
ပဲခူး မတ် ၁၃
ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေချုပ်နှင့် ဥပဒေအရာရှိများ က ပဲခူးတက္ကသိုလ် ဥပဒေပညာဌာနသို့ ဥပဒေစာအုပ်စာတမ်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပဲခူးတက္ကသိုလ်ရှိ စန္ဒကူးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်က ဥပဒေပညာရပ်သည် လွန်စွာမှကျယ်ဝန်းနက်ရှိုင်းလှကြောင်း၊ ဥပဒေ ရေးရာဝန်ကြီးဌာနမှာ “ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသော” ဆိုသည့် ဆောင်ပုဒ်ထားရှိပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ ဆင်ခြင် စဉ်းစားသူတို့ မွေးဖွားရာနေရာဖြစ်သည့်အတွက် ဥပဒေကျောင်းသား၊ ကျောင်းသူများအနေဖြင့် လှူဒါန်းထားသည့် ဥပဒေပညာစာအုပ် စာတမ်းများကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြမည်ဆိုလျှင် လှူဒါန်းသူများကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဥပဒေချုပ်က ဥပဒေပညာဌာနသို့ ဥပဒေစာအုပ် ၁၆၈ အုပ် ပေးအပ်လှူဒါန်းရာ ပဲခူးတက္ကသိုလ် ဥပဒေ ပညာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာမြင့်ဆွေက လက်ခံရယူသည်။ ထို့နောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်နှင့် ပဲခူး တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်ဆွေ တို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်( ပြန်/ဆက်)