
မန္တလေး မတ် ၈
ပြည်တွင်းပြည်ပဝယ်လိုအားကြောင့် မြန်မာထွက်ကုန် ကုလားပဲသစ်များ မန္တလေးဈေးကွက်အတွင်း အရောင်း အဝယ်သွက်လက်ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည် များထံမှ သိရသည်။
အဆိုပါ ကုလားပဲသစ်များသည် မန္တလေးဈေးကွက်အတွင်း သို့ ကျောက်ဆည်၊ မုံရွာ၊ စစ်ကိုင်း၊ ပုသိမ်ကြီး၊ ရွှေဘို၊ သဲတော၊ ဝမ်းတွင်း စသည့်နယ်များမှ ဝင်ရောက်လာကြောင်း၊ ကုလားပဲ အုပ်စုဝင် ပဲအမျိုးအစားများအနေဖြင့် V2၊ V7၊ 929၊ မြကြေးမုံ၊ ဗမာကုလားပဲများ ဟူ၍ရှိကြောင်း၊ လက်ရှိအချိန်တွင် ဈေးနှုန်းများအနေဖြင့် V2 သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅ဝ၀၀၀၊ V7 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၅ဝ၀၀၀၊ 929 ၊ မြကြေးမုံနှင့် ဗမာကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၃၈၀၀၀ ပေါက်ဈေးများဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ ကောင်းနေ ကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်း မြင့်က ပြောသည်။
‘‘မန္တလေးဈေးကွက်ထဲမှာ ကုလားပဲအုပ်စုဝင် ပဲအမျိုးအစားတွေ အရောင်းအဝယ်တွေ ကောင်းနေ ပါတယ်။ ခုချိန်မှာ ကုလားပဲသစ်တွေ မန္တလေး ဈေးကွက်ကို လှိုင်လှိုင်ဝင်ရောက်နေပါတယ်။ အိတ် အရေအတွက်နဲ့ဆိုရင် တစ်နေ့ကို ၃၀၀၀ ကျော်လောက် ဝင်ပါတယ်။ ခုချိန် လှိုင်လှိုင်ထွက်ပေါ်နေတာတောင် ဈေးနှုန်းမကျဘဲ အရောင်းအဝယ်တွေ ကောင်းနေ တယ်။ ပြီးခဲ့တဲ့ နှစ်ထက်စာရင် တောင်သူတွေ အကျိုး ရှိတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ကုလားပဲကို နှစ်စဉ် ဝယ်ယူနေတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်၊ ပါကစ္စတန်နိုင်ငံတွေက ဝယ်ယူနေပါတယ်။ ကုလားပဲက မြန်မာလူမျိုးတွေရဲ့ အကြိုက်နှစ်သက် ဆုံး ပဲမျိုးအစားဖြစ်တယ်။ စားတဲ့နေရာမှာလည်း အာဟာရဖြစ်တဲ့အပြင် အရသာမှာလည်း ကောင်းမွန် တဲ့အတွက် မြန်မာလူမျိုးတွေဟာ ကုလားပဲကို မျိုးစုံ လုပ်စားကြပါတယ်။ အလှူအတန်းတွေမှာလည်း မပါမဖြစ် ကြိုက်နှစ်သက်တဲ့ပဲပါ။ ကုလားပဲကို ပြည်တွင်းစားသုံးမှုအတွက် အများဆုံးစိုက်ပျိုးပါ တယ်။ ဒီနှစ်က အထွက်နှုန်းလည်း ကောင်းပါတယ်’’ ဟု ၎င်းက ပြောသည်။
ကုလားပဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိကထား စိုက်ပျိုးကြကြောင်း၊ ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ ပြည်တွင်းစားသုံးရန် အများဆုံးစိုက်ပျိုးကြပြီး လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပ ဝယ်လိုအားကြောင့် မန္တလေး ပဲဈေးကွက်၌ အဆိုပါကုလားပဲသစ်များ အရောင်း အဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)