
နေပြည်တော် မတ် ၁၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ President of the Civic Chamber of the Russian Federation ၏ဖိတ်ကြားမှုအရ မြန်မာ - ရုရှားချစ်ကြည်ရေးအသင်း၏စီစဉ်ပေးမှုဖြင့် ၂၀၂၄ ခုနှစ် မတ် ၁၅ ရက်မှ ၁၇ ရက်အထိကျင်းပသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား သတင်းမှတ်တမ်းရယူရိုက်ကူးရန်နှင့် ရုရှားနိုင်ငံအတွင်း မီဒီယာပိုင်းဆိုင်ရာ ပူးပေါင်းလေ့လာရေးများဆောင်ရွက်ရန်အတွက် မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့သို့ သွားရောက်ခဲ့ကြသည်။
အဆိုပါ မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက်ပွဲ စည်းကမ်းထိန်းသိမ်းရေးဌာနချုပ်သို့ သွားရောက် ၍ ရွေးကောက်ပွဲမဲပေးမှုအခြေအနေအား ကြီးကြပ်ကွပ်ကဲနေမှုများကို လေ့လာရိုက်ကူး မှတ်တမ်းတင်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့ ဒူးမားလွှတ်တော်မှ ဥက္ကဋ္ဌဖြစ်သူ Mr. Alexsey Valerievich Shaposhnikov နှင့် တွေ့ဆုံ မေးမြန်းခြင်း၊ ရွေးကောက်ပွဲစည်းကမ်းထိန်းသိမ်းရေးဌာနချုပ်အတွင်း အွန်လိုင်းမဲပေးစနစ်နှင့် မဲပေး နေမှုများအား စောင့်ကြည့်ထိန်းသိမ်းထားမှု၊ မော်စကိုမြို့အတွင်း မဲပေးလျက်ရှိသော မဲရုံများအား စောင့်ကြည့်နေမှု၊ အီလက်ထရောနစ်စနစ်နှင့် မဲပေး သည့်စက်များနှင့် မဲပေးပုံနည်းစနစ်များ လေ့လာခြင်း၊ မော်စကိုမြို့အတွင်းရှိ မဲရုံအမှတ်(၄၁၀)နှင့် (၄၀၂)တို့တွင် ဒေသခံပြည်သူများကိုယ်တိုင်မဲပေးသည့် စနစ်နှင့် မဲပေးနေမှုများကို သွားရောက်ကြည့်ရှု လေ့လာ၍ မဲရုံများမှ တာဝန်ရှိသူများနှင့် လာရောက် မဲပေးကြသူများအား တွေ့ဆုံမေးမြန်းခြင်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို အပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာသူများအား တွေ့ဆုံမေးမြန်းခြင်း၊ ဒူးမားအထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-ool နှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည် များ မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲကို မတ် ၁၅ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတလောင်း လေးဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးချိန် တွင် Vladimir Vladimirovich Putin က ၈၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒသမ ၃၁ ရာခိုင်နှုန်း၊ Vladislav Andreevich Davankov က ၃ ဒသမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutsky က ၃ ဒသမ ၂၀ ရာခိုင်နှုန်း အသီးသီးရရှိကြောင်းနှင့် Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့ ကြောင်း သိရှိရသည်။
မြန်မာမီဒီယာအဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတရွေးကောက်ပွဲအား ယခုကဲ့သို့ သွားရောက် လေ့လာခဲ့ရသောကြောင့် ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲ ကျင်းပပုံနည်းစနစ်များ၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှု နည်းလမ်းများ၊ ရွေးကောက်ပွဲတွင် နည်းပညာ အသုံးပြုဆောင်ရွက်နေမှုများ၊ သတင်းမီဒီယာနှင့် မီဒီယာကဏ္ဍများကို လေ့လာသိရှိနိုင်မည့်အပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာသူများအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်များ၊ အတွေ့အကြုံ မျှဝေခွင့်များ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်