
ရန်ကုန် မတ် ၁၆
မြန်မာ့လက်ရွေးစင်အသင်းသည် ဧပြီလတွင်ယှဉ်ပြိုင်ရမည့် ၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် စတင် လေ့ကျင့်မည်ဖြစ်ပြီး ပဏာမကစား သမား ၂၀ ရွေးချယ်ထားသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် လိဂ်ပြိုင်ပွဲအပြီး ရက်ပိုင်းအကြာမှာပင် စတင် လေ့ကျင့်ခြင်းဖြစ်ပြီး မတ် ၁၈ ရက် တွင် စတင်လေ့ကျင့်ရန် စီစဉ်ထား ခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်က ဆက်လက် ကိုင်တွယ်မည်ဖြစ်ပြီး ဒုတိယ အကြိမ် လေ့ကျင့်ပြင်ဆင်ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ ပထမ အကြိမ် လေ့ကျင့်ခဲ့ပြီး ဖေဖော် ဝါရီဒုတိယပတ်တွင် အင်ဒိုနီးရှားနိုင်ငံသို့သွားရောက်ကာ အင်ဒိုနီးရှားကလပ်အသင်းများနှင့်ခြေစမ်း ပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ယခုဒုတိယအကြိမ် လေ့ကျင့်ရာတွင်လည်း ခြေစမ်း ပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ရန်ကုန်မြို့၌ အာဖဂန်နစ္စတန် လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲကစားမည်ဖြစ်သည်။ ထို့ပြင် အာရှဖလား ဖူဆယ်ပြိုင်ပွဲကျင်းပ မည့် ထိုင်းနိုင်ငံသို့ ကြိုတင် သွားရောက်မည်ဖြစ်ပြီးနောက်ဆုံး အဆင့် ယှဉ်ပြိုင်ခွင့်ရထားသည့် လက်ရွေးစင် အသင်းအချို့နှင့် ခြေစမ်းပွဲကစားနိုင်ရန် ကြိုးပမ်း လျက်ရှိသည်။
မြန်မာအသင်းသည် အာရှ ဖလား ဖူဆယ်ပြိုင်ပွဲ နောက်ဆုံး အဆင့်တွင် အိမ်ရှင်ထိုင်း၊ ဗီယက် နမ်၊ တရုတ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေ သည်။ ယင်းပြိုင်ပွဲကို ဧပြီ ၁၇ ရက်မှ ၂၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ် သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF