
နေပြည်တော် မတ် ၇
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ် ဝူရှူးအားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမား များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား သမား မောင်/မယ်များသည် မိမိ တို့၏ အစွမ်းအစအရည်အသွေး များကို အစွမ်းကုန်ဖော်ထုတ် ပြသပြီး မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင် သည့်အသင်း အောင်နိုင်ရေး အတွက် အနိုင်မခံ အရှုံးမပေးသော ဇွဲ၊ စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစား ကြစေလိုကြောင်း၊ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် စည်းကမ်းနှင့်အညီ ပြောဆိုနေထိုင် ဆက်ဆံကြပြီး ပြည်ထောင်စု စိတ်ဓာတ်ကို ဖော်ဆောင်သွားကြ ရန်နှင့် သတ်မှတ်ထားသော ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာ၍ နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ် လာအောင် ကြိုးစားသွားကြစေ လိုကြောင်း ပြောကြားပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲ ဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆို ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် ပြိုင်ပွဲဝင်အားကစား အသင်းများမှ အားကစားသမား များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး အမျိုးသမီး အသက်(၁၂)နှစ်နှင့်အထက် ဝူရှူး ထောက်လု (ချန်းချွမ်) ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး ဝူရှူး ဆန်းဆို(အတိုက်)ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုကို ကြည့်ရှုအားပေးကြ သည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူး ပြိုင်ပွဲကို မတ် ၇ ရက်မှ ၁၁ ရက် အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသွားမည်ဖြစ်ပြီး ဝူရှူး အားကစားနည်းကို စိတ်ပါဝင်စား သည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။
သတင်းစဉ်