မှု များကို ရရာလက်နက်စွဲကိုင်၍ တွန်းလှန် တိုက်ခိုက်ကာ ပြည်တွင်းရန်ကို အပေါ်စီး ရရုံမျှသာ ရှိသေးသည်၊ မြန်မာ့မြေပေါ်သို့ ကျူးကျော် စော်ကားလာသည့် တရုတ်ဖြူ အင်အားစုများနှင့် ဆက်လက်ရင်ဆိုင်ခဲ့ရ ပြန်သည်။
စစ်ဆင်ရေးကြီးများဆင်နွှဲ၍
တွန်းလှန်တိုက်ခိုက်ခဲ့ရ
ထို့ကြောင့် တပ်မတော်သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း တွင် ခြေကုပ်ယူထားကြသော တရုတ်ဖြူ များကို ဘုရင့်နောင်၊ ရန်ကြီးအောင်၊ မဲခေါင်စစ်ဆင်ရေးကြီးများ ဆင်နွှဲ၍ ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင် တွန်းလှန် တိုက်ခိုက်ခဲ့ရပြန်ပါသည်။ ထိုစဉ်က တရုတ်ဖြူများသည် ခေတ်ပေါ် လက်နက်များကို ကိုင်တွယ်သုံးစွဲနေပြီ ဖြစ်သော်လည်း တပ်မတော်သည် ဒုတိယ ကမ္ဘာစစ်လက်ကျန် လက်နက်အဟောင်း အနွမ်းများဖြင့်သာ တိုက်ပွဲဝင်ခဲ့ရသည်။ ထို့အတူ ၁၉၇၀ ပြည့်လွန်နှစ်များတွင် အဓိက သောင်းကျန်းသူများသည် စွမ်းရည်မြင့် ခေတ်ပေါ်လက်နက်များကို ကိုင်ဆောင် သုံးစွဲလျက်ရှိချိန်တွင် တပ်မတော်သည် ခေတ်နောက်ကျ နေသည့် လက်နက်များကိုသာ ကိုင်တွယ် ရလျက်ရှိသည်။
၁၉၇၀ ပြည့်လွန်နှစ်များတွင် လူ အင်အား၊ လက်နက်အင်အား တောင့်တင်း လာကြသည့် ဗကပလက်ဝဲသောင်းကျန်း သူများ၊ ကေအိုင်အေ သောင်းကျန်းသူ များနှင့် ကေအင်န်ယူ သောင်းကျန်းသူ များက ပြန်လည်အတင့်ရဲလာပြီး အချက်အချာနေရာများကို စိုးမိုးနိုင်ရန် ဗျူဟာမြောက် လှုပ်ရှားမှုများပင်ပြုလုပ် လာခဲ့ကြသည်။ ဗကပများဆိုလျှင် လွတ်မြောက်သောဒေသ ထူထောင်တည် ဆောက်ရေးနှင့် ပြည်မသို့ ထိုးစစ်ဆင်ရေး ကို ရည်မှန်းချက် ချမှတ်အကောင်အထည် ဖော်ခဲ့သည်။
တပ်မတော်သည် ထိုစဉ်က နည်းနည်းနှင့် ကျဲကျဲဝိုင်း ဟူသော အသွင်သဏ္ဌာန်ဖြင့် ရပ်တည်ခဲ့ရသည်။ အင်အားကို တစ်နိုင်ငံလုံးဖြန့်ထားရသည့် အတွက် အချို့နေရာများတွင် သောင်းကျန်းသူများက သာလွန်များပြား ကြီးမားသောအင်အားများ စုစည်း တိုက်ခိုက်လာခဲ့ကြကြောင်း တွေ့ရှိရမည် ဖြစ်သည်။ သို့သော် တပ်မတော်သည် သတ္တိနှင့် ဇွဲအပေါ်တွင် အရင်းပြု၍ နေ့မအား ညမနား ပြည်သူ့အကျိုး သယ်ပိုးခဲ့သည်။ အရေးအကြောင်း ပေါ်လာပြီး တိုင်းပြည်လုံခြုံရေးကို ထိခိုက် တော့မည်ဆိုပါက တပ်မတော်သာလျှင် ရှေ့ဆုံးမှရပ်တည် တိုက်ပွဲဝင်ခဲ့ရသည် ချည်း ဖြစ်ခဲ့သည်။ ထို ၁၄ နှစ်တာ ကာလ တွင် တပ်မတော်သည် ကြီးမားသော တိုက်ပွဲကြီးများစွာကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သည်။ သောင်းကျန်းသူများကို နိုင်ငံနယ်နိမိတ် မျဉ်းကြောင်း တစ်လျှောက်တွင် ထိန်းချုပ်နိုင်ခဲ့သည်။ သောင်းကျန်းသူများ အတွင်းပိုင်းသို့ မဝင်ရောက်နိုင်စေရန်လည်း ထိထိ ရောက်ရောက် ကာကွယ်ထားနိုင်ခဲ့သည်။ ဤခေတ်ကာလသည် တပ်မတော်၏ အစဉ်အလာကောင်းများကို စံနမူနာပြ ထိန်းသိမ်းနိုင်ခဲ့သောကာလ ဖြစ်သည်။
နိုင်ငံတော်အား နိုင်ငံရေး၊ စစ်ရေး
နည်းလမ်းပေါင်းစုံဖြင့်တိုက်ခိုက်
မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာ ကြည့်လျှင် မြန်မာနိုင်ငံသားအချင်းချင်း စည်းလုံးမှုပြိုကွဲခြင်းသည် ခွဲထွက်ရေး ဝါဒီများကို အခွင့်ကောင်းရရှိစေသည်။ ၁၉၆၂ ခုနှစ်တွင် ခွဲထွက်ရေးဝါဒီ တိုင်းရင်း သား အချို့သည် ဖက်ဒရယ်မူဟုဆိုကာ ဝိုင်းဝန်းအကျပ်ကိုင် တောင်းဆိုခဲ့ကြသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် လည်း EAOs အဖွဲ့အချို့သည် ခါတော်မီ ဒီမိုကရေစီ အရေခြုံကာ နိုင်ငံတော်အား နိုင်ငံရေး၊ စစ်ရေး နည်းလမ်းပေါင်းစုံဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြလေသည်။
မျက်မှောက် ကာလတွင်လည်း အာဏာရပါတီ၏ မဲမသမာမှုကို အကြောင်းပြု၍ ပေါ်ပေါက်လာသော ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်မှုအပေါ် အခွင့်ကောင်းယူ၍ သစ္စာမဲ့ EAOs အဖွဲ့များက နိုင်ငံတော်နှင့် တပ်မတော် ပြိုကွဲရေးကို အပြင်းအထန် လုပ်ဆောင်လာကြပြန်သည်။ ပြည်ပ ဩဇာခံ သစ္စာမဲ့ EAOs အဖွဲ့များက အင်အားနည်းပါးသော တပ်မတော်စခန်း များ၊ ရဲစခန်းများနှင့် မြို့ရွာအချို့ကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက် သိမ်းပိုက်လာကြသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟု ပါးစပ်က ဟန်ပြ ဟစ်ကြွေးလာကြသော်လည်း တကယ် တမ်းတွင် ၎င်းတို့၏ အစွဲများကို မချွတ်နိုင် ခဲ့ကြချေ။ ၎င်းတို့သည် ဝါဒအစွဲ၊ မာန်မာန အစွဲ၊ ဂိုဏ်းဂဏအစွဲ၊ ပုဂ္ဂိုလ်အစွဲအလမ်း၊ လူမျိုးရေးအစွဲအလမ်း စသည်တို့ အပေါ်တွင်သာ အခြေခံရပ်တည်ကြဆဲ ဖြစ်ပေသည်။ လူမျိုးရေးဝါဒီများ၊ ပဒေသရာဇ်စစ်ဘုရင်ဝါဒီများ၊ အနောက် မျှော်လက်ယာဝါဒီများ၊ ပုဂ္ဂိုလ်ရေး မာန်မာန အစွဲအပေါ်တွင် အခြေခံကြသူ များသည် ၎င်းတို့၏ မူလရည်မှန်းချက် များကို ပြန်လည်အကောင်အထည်ဖော် လာခဲ့ကြသည်။ လက်နက်အားကိုးဖြင့် ၎င်းတို့ စိုးမိုးထားသော ဒေသများတွင် ဗမာမုန်းတီးရေးဝါဒကို ရှေ့တန်းတင်၍ ဗမာကင်းစင်ရေးအတွက် လုပ်ဆောင် လျက်ရှိသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
ဒို့တာဝန်အရေး(၃)ပါးကို
အမျိုးသားရေးမူဝါဒအဖြစ်
အမြဲဦးထိပ်ပန်ဆင်
သို့ဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေး (၃) ပါးကို အမျိုးသားရေးမူဝါဒ အဖြစ် အမြဲဦးထိပ်ပန်ဆင်ထားသည့် တပ်မတော်က နိုင်ငံတော်အတွက် အသက်ပေး ကာကွယ်စောင့်ရှောက်ခဲ့ရ ပြန်ပါသည်။ နိုင်ငံတော်၏ ပကတိ လိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်း ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက်၊ လွတ်လပ် ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် တပ်မတော်က လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
တစ်ဆက်တည်းမှာပင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်း ခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ အာဏာတည်သည့် နေ့ရက်အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ပြဋ္ဌာန်းချက်ပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း တို့၏ တာဝန်ဖြစ်သည်” ဟူ၍ လည်း ကောင်း၊ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်း သည် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားသည်ဖြစ်ရာ သမိုင်းအစဉ် အလာကြီးမားခဲ့သော တပ်မတော်သည် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ် မြန်မာလူငယ် မောင်မယ် များကို ကမ်းလင့်ကြိုဆိုလျက်ရှိပေသည်။
မြန်မာ့တပ်မတော်ကြီးကို ဗိုလ်ချုပ် အောင်ဆန်း အမှူးပြုသော ရဲဘော် သုံးကျိပ်ဝင်များက စတင်တည်ထောင် ခဲ့သည်မှာ ယခုဆိုလျှင် (၈၃) နှစ် တိုင်ခဲ့ ချေပြီ။ တပ်မတော်နေ့မှာလည်း (၇၉) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (၇၉) နှစ် မြောက် တပ်မတော်နေ့အခါသမယတွင် တစ်ချိန်က စစ်ချီတေးသီချင်းတစ်ပုဒ် ဖြစ်သည့် “မြန်မာတို့ရဲ့ တပ်မတော်” စစ်ချီသီချင်းသည် သမိုင်းတစ်ပတ် ပြန်လည်လွင့်ပျံ့လာတော့သည်။
“မြန်မာ မြန်မာ ကမ္ဘာပေါ်မှာ ကြွားနိုင်စေဖို့ရာ၊ ဗျူဟာပညာတို့အမျိုး သားတို့ နားလည်စေချင်တာ၊ ဗျူဟာ ပညာသင်ကြားကြလို့ ကြိုးစားတို့မြန်မာ၊ တို့အမျိုးရဲ့ အကျိုးအတွက် သယ်ပိုး စေဖို့ရာ။
သေနင်္ဂမှာ ထိပ်တန်းကသာ၊ လူငယ် တွေဟာ မြန်မာတို့ရဲ့ တပ်မတော် ဝင်ရန် အချိန်သင့်တော်။
မြန်မာ အောင်လံ ကမ္ဘာထောင်ရန်၊ တို့တာဝန်ကြီးပါ။ အာဇာနည်တွေ တို့သွေးချွေးနဲ့ ရင်းနိုင်စေပြန်တာ၊ အာဇာနည်တွေ လွတ်လပ်ရေးမို့ သွေးမြေ ကျခံတာ၊ တို့အမျိုးနဲ့ တို့တိုင်းတွက်တာ သယ်ပိုးစေဖို့ရာ။
အောင်လံထွန်းပြောင်၊ ကြယ်ပေါင်း ခကာ၊ မြန်မာအောင်လံပါ၊ ဆောင်ရန် ကြဉ်းတော့ အလင်းရောင်ပေါ် မြန်မာတို့ရဲ့ တပ်မတော်”။ ။
မင်းခေါင်