ထားဝယ်ထောင်၌ အကျဉ်းသား ၂၀ ကျော် တိုက်ပိတ်ခံထားရဟု မဟုတ်မမှန် လုပ်ကြံရေးသား

 

နေပြည်တော်  မတ်   ၂၆
ထားဝယ်အကျဉ်းထောင်တွင်  လက်ကိုင်ဖုန်းတွေ့ရှိသည့်   အကြောင်း ပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသားအပါအဝင်   အကျဉ်းသား ၂၀ ကျော် ရိုက်နှက်တိုက်ပိတ်ခံထားရကြောင်း၊    ရိုက်နှက်စစ်ဆေးမှုကြောင့် အကျဉ်းသားတချို့ ခေါင်းကွဲဒဏ်ရာ၊ ခြေကျိုးဒဏ်ရာ၊  မျက်နှာဖူးရောင် ဒဏ်ရာ၊ ခန္ဓာကိုယ် အညိုအမည်းစွဲဒဏ်ရာများ ရရှိကြောင်း Myanmar Now Facebook Page က မတ် ၂၁ ရက်တွင် မဟုတ်မမှန် လုပ်ကြံ ရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍      အကျဉ်းထောင်တာဝန်ရှိသူက ရှင်းလင်းရာတွင် ထားဝယ်အကျဉ်းထောင်၌   မတ် ၁၃ ရက်က အထူး  ရှာဖွေရေး ပြုလုပ်ခဲ့ရာ အကျဉ်းသား မိုးဦး(ဘ)ဦးညီလေးခိုင်ထံမှ လက်ကိုင်ဖုန်းတစ်လုံး၊ အကျဉ်းသား မောင်မောင်ပိုင် (ခ) ပိုင်ပိုင် (ဘ) ဦးခင်မောင်ထံမှ ဖုန်းတစ်လုံး၊ မတ်  ၁၄ ရက်တွင် အကျဉ်းသား ဖြိုးမင်းကျော်(ခ)ဂန်သား (ဘ) ဦးအောင်ဝင်းနိုင်ထံမှ ဖုန်းတစ်လုံး၊ အကျဉ်းသား  ဇွဲကိုကိုနိုင်(ဘ)ဦးငြိမ်းအေးမြင့်ထံမှ  ဖုန်းတစ်လုံး၊ အကျဉ်းသား    ဝင်းကျော်  (ဘ)  ဦးတင်ဝင်းထံမှ    ဆင်းကတ်တစ်ခု၊ အကျဉ်းသား   ထွန်းဦး(ခ)   ထွန်းထွန်းဦး   (ဘ)    ဦးသန်းစိန်  ထံမှ ဖုန်းတစ်လုံး ရှာဖွေသိမ်းဆည်းရမိခဲ့သဖြင့် တားမြစ်ပိတ်ပင်ထားသည့် ပစ္စည်းများ လက်ဝယ်ထားရှိသူ၊ ပါဝင်ပတ်သက်သူ အကျဉ်းသား ရှစ်ဦးအား အကျဉ်းထောင် နည်းဥပဒေနှင့်အညီ တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ခြင်းသာရှိပြီး ရိုက်နှက်ထိုးကြိတ်ခြင်း တစ်စုံတစ်ရာမရှိကြောင်း    ပြောကြားသည်။ ယင်းအကျဉ်းသား ရှစ်ဦးတို့သည် အကြမ်းဖက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ပေါက်ကွဲစေမှု၊ လူသတ်မှု၊ မူးယစ်မှု၊ ဓားပြ တိုက်မှုတို့ဖြင့် နှစ်ကြီး ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူများသာဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now Facebook Page ၏ ဖော်ပြမှုသည် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေလိုသော သတင်းဖော်ပြမှုဖြစ်ပြီး ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ထင်ယောင်ထင်မှား ဖြစ်စေ  ရန် အဖျက်အမှောင့်ရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်းဖြစ်သည်ဟု သိရသည်။
ဝေဝေဖြိုး