နန်းမားမြို့ဘူတာရုံ၌ မီးရထားတွဲ သုံးတွဲမီးလောင်မှုဖြစ်ပွား

 

မိုးညှင်း      မတ်      ၂၁


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ မြို့မရန်အောင်ရပ်ကွက်ရှိ မီးရထားဘူတာရုံ၌ တွဲဆိုင်းထားရှိသော ရထားတွဲဆိုင်းနှစ်တွဲအနက် လူစီးရထားတွဲအား မတ် ၂၀ ရက် ညနေ ၅ နာရီ မိနစ် ၄၀ က ရထားတွဲ သုံးတွဲ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နန်းမားမြို့ မြို့မရန်အောင်ရပ်ကွက်အတွင်းရှိ မီးရထား ဘူတာရုံ သံလမ်းအမှတ် (၂) တွင် ရပ်ထားသော တွဲဆိုင်းပေါ်၌ အိမ်ခြေ ယာမဲ့များ မူးယစ်ဆေးသုံးစွဲကြရာ ကြွင်းကျန်သည့် မီးစများမှအနီးရှိ ထိုင်ခုံ (အဟောင်း) များသို့  မီးစတင်ကူးစက်လောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ  မီးလောင်မှုဖြစ်ပွားရာနေရာသို့  ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် များ၊ ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ကြရာ ညနေ ၆ နာရီ ၂၂ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။ 
အဆိုပါ မီးလောင်မှုကြောင့် မီးရထားတွဲဆိုင်း သုံးဆိုင်းပေါ်ရှိ ထိုင်ခုံ(အဟောင်း) အလုံး ၁၈၀ ခန့် မီးလောင်ဆုံးရှုံးမှုများ ဖြစ်ပွား ခဲ့ပြီး    ၎င်းမီးလောင်ဖြစ်ပွားမှုကို    အရေးယူဆောင်ရွက်နိုင်ရေးနှင့် တရားခံအား ဖမ်းဆီးရမိရေးအတွက် ဒေသနယ်မြေရဲစခန်းမှ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                         

ရွှေမိုးညှင်း