
မုံရွာ မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို မတ် ၆ ရက်က မုံရွာမြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်၊ ရပ်ကွက်ကျေးရွာများအလိုက် လုံခြုံရေး အထောက်အကူပြုနိုင်ရန်အတွက် ပြည်သူ့စစ်အဖွဲ့ များ ဖွဲ့စည်းနိုင်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ဆန့်ကျင် ဘက်အဖွဲ့အစည်းများမှ ကောလာဟလများ ထုတ်လွှင့်နေခြင်းကြောင့် ဝန်ထမ်းများ၊ ပြည်သူများ သတင်းမှန် သိရှိနိုင်စေရေး ရှင်းလင်းဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့၊ အစိုးရ၊ ဌာနဆိုင်ရာနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့အပြင် စိုက်ပျိုးရေးတွင် အဓိကသီးနှံများ စိုက်ဧကပြည့်မီအောင်စိုက်ပျိုး၍ ပန်းတိုင်အထွက် နှုန်းရရှိရေး၊ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း နိုင်ရေး၊ ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြင့် ဖြန့်ဖြူးရောင်းချပေး၍ သီးနှံအထွက်နှုန်း တိုးမြှင့်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လျာထားအခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရန် နှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အတွင်း စံချိန်စံညွှန်းမီပြီးစီးရေး၊ အဆောက်အအုံ စာရင်းများကောက်ခံမှု သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ များ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးတို့ကို လည်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေး ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ခရိုင်/ မြို့နယ်များအတွင်း ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်း များကို ဆွေးနွေးတင်ပြကြပြီးနောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်များအတွင်း ရှိ မြို့နယ်များ၌ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)