
ရန်ကုန် မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် တက္ကသိုလ် ဝင်စာမေးပွဲ သမိုင်းဘာသာရပ်နှင့် ရူပဗေဒ ဘာသာရပ်တို့တွင် ယနေ့ နံနက် ၉ နာရီက ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာဖြင့် ဖြေဆိုခဲ့ကြသည်။
တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာ ဘာသာရပ်နေ့တွင် ကျောင်းသား ကျောင်းသူ ၁၈၀၅၆ ဦး၊ အင်္ဂလိပ်စာ ဘာသာရပ်နေ့တွင် ၁၈၀၄၅ ဦး၊ သင်္ချာဘာသာရပ်နေ့ တွင် ၁၈၀၄၄ ဦး၊ ပထဝီဝင်နှင့်ဓာတု ဗေဒဘာသာရပ်နေ့၌ ကျောင်းသား ကျောင်းသူ ၁၈၀၃၄ ဦးနှင့် ယနေ့ သမိုင်းဘာသာရပ်နှင့် ရူပဗေဒ ဘာသာရပ်တို့တွင် ၁၈၀၂၉ ဦး ဖြေဆိုခဲ့ကြသည်။
ယနေ့ ဘာသာရပ်နှစ်မျိုး ဖြေဆိုသောနေ့တွင် သမိုင်းဘာသာ ရပ်အား ကျောင်းသား ကျောင်းသူ ၁၀၂၉ ဦးဖြေဆိုခဲ့ပြီး ကြည့်မြင်တိုင် မြို့နယ် အမှတ်(၁)အထက်တန်း ကျောင်း စာစစ်ဌာန၌ အမြင်အာရုံ မသန်စွမ်းသူ သုံးဦးနှင့် အင်းစိန် အကျဉ်းဦးစီးရှိ အမှတ် (၁၃) အလယ်တန်းကျောင်း စာစစ်ဌာန ၌ အကျဉ်းသား ခုနစ်ဦး သမိုင်း ဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။ ရူပဗေဒဘာသာရပ်တွင် ကျောင်း သား ကျောင်းသူ ၁၇၀၀၀ ဖြေဆိုခဲ့ ကြပြီး အမြင်အာရုံမသန်စွမ်းသူ သုံးဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ နှစ်ဦးနှင့် ကမာရွတ်မြို့နယ်၊ တာမွေမြို့နယ်၊ သာကေတမြို့နယ် နှင့် ခရမ်းမြို့နယ်တို့မှ လေးဦးတို့ သည် ဆေးရုံများမှ ဖြေဆိုခဲ့ကြ သည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် သမိုင်းဘာသာရပ်နှင့် ရူပဗေဒ ဘာသာရပ်တို့အား ဖြေဆိုခဲ့ကြ သည့် ကျောင်းသား ကျောင်းသူ ၁၈၀၂၉ ဦးတို့သည် ယနေ့တွင် လည်း ဘာသာရပ်များကို စိတ်အေးချမ်း ပျော်ရွှင်စွာဖြင့် ဖြေဆိုခဲ့ကြသည်။ ၂၀၂၄ ခုနှစ် ၏ တက္ကသိုလ်ဝင်စာမေးပွဲသည် Grade 12 သင်ရိုးသစ်၊ စနစ်သစ် ဖြင့် ဖြေဆိုရခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများ သက်ဆိုင်ရာ ဘာသာရပ်များနှင့် မေးခွန်းပုံစံများကို သိရှိနားလည် စေရန် ဆရာ ဆရာမများအား သင်တန်းများ ပို့ချပေးခဲ့သည့် နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade 12 သင်ရိုး သစ်နှင့်ပတ်သက်သည့် ဘာသာ ရပ်အလိုက် မေးခွန်းပုံစံများကို လည်း ကျောင်းများ၌ လေ့ကျင့် သင်ကြားပေးခဲ့ရာ နွေရာသီ ကျောင်းပိတ်ရက်တွင်လည်း သင်ရိုး သစ်ဘာသာရပ်များနှင့် စပ်လျဉ်း ၍ ဆရာ ဆရာမများအား မွန်းမံ သင်တန်းများအဖြစ် လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ် ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - မောင်သီဟ