TNLA အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး စစ်သင်တန်းတက်ရောက်လိုခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက် လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

 

နေပြည်တော်   မတ်   ၁၃
TNLA အဖွဲ့များသည် ဒေသခံတိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်သင်တန်းများတက်ရောက်စေပြီး စစ်မှုတာဝန် များ   ထမ်းဆောင်စေခြင်းကြောင့်   သောင်းကျန်းသူအဖွဲ့တွင် တာဝန် ထမ်းဆောင်လိုခြင်းမရှိသော   တိုင်းရင်းသားလူငယ်များ   ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။
ထိုသို့ TNLA အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး  စစ်သင်တန်းတက်ရောက် လိုခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသား လူငယ်များအား  ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို   ယနေ့နံနက်ပိုင်းတွင်   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ထွက်ပြေး လွတ်မြောက်လာသည့်    ဒေသခံတိုင်းရင်းသားလူငယ်များနှင့်   မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြား သည်။ ထို့နောက်    တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားလူငယ် လေးဦးကို   တစ်ဦးလျှင် တစ်ဆယ်သိန်းကျပ်စီ ထောက်ပံ့ပေးအပ်ရာ တိုင်းရင်းသားလူငယ်များက လက်ခံရယူကြပြီး  ၎င်းတို့၏ မိဘအုပ်ထိန်းသူတစ်ဦးက    ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။ ယင်းနောက်  တိုင်းစစ်ဌာနချုပ်မှ   တာဝန်ရှိသူများက   ဒေသခံ တိုင်းရင်းသားလူငယ်များအား  ရင်းရင်းနှီးနှီး  တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။              သတင်းစဉ်