
အားမာန်ခိုင်ဖြီး ဒို့အမျိုးသမီး
i ပင်ကိုမူရာ၊ နူးညံ့စွာမို့
ဘာသာဘာဝ၊ လှချင်ကြသော်
ခြယ်သကြလေ၊ နုနွဲ့လေလည်း
စာပေထင်ရှား၊ နှုတ်စကားတို့
တင်စားပြက်ပြက်၊ စဉ်မပျက်တည့်
ပုခက်လွှဲသော လက်ပိုင်ရှင်များ...။
လေးစားထိုက်ပေသည်တကား...။
i စာပေနယ်မှာ၊ အယ်ဒီတာဟု
ပညာသမ္ဘာ၊ စာဝမ်းစာနှင့်
ထည်ဝါသန့်ရှင်း၊ စာဂုဏ်သင်းအောင်
လျော့တင်းပိုလို၊ စာမွှေးချိုအောင်
တိုရှည်မျှတ၊ စာပိုလှအောင်
ချိန်ဆပြုရာ၊ ရှေးဦးစွာတည့်
သူငါလေးစား စာနယ်တွင်...။
အားလုံးသိကြ ဒေါ်ဖွားရှင်...။
i ကမ္ဘာ့စာပေ၊ ရှုကြည့်ချေလည်း
“လေရူးသုန်သုန်”
တစ်ဖုံသိကြ၊ ပြန်ဆိုပြ၍
မူလရေးသူ၊ ဖန်တီးသူမှာ
“မာဂရက်မစ်ချယ်” မိန်းမသား...။
ကမ္ဘာတစ်လွှား လွန်ထင်ရှား။
i မိန်းမစာဆို၊ ညွှန်းပါလို၏
မိညိုမိဖြူ၊ နန်းတွင်းသူနှင့်
မှတ်ယူမယ်ခွေ၊ ရှေးပဝေတည့်
စာပေခေတ်သက်၊ အဆက်ဆက်ဝယ်
မပျက်ထွန်းပေါ်၊ ကျော်မြဲကျော်သည်
တော်ကြတတ်ကြ အမျိုးသမီးများ...။
i ရှေးယခင်မှ၊ ခုကာလထိ
ကမ္ဘာ့မော်ကွန်း၊ ထင်ပေါ်ထွန်းသည့်
အမွှမ်းတင်ထား၊ မိန်းမများနှယ်
ထင်ရှားပေစွ၊ မြန်မာမတို့
ကာယဉာဏ၊ အစစဝယ်
ညွှန်းပြစရာ၊ များလှစွာတည့်။
i ဪ...
တော်ကြတတ်ကြ၊ နှလုံးလှနှင့်
မြန်မာ့မြေဖွား၊ မိန်းမသားဟု
ထင်ရှားဖြစ်တည်၊ အလီလီသို့
ချိုကြည်ခွန်းမြ၊ ကဗျာလှဖြင့်
မှန်းဆအလေးပြုပါကြောင်း...။ ။
ဘိုမျိုး(ရွှေဘို)