MIU အသင်းက Generations ကို အနိုင်ယူ MFF ဖူဆယ်လိဂ်-၁ Play-off ဗိုလ်လုပွဲတက်ရောက်

 

ရန်ကုန်  မတ်   ၈


MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ Play-off ဆီမီးဖိုင်နယ်ပွဲစဉ်ကို မတ် ၈ ရက် က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပရာ  MIU  အသင်းက Generations  အသင်းကို  လေးဂိုးပြတ် အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်သွားသည်။ 


ဆီမီးဖိုင်နယ် ပထမဆုံးပွဲတွင် အဆင့် ၂ နေရာရခဲ့သည့် MIU အသင်း အနိုင်ရခဲ့သဖြင့် နောက်ပွဲထပ်မံကစားရန်မလိုဘဲ ဗိုလ်လုပွဲတက်ရောက် ခွင့်ရခဲ့ခြင်းဖြစ်သည်။ ဒုတိယအကျော့အပြီးတွင် အဆင့် ၂ နေရာရသည့် MIU အသင်းက  ပထမဆုံးပွဲအနိုင်ရခဲ့သဖြင့်  ဗိုလ်လုပွဲတက်ရောက်ခဲ့ ခြင်းဖြစ်ပြီး အဆင့် ၃ နေရာရသည့် Generations အသင်း အနိုင်ရပါက နောက်ပွဲများ ထပ်မံကစားရမည်ဖြစ်သည်။


MIU အသင်းသည် ပထမပိုင်းသွင်းဂိုးများဖြင့်   အနိုင်ရခဲ့ခြင်းဖြစ်ပြီး  အနိုင်ဂိုးများကို   နှစ်မိနစ်တွင် ကျော်ကျော်ထွန်း၊ ကိုးမိနစ်တွင် ဇော်ဝင်း ဖြိုး၊ ၁၀ မိနစ်တွင် အမ်ပိုလ်နှင့် ၁၁ မိနစ်တွင် မျိုးသက်အောင်တို့က သွင်းယူခဲ့သည်။ MIU အသင်းသည် ယခုရာသီ ပထမအကျော့နှင့် ဒုတိယ အကျော့တွေ့ဆုံရာတွင်  Generations   အသင်းကို   နှစ်ကျော့စလုံး အရေးနိမ့်သော်လည်း Play-off ဆီမီး ဖိုင်နယ် ပြန်လည်တွေ့ဆုံရာတွင် ရှုံးကြွေးပြန်ဆပ်ပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။


ဗိုလ်လုပွဲအဖြစ် VUC အသင်းနှင့် MIU  အသင်းတို့  ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပထမပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ပထမဆုံးပွဲတွင် VUC အသင်း အနိုင်ရပါက နောက်ပွဲထပ်ကစားရန် မလိုဘဲ ချန်ပီယံဆုရယူနိုင်မည်ဖြစ်ပြီး  MIU  အသင်း   အနိုင်ရပါက နောက်ပွဲ ထပ်မံကစားရမည်ဖြစ်သည်။ နောက်ပွဲထပ်ကစားရပါက မတ် ၁၃ ရက်နှင့် ၁၅ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-MFF