သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင် ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော် မတ် ၁၄ 
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ ကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One  Stop  Service  ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊  နယ်စပ်ကုန်သွယ်ရေးရုံးနှင့်   စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက် နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို  ထိရောက်စွာ   ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီအတွင်း သတင်းရရှိမှု ၈၇ ကြိမ်ရရှိခဲ့ပြီး သတင်းမှား ငါးကြိမ်၊ နောက်ကျသတင်း နှစ်ကြိမ်နှင့် ဖမ်းဆီးရမိမှုအကြိမ် ၈၀ ဖြစ် သည်။ ဖမ်းဆီးရမိမှု အမှုတွဲ(၁၄၄)မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ တိရစ္ဆာန်အရှင်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း များနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်းအမျိုးအစား ၂၆၀ အပါအဝင် ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၇ ဒသမ ၈၂၀ သန်းနှင့် တရားမဝင်ကုန်စည်များ  တင်ဆောင်လာသည့်   မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။
သတင်းပေးတိုင်ကြားခဲ့သည့်   တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် ၄၀၁၇ ဒသမ ၈၂၀ သန်း၏ ၂၀ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၈၀၃ ဒသမ ၅၆၄ သန်းကို  သတင်းပေးဆုကြေးငွေ အဖြစ်  ချီးမြှင့်ပေးသွားမည်ဖြစ်သည်။   ဆုကြေးများနှင့်ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက    မြန်မြန်ဆန်ဆန်    ချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်  ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ လည်း လစဉ်သတင်းထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ် မှုသတင်းများနှင့် ပတ်သက်၍   လက်ကိုင်ဖုန်း - ၀၉ - ၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ် - ၀၆၇ - ၄၀၉၈၈၃  နှင့်     အီးမေးလ် antiillegaltradeinfo@gmail.com  သို့   သတင်းပေးပို့တိုင်ကြားနိုင် ကြောင်း သိရသည်။                                                  

 သတင်းစဉ်